Home
မြန်မာသတင်း
ဓာတ်ပုံသတင်းထောက်ကို နှစ်ရှည်ထောင်ဒဏ်ချမှု သတင်းသမားများအပေါ် ခြိမ်းခြောက်ခြင်းဖြစ်ဟု  သုံးသပ်
DVB
·
September 7, 2023

Myanmar Now သတင်းဌာန ဓာတ်ပုံသတင်းထောက် ကိုစိုင်းဇော်သိုက်ကို စစ်ကောင်စီက ထောင်ဒဏ် နှစ် ၂၀ ချမှတ်လိုက်တာဟာ သတင်းသမားတွေအပေါ် အငြိုးကြီးကြီးနဲ့ ခြိမ်းခြောက်နေတာဖြစ်တယ်လို့ ဝါရင့်သတင်းစာဆရာတွေနဲ့ ဥပဒေကျွမ်းကျင်သူတွေက သုံးသပ်ပါတယ်။

ရခိုင်ပြည်နယ်မှာ တိုက်ခိုက်ခဲ့တဲ့ မိုခါမုန်တိုင်းဖြစ်စဉ်အတွင်း သတင်းရယူဖို့ ကြိုးစားခဲ့တဲ့ Myanmar Now သတင်းဌာနရဲ့ ဓာတ်ပုံသတင်းထောက် ကိုစိုင်းဇော်သိုက်ကို စစ်ကောင်စီက မေလ ၂၃ ရက်မှာ ဖမ်းဆီးခဲ့ပြီး စက်တင်ဘာ ၆ ရက်မှာ အင်းစိန်ထောင်တွင်း တရားရုံးက အလုပ်ကြမ်းနဲ့ ထောင်ဒဏ် နှစ် ၂၀ ချမှတ်ခဲ့တာဖြစ်ပါတယ်။

Myanmar Now သတင်းဌာနရဲ့ သတင်းတွေက စစ်ကောင်စီဘက်မှာ ထိခိုက်မှုတွေရှိခဲ့တာကြောင့် အငြိုးနဲ့ အခုလို အမြင့်ဆုံးပြစ်ဒဏ်ကို ချမှတ်တာဖြစ်နိုင်တယ်လို့ ဝါရင့်သတင်းစာ ဆရာတစ်ယောက်က သုံးသပ်ပါတယ်။

“Myanmar Now က သတင်းသမားတွေကို ဖမ်းမိတဲ့အခါ အပြစ်ပေးဖို့က ပြီးခဲ့တဲ့ ၂ နှစ်ကျော်အတွင်း  နောက်ပိုင်းမှာ သူတို့က ဆန္ဒပြင်းပြနေတယ်လို့ ယူဆရတယ်၊ လက်စားချေဖို့ပေါ့ လွယ်လွယ်ပြောရင်။ Myanmar Now သတင်း တင်ဆက်မှုတွေက သူတို့ကို ထိခိုက်ရတယ် ဆိုတဲ့ဟာမျိုးနဲ့ လက်စားချေဖို့ သူတို့ စိတ်စောနေတယ်၊ အဲဒီတော့ မိတဲ့သူအပေါ်မှာ အားလုံးပုံချပြီးတော့ ပြစ်ဒဏ်အများကြီးပေးတာပေါ့နော်၊ ဖမ်းဆီးတဲ့ကိစ္စကတော့ ရခိုင်မှာ ဖြစ်တဲ့ ကိစ္စပေါ့၊ သို့ပေမဲ့ အရင် သတင်းပို့တယ် လုပ်ကိုင်တယ်ဆိုတဲ့ဟာတွေနဲ့ပါ ထပ်ပြီးအငြိုးနဲ့ ပေါင်းပြီးတော့ ထပ်စွဲတာလို့ ယူဆရတယ်။ သတင်းသမားတွေအားလုံးကို သူတို့က အပြစ်ပေးချင်တဲ့ဆန္ဒ သူတို့မှာရှိတာ အမှန်ပဲ။ သတင်းသမား ဆိုတာလေ ဒီပြည်ပအခြေစိုက်တဲ့ သတင်းသမားတွေ ဒါမှမဟုတ်လည်း ပြည်တွင်းက သတင်းသမားတွေ ထပ်မလုပ်ရဲအောင် ပြည်ပ သတင်းဌာနတွေအတွက် မလုပ်ရဲအောင် ဒီသတင်းစကားက တော်တော်လေး ကြောက်လန့်စေအောင် ခြိမ်းခြောက်တယ်လို့ ယူဆရတာပေါ့။”

ကိုစိုင်းဇော်သိုက်က ၂၀၁၀ ပြည့်နှစ်မတိုင်ခင်ကတည်းက ဧရာဝတီ၊ 7  days  စတဲ့ ပြည်တွင်းသတင်းဌာနတွေမှာ အချိန်အကြာကြီးလုပ်ကိုင်ခဲ့တဲ့ စီနီယာဓာတ်ပုံသတင်းထောက် တစ်ယောက် ဖြစ်ပါတယ်။

လက်ရှိမှာတော့ Myanmar Now သတင်းဌာနမှာ ဓာတ်ပုံသတင်းထောက်အဖြစ်နဲ့ ပြည်တွင်းမှာ နေထိုင်ရင်း  သတင်းဓာတ်ပုံတွေ ပေးပို့နေခဲ့တာဖြစ်ပါတယ်။

အခုလို သတင်းသမားတစ်ယောက်ကို အမြင့်ဆုံးပြစ်ဒဏ်ချမှတ်တာက စစ်ကောင်စီရဲ့ လုပ်ရပ်တွေကို အမှန်တိုင်း ဖော်ပြနေတဲ့ သတင်းသမားတိုင်းကို ခြိမ်းခြောက်တာဖြစ်တယ်လို့ လုပ်ဖော်ကိုင်ဖက် ဓာတ်ပုံသတင်းထောက်တစ်ယောက်က ပြောပါတယ်။

“ကိုစိုင်းဇော်သိုက် အပါအဝင် သတင်းထောက်တယောက်ကို အခုလို ထောင်ဒဏ် နှစ် ၂၀ နဲ့ အလုပ်ကြမ်းချလိုက်တယ်ဆိုတာက ကျနော်တို့ ရေးလိုက် ရိုက်လိုက်တဲ့ သတင်းတွေ၊ သတင်းဓာတ်ပုံတွေကြောင့် impact ကြီးလာနိုင်တဲ့အတွက် သူတို့ အဲဒီလိုမဖြစ်စေချင်ဘူး။ အဲဒီအတွက်ကြောင့် တကယ်ကို ရည်ရွယ်ချက်ရှိရှိ အငြိုးကြီးကြီးနဲ့ သူတို့ လုပ်ဇာတ်တွေ မဟုတ်တမ်းတရားတွေကို အရင်းတိုင်း တင်ဆက်နေတဲ့ မီဒီယာသမားတွေကို ငါတို့ရဲ့လုပ်ရပ်တွေကို ဖော်ပြရင် ဒီလိုခံရမယ်ကွလို့ ပြချင်လို့ ဒီလိုထောင်ဒဏ် ရက်ရက်စက်စက် ချတယ်လို့ ကျနော်တော့ ယူဆတယ်။”

ကိုစိုင်းဇော်သိုက်ကို သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဥပဒေ ပုဒ်မ ၂၇။ ဆူပူအောင် လှုံ့ဆော်မှုဆိုင်ရာ ရာဇသတ်ကြီး ဥပဒေပုဒ်မ ၅၀၅ – က၊ ဆက်သွယ်ရေးဥပဒေ ပုဒ်မ ၆၆ (ဃ)၊ နဲ့ နိုင်ငံတော်အကြည်ညိုပျက်စေမှုဆိုင်ရာ ဥပဒေ ပုဒ်မ ၁၂၄ တို့နဲ့ တရားစွဲဆိုခဲ့တာဖြစ်ပြီး တောင်ဒဂုံမြို့နယ်တရားရုံးမှာ ရမန်ယူကာ အင်းစိန်ထောင်တွင်း စစ်ခုံရုံးက ပြစ်ဒဏ်ချမှတ်ခဲ့တာ ဖြစ်ပါတယ်။

ဥပဒေကျွမ်းကျင်သူတဦးက “စစ်ခုံရုံးကိုတင်ရင် ရှေ့နေ့တယောက်အနေနဲ့ ချေပခွင့်ရော ပြစ်မှုကျူးလွန်သူလို့ ယူဆရတဲ့သူက ကိုယ်တိုင် ချေပခွင့်ရော မရှိပါဘူး။ မှန်သည်ဖြစ်စေ မှားသည်ဖြစ်စေ စွဲဆိုထားတဲ့ ပုဒ်မရဲ့ အမြင့်ဆုံး၊ ဖမ်းဆီးတရားစွဲဆိုပြီး ထောင်ဒဏ်ချတဲ့နေရာမှာ ဥပဒေနဲ့အညီ တရားဝင်အဖွဲ့အစည်းတခုခုက တရားစွဲတယ်ဆိုရင် တရားမျှတတယ်၊ မမျှတဘူး ဆိုတာကို သုံးသပ်တာက ပိုအဓိပ္ပာယ်ရှိမှာဖြစ်ပြီးတော့ တရားဝင်ဖွဲ့စည်းထားတာ မဟုတ်သလို ဥပဒေမဲ့ ပြုကျင့်ပြီး တရားစွဲ ထောင်ချတာဆိုရင်တော့ ဘယ်သူ့ကို တရားစွဲစွဲ ဘယ်ပုဒ်မပဲ တပ်တပ် တရားလည်း မဝင်သလို တရားမျှတပါတယ်လို့ ဘယ်လောက်ပြောပြော ဥပဒေကို ခုတုံးလုပ် အသုံးချပြီး ကိုယ့်အတွက် အကာအကွယ်ယူတဲ့သူတွေလိုပဲ၊ ဒါ့ကြောင့် တရားမျှတလားလို့ မေးစရာကို မလိုပါဘူး”လို့ ပြောပါတယ်။

ကိုစိုင်းဇော်သိုက်ကို ဖမ်းဆီးတဲ့ ၃ လတာ ကာလအတွင်းမှာ မိသားစုနဲ့ တွေ့ခွင့်မပေးသလို ခုံရုံးတင် စစ်ဆေးတော့မှာလည်း ရှေ့နေ ခေါ်ခွင့် မရဘူးလို့  Myanmar Now  ကထုတ်ပြန်ထားပါတယ်။

သူ့ကို ထောင်ဒဏ် ချမှတ်လိုက်တာဟာ မြန်မာစစ်ခေါင်းဆောင်တွေရဲ့အောက်မှာ သတင်းလွတ်လပ်ခွင့်က လုံး၀ပျက်သုဉ်းသွားပြီး အမှီအခိုကွင်းတဲ့ သတင်းသမားတွေ သူတို့အလုပ်အတွက် ကြေးကြီးကြီး ပေးဆပ်နေရတာကို ပြသနေတယ်လို့ အယ်ဒီတာချုပ် ကိုဆွေ၀င်းက ထုတ်ပြန်ချက်မှာ ပြောဆိုထားပါတယ်။

ကိုစိုင်းဇော်သိုက်အပေါ် အခုလို ထောင်နှစ် ၂၀ ချမှတ်တာကို သတင်းသမားများ ကာကွယ်စောင့်ရှောက်ရေးကော်မတီ  (CPJ) နဲ့ လူ့အခွင့်အရေးလေ့လာစောင့်ကြည့်ရေးအဖွဲ့ (HRW) တို့က ကန့်ကွက်ထားပြီး ပြစ်ဒဏ်ကနေ လွှတ်ပေးဖို့ တောင်းဆိုထားပါတယ်။

စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ပိတ်သိမ်းခံရတဲ့ သတင်းစာတိုက် ၁၄ ခုထဲမှာ ဒီဗွီဘီနဲ့ Myanmar Now သတင်းဌာနတို့လည်း ပါဝင်ပါတယ်။

လက်ရှိအချိန်ထိ နိုင်ငံတဝန်းရှိ  အကျဥ်းထောင်အသီးသီးမှာ သတင်းသမား အယောက် ၅၀ ကျော်ကို ဆက်လက်ဖမ်းဆီး ထိန်းသိမ်းထားဆဲ ဖြစ်ပါတယ်။

ဒါ့အပြင် ဖမ်းဆီးခံရပြီးနောက် စစ်ကြောရေးမှာ သေဆုံးသွားတဲ့ ဓာတ်ပုံဆရာ ၂ ဦးနဲ့ တိုက်ပွဲအတွင်း သေဆုံးခဲ့ရတဲ့ သတင်းထောက် ၂ ဦးရှိတာကြောင့် စစ်တပ်ကြောင့် သေဆုံးသွားရတဲ့ သတင်းထောက် ၄ ဦးရှိပါတယ်။

မြန်မာနိုင်ငံဟာ ကမ္ဘာပေါ်မှာ သတင်းသမားတွေကို ဖမ်းဆီးထောင်ချတဲ့နေရာမှာ တရုတ်နဲ့ အီရန်ပြီးရင် တတိယမြောက် အဆိုးဝါးဆုံး ဖြစ်တယ်လို့  (CPJ) က သတ်မှတ်ထားပါတယ်။

ဝေဝေ

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024