Home
မြန်မာသတင်း
ရေနံချောင်း၊ မြိုင်နှင့် ပေါက်မြို့နယ်တို့တွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များ တိုက်ခိုက်ခံရ
DVB
·
August 22, 2023

မကွေးတိုင်း၊ ရေနံချောင်းမြို့မှာ သြဂုတ် ၂၁ ရက် ညနေပိုင်းက စျေးဝယ်ထွက်လာတဲ့ စစ်ကောင်စီတပ်သား ၂ ယောက် တိုက်ခိုက်ခံရပြီး ၁ ယောက်သေဆုံးကာ ၁ ယောက် ဒဏ်ရာရရှိခဲ့တယ်လို့ မကွေးခရိုင် တပ်ရင်း-၂ ကနေ သိရပါတယ်။

ရေနံချောင်းမြို့ ခလရ ၇၇ တပ်ရင်းက စစ်ကောင်စီတပ်သား ၂ ယောက်ကို သြဂုတ် ၂၁ ရက် ညနေ ၅ နာရီလောက်က စျေးဝယ်ထွက်လာရင်း ကင်းလှည့်နေချိန်မှာ ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့တွေက ရေနံချောင်းမြို့မစျေးနားမှာ ပစ်ခတ်တိုက်ခိုက်ခဲ့ကြတာလို့ မကွေးခရိုင်တပ်ရင်း-၂ ရဲ့ တာဝန်ခံ ဗိုလ်စံသျှားက ဒီဗွီဘီကို ပြောပါတယ်။

“သူတို့က ပုံမှန်ဆိုရင်တော့ ၄ ယောက်၊ ၅ ယောက်လောက်လာတာ၊ မနေ့ကတော့ အရပ်ဝတ်နဲ့ ၂ ယောက်တည်းလာတယ်။ သူတို့က အရပ်သားအသွင်ယူပြီးတော့ စျေးတွေ၊ ရပ်ကွက်တွေ၊ လမ်းတွေမှာ ညနေတိုင်း လုပ်နေကြဗျ။ အဲဒီအချိန်မှာ ကျနော်တို့ဘက်က ရဲဘော်တွေက အလစ်အငိုက် ပစ်ခတ်တိုက်ခိုက်ခဲ့တာ။”

အဲဒီတိုက်ခိုက်မှုအတွင်းမှာ စစ်ကောင်စီဘက်က ဒုတပ်ကြပ်တယောက် ဦးခေါင်းကို သေနတ်ကျည်ထိမှန်ကာ နေရာမှာတင် ပွဲချင်းပြီးသေဆုံးကာ ရဲဘော်တယောက်က ဒဏ်ရာတွေနဲ့ ထွက်ပြေးသွားလို့ နောက်ကနေ လိုက်လံပစ်ခတ်တဲ့အချိန်မှာ ပြည်သူတွေနဲ့ မလွတ်တော့လို့ ပြန်ဆုတ်ခဲ့ကြတယ်လို့ ဗိုလ်စံသျှားက ပြောပါတယ်။

အဲဒီတိုက်ခိုက်မှုကို မကွေးခရိုင် တပ်ရင်း-၂၊ ချောက်မြို့နယ်ပကဖ၊ ငပြေမပြောက်ကျားတပ်ဖွဲ့တို့ ပူးပေါင်းတိုက်ခိုက်ခဲ့တာဖြစ်ပြီး ရဲဘော်တွေ ထိခိုက်မှု မရှိခဲ့ဘူးလို့ ဆိုပါတယ်။

မကွေးတိုင်း၊ မြိုင်နဲ့ ပေါက်မြို့နယ်တွေမှာလည်း သြဂုတ် ၁၉ ရက်ကနေ ၂၁ ရက်အထိ စစ်ကောင်စီတပ်သားတွေနဲ့ ပျူစောထီးတွေ တိုက်ခိုက်ခံခဲ့ရပြီး ထိခိုက်သေဆုံးသူ များပြားနိုင်တယ်လို့ မြိုင်ပကဖ ကနေ သိရပါတယ်။

မြိုင်မြို့နယ် ကန်နီကျေးရွာမှာ တပ်စွဲထားတဲ့ စစ်ကောင်စီစစ်ကြောင်းကို သြဂုတ် ၁၉ ရက် ညနေ ၃ နာရီကနေ ည ၁၁ နာရီအထိ မောင်းသူမဲ့လေယာဥ်နဲ့ ဗုံးသီးအလုံး ၈၀၊ ရော့ကက် ၂၂ လုံးနဲ့ တိုက်ခိုက်ခဲ့လို့ ပျူစောထီး ၁ ယောက် သေဆုံးကာ အများအပြား ဒဏ်ရာရရှိခဲ့တယ်လို့ မြိုင်ပကဖ ပြန်ကြားရေးတာဝန်ခံ ကိုသုတက ဒီဗွီဘီကို ပြောပါတယ်။

အဲဒီနောက် ရွှေလင်းဆွဲကျေးရွာနဲ့ လက်ထုပ်တောကျေးရွာဘက်ကို စစ်ကြောင်းထိုးလာလို့ သြဂုတ် ၂၀ ရက် မွန်းလွဲ ၂ နာရီလောက်မှာ ဗုံးသီး ၅ လုံး၊ ရော့ကက် ၁၉ လုံးနဲ့ တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီဘက်က အထိနာပြီး လက်ထုပ်တောရွာက နေအိမ်တွေကို မီးရှို့ဖျက်ဆီးခဲ့ကြတယ်လို့ ဆိုပါတယ်။

ဒါ့အပြင် ကျောက်ထုဘက်ကနေ ထွက်လာတဲ့ စစ်ကောင်စီယာဥ်တန်းကိုလည်း သြဂုတ် ၂၁ ရက် မွန်းလွဲ ၁ နာရီကျော်လောက်က ပေါက်မြို့နဲ့ ကမ္မမြို့ကြားမှာ ပဒေသာမိုင်းနဲ့ မိုင်းဆွဲတိုက်ခိုက်ခဲ့လို့ စစ်ကောင်စီဘက်က ထိခိုက်သေဆုံးသူ ရှိနိုင်တယ်လို့ ပြောပါတယ်။

မြိုင်မြို့နယ် ကန်နီရွာနဲ့ မြိုင်မြို့ကြားမှာလည်း စစ်ကောင်စီစစ်ကြောင်းကို သြဂုတ် ၂၁ ရက် ညနေ ၃ နာရီလောက်က ဗိုလ်လင်းမြွေ ဦးဆောင်တဲ့ မြိုင်ပကဖအဖွဲ့က မိုင်းပွိုင့် ၄ ပွိုင့်နဲ့ တိုက်ခိုက်ခဲ့လို့ စစ်ကောင်စီတပ်သား ၂ ယောက် အပြင်းအထန် ဒဏ်ရာရရှိခဲ့တယ်လို့ ဆိုပါတယ်။

အလားတူ ပေါက်မြို့နယ်မှာပဲ သြဂုတ် ၂၀ ရက်က စစ်ကောင်စီယာဥ်တန်း မိုင်းဆွဲတိုက်ခိုက်ခံရပြီး ထိခိုက်သေဆုံးသူ များပြားနိုင်တယ်လို့ ပေါက်မြို့နယ်ပကဖ Anonymous Special Task Force ကနေ သိရပါတယ်။

ပေါက်မြို့နယ် ရေပြာဘက်ကနေ ထွက်လာတဲ့ စစ်ကောင်စီယာဥ်တန်းကို သြဂုတ် ၂၀ ရက်မှာ ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့တွေက ပေါက်-ပခုက္ကူကားလမ်းမှာ မိုင်းပွိုင့် ၂ ပွိုင့်၊ မိုင်း ၁၂ လုံးနဲ့ မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ ASTF ရဲ့ တာဝန်ခံ စကြာက ဒီဗွီဘီကို ပြောပါတယ်။

အဲဒီတိုက်ခိုက်မှုအတွင်းမှာ စစ်ကောင်စီကား ၂ စီး ထိမှန်နိုင်တာကို ဒရုန်းနဲ့ မှတ်တမ်းတင်နိုင်ခဲ့ပြီး ထိခိုက်သေဆုံးသူ များပြားနိုင်တာကြောင့် အရေအတွက်ကို အတိအကျ သိရှိနိုင်အောင် ဆက်လက်စုံစမ်းနေတယ်လို့ ဆိုပါတယ်။

အဲဒီတိုက်ခိုက်မှုကို ASTF၊ ဗိုလ်လရောင်တပ်ဖွဲ့၊ ဆိုင်ကလုန်းပြောက်ကျားတပ်ဖွဲ့တို့ ပူးပေါင်းတိုက်ခိုက်ခဲ့တာဖြစ်ပြီး ပူးပေါင်းတပ်ဖွဲ့ဘက်က ရဲဘော်တွေ ထိခိုက်မှုမရှိခဲ့ကြဘူးလို့ ပြောပါတယ်။

ပေါက်မြို့နယ်မှာ သြဂုတ် ၁၆ ရက်ကမှာလည်း စစ်ကောင်စီတပ်သားတွေ တိုက်ခိုက်ခံရပြီး ၃ ယောက် သေဆုံးကာ ၁ ယောက် ဒဏ်ရာရရှိခဲ့တယ်လို့ မြိုင် ပကဖကနေ သိရပါတယ်။

အဲဒီတိုက်ခိုက်မှုအတွင်းမှာ စစ်ကောင်စီဘက်က ထိခိုက်သေဆုံးတဲ့ အခြေအနေကို ဒီဗွီဘီက သီးခြားအတည်မပြုနိုင်သေးသလို စစ်ကောင်စီဘက်ကလည်း သတင်းထုတ်ပြန်ထားတာ မတွေ့ရသေးပါဘူး။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024