ယူကရိန်းနိုင်ငံ မြို့တော် ကိယက်ဗ်ကို သြဂုတ် ၃၀ ရက်က ကြီးမားတဲ့ ရုရှားဒုံးကျည်နဲ့ မောင်းသူမဲ့လေယာဉ်တွေနဲ့ တိုက်ခိုက်မှုကြောင့် အနည်းဆုံး လူ ၂ ဦး သေဆုံးပြီး ၂ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ အရာရှိတွေက ပြောပါတယ်။
လေကြောင်းရန် ကာကွယ်ရေးကြောင့် ပျက်စီးသွားတဲ့ ပစ်မှတ်တွေဆီက အပျက်အစီးတွေဟာ မြို့တော်ရှိ အဆောက်အအုံများစွာပေါ်ကို ပြုတ်ကျခဲ့ပြီး လူ ၂ ဦးရဲ့ ရုပ်အလောင်းတွေကို လူနေအိမ်မဟုတ်တဲ့ အဆောက်အဦတခုမှာ တွေ့ရှိခဲ့ကာ လူတဦးဟာ မှန်အကွဲစတွေနဲ့ ဒဏ်ရာရရှိခဲ့ကြောင်း မြို့တော်ဝန် ဗစ်တာလီကလစ်ရှ်ကိုက ပြောပါတယ်။
မြို့တော်ရှိ နေရာ ၄ ခုမှာ အပျက်အစီးတွေ ပြိုကျခဲ့ကြောင်းလည်း မြို့တော်ဝန်က ဆိုပါတယ်။
ဒုံးကျည်အပိုင်းအစတွေကြောင့် ပုဂ္ဂလိကအိမ် ၆ လုံး ပျက်စီးခဲ့ပြီး လူအများအပြား ဒဏ်ရာရရှိခဲ့ကြောင်း ကိယက်ဗ်ဒေသရှိ တာဝန်ရှိသူတွေက အစီရင်ခံတင်ပြခဲ့ကြပြီး အပျက်အစီးတွေကြောင့် အဆောက်အဦများစွာ ပျက်စီးခဲ့ကြောင်း ကိယက်ဗ် အာဏာပိုင်တွေက ပြောကြားခဲ့ပါတယ်။
ကိယက်ဗ်ဒေသ ရဲတပ်ဖွဲ့အကြီးအကဲ အန်ဒရီနက်ဘီတို့ဗ်က ထုတ်ပြန်တဲ့ ဓာတ်ပုံတွေမှာ အခင်းဖြစ်ပွားရာနေရာရှိ အရေးပေါ်ဝန်ဆောင်မှုအဖွဲ့တွေနဲ့အတူ မီးလောင်ပျက်စီးနေတဲ့ လူနေအဆောက်အဦတွေကို ပြသထားပါတယ်။
ယူကရိန်းလေကြောင်းကာကွယ်ရေးတပ်တွေဟာ တညလုံး ရုရှားဒုံးကျည် ၂၈ စင်းနဲ့ ဒရုန်း ၁၆ စင်းထဲက ၁၅ လုံးကို ပစ်ချခဲ့ကြောင်း ယူကရိန်းတပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး ဗာလဲရီ ဇာလ်ယူဇ်နီက ပြောပါတယ်။
Source - Reuters