Home
နိုင်ငံတကာ
ရုရှားလေကြောင်းကာကွယ်ရေးစနစ်ကို ဖျက်ဆီးနိုင်ခဲ့သည့်အပေါ် ယူကရိန်းသမ္မတ ချီးကျူး
DVB
·
September 15, 2023

သိမ်းပိုက်ထားတဲ့ ခရိုင်းမီးယားကျွန်းဆွယ်မှာ ရုရှားလေကြောင်းကာကွယ်ရေးစနစ်ကို ယူကရိန်းက ဖျက်ဆီးလိုက်တဲ့အပေါ် သမ္မတ ဗိုလိုဒီမာ ဇလန်းစကီးက စက်တင်ဘာ ၁၄ ရက်က ချီးကျူးခဲ့ပါတယ်။

ယူကရိန်းတပ်ဖွဲ့တွေဟာ သိမ်းပိုက်ထားတဲ့ ခရိုင်းမီးယား အနောက်ဘက်ရှိ ယက်ဗ်ပတိုးရီးယားမြို့အနီးမှာ ရုရှားလေကြောင်းရန်ကာကွယ်ရေးစနစ်တွေကို ကြာသပတေးနေ့က ညတွင်းချင်း တာဝေးပစ်တိုက်ခိုက်မှုမှာ ချေမှုန်းခဲ့တယ်လို့ ယူကရိန်းစစ်တပ်က ပြောပါတယ်။

ဇလန်းစကီးဟာ သူ့ရဲ့ ညစဉ် ဗီဒီယိုမက်ဆေ့ချ်မှာ ယူကရိန်း လုံခြုံရေးတပ်ဖွဲ့ဝင်တွေနဲ့ ရေတပ် တပ်ဖွဲ့ဝင်တွေကိုလည်း အထူးတလည် ဖော်ပြ ချီးကျူးခဲ့တာပါ။

သမ္မတ ဇလန်းစကီးက “ခရိုင်းမီးယားမြေမှာ ကျူးကျော်သူရဲ့ လေကြောင်းရန်ကာကွယ်ရေး စနစ် ဖျက်ဆီးခံခဲ့ရတာကြောင့် ယူကရိန်းအတွက် တိုက်ပွဲဝင်သူအားလုံးကို ဂုဏ်ပြုပြီး ကူညီပေးတဲ့သူတိုင်းကို ကျေးဇူးတင်ပါတယ်” လို့ ပြောသွားပါတယ်။

ယူကရိန်း တင့်ကားတပ်သားတွေ အားလုံးကိုလည်း ကျေးဇူးတင်ပြီး တင့်ကားတပ်ဖွဲ့တွေကလည်း ပိုပြီးခေတ်မီဆန်းသစ်တဲ့ တင့်ကားတွေကို လေ့လာ အသုံးချပြီးတော့ စွမ်းရည်တွေ တိုးတက်နေဖို့က အရေးကြီးတယ်လို့လည်း ဆိုပါတယ်။

ရုရှားနိုင်ငံရဲ့ ကာကွယ်ရေးဝန်ကြီးဌာနကတော့ ခရိုင်းမီးယားကျွန်းဆွယ်မှာ သူ့ရဲ့ လေကြောင်းရန်ကာကွယ်ရေးတပ်ဖွဲ့တွေဟာ ဒရုန်း ၁၁ စင်းကို ညတွင်းချင်း ပစ်ချခဲ့ကြောင်း ထုတ်ပြန်ပြောဆိုထားပြီး ထိခိုက်ပျက်စီးမှု တစုံတရာကိုတော့ မဖော်ပြထားပါဘူး။

Source/Photo-Reuters

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024