
ဧရာဝတီတိုင်းဒေသကြီး၊ ကြံခင်းမြို့နယ်၊ ဇီးပင်ကွင်းအုပ်စု၊ အုတ်ပုံစစ်ဆေးရေးဂိတ်မှာ ဒီနေ့ သြဂုတ် ၂၃ ရက် မနက် ၇ နာရီခွဲက ဖောကားတစီးပေါ်မှ ရိုဟင်ဂျာ ၂၇ ယောက်နဲ့ ယာဥ်မောင်းဖြစ်သူကို စစ်ကောင်စီတပ်က ဖမ်းမိခဲ့တယ်လို့ မြို့ခံတွေက ပြောပါတယ်။
ကြံခင်းမြို့နယ်၊ ဇီးပင်ကွင်းအုပ်စု၊ တောင်အုတ်ပုံရွာအနီးရှိ အုတ်ပုံစစ်ဆေးရေးဂိတ်မှာ အမ်းမြို့နယ်မှ ယာဥ်မောင်းတယောက် မောင်းလာတဲ့ ဖောကားအဝါရောင်ကို မသင်္ကာလို့ စစ်ဆေးခဲ့ရာက ဖမ်းဆီးရမိခဲ့တာလို့ မြို့ခံတဦးက ဒီဗွီဘီကို ပြောပါတယ်။
“ကားထဲမှာ ပုန်းပြီးလိုက်လာတာ၊ စစ်သားတွေ ရဲတွေ ကားပေါ်တက်ပြီး စစ်မှသိတာ၊ ကားရော လူတွေရော ရဲစခန်းခေါ်သွားတယ်။”
ဖမ်းဆီးခံရတဲ့ ရိုဟင်ဂျာအမျိုးသား ၂၁ ယောက်၊ အမျိုးသမီး ၆ ယောက်နဲ့ ယာဥ်မောင်းကို စစ်တပ်က ကြံခင်းမြို့မရဲစခန်းမှာ စစ်ဆေးနေတယ်လို့ အုပ်ချုပ်ရေးနဲ့ နီးစပ်သူတဦးက ဒီဗွီဘီကို ပြောပါတယ်။
“ယာဥ်မောင်းက အမ်းမြို့မှာနေတာ၊ ကားက ဥသျှစ်ပင်ကကား၊ ယာဥ်မောင်းက ဖြေတာ မလည်မဝယ်ဖြစ်နေတော့ စစ်တပ်က ကားပေါ်တက်စစ်ရင်း မိသွားတာ။”