
အိန္ဒိယ-မြန်မာနယ်စပ်၊ မဏိပူရ်ပြည်နယ်၊ မိုးရေးမြို့အနီးတဝိုက်မှာ တိမ်းရှောင်နေတဲ့ CDM ဝန်ထမ်းအမျိုးသမီးတွေနဲ့ စစ်ဘေးရှောင်အမျိုးသမီးတွေကို ထောက်ပံ့ပေးနိုင်ခြင်းမရှိတော့ဘူးလို့ ကူကီးအမျိုးသမီးဆိုင်ရာ လူ့အခွင့်အရေးအဖွဲ့အစည်းက ပြောပါတယ်။
အခုနှစ်ဆန်းပိုင်းကစတင်ကာ အကူအညီထောက်ပံ့မှုတွေ မပြုလုပ်နိုင်တော့တာဖြစ်ပြီး ပါဝင်ပံ့ပိုးကူညီပေးနိုင်မဲ့သူ အားနည်းတာနဲ့ မိုးရေးမြို့နယ်ရဲ့ နယ်စပ်ရေးရာအခြေအနေတွေကြောင့် မကူညီနိုင်တော့တာလို့ ဆိုပါတယ်။
ကူကီးအမျိုးသမီးဆိုင်ရာ လူ့အခွင့်အရေးအဖွဲ့အစည်းရဲ့ တာဝန်ခံမဘွိုင်နူးက "အခက်အခဲအ မျိုးမျိုးတွေကြောင့် ထောက်ပံ့တာတွေမပြုလုပ်နိုင်တော့ဘူး။ အဓိကကတော့ ဘဏ္ဍရေးလိုအပ်ချက်တွေကြောင့် အရင်နှစ်က ကူခဲ့သလိုမကူညီနိုင်တော့တာ"လို့ ဒီဗွီဘီကို ပြောပါတယ်။
၂၀၂၂ ခုနှစ်ကတော့ ပြည်ပလုပ်သားတွေနဲ့ အဖွဲ့အစည်းတွေဆီက ပံ့ပိုးမှုရရှိခဲ့တာကြောင့် CDM ဝန်ထမ်းအမျိုးသမီးနဲ့ စစ်ဘေးရှောင်အမျိုးသမီး ၂၅၀ ကျော်ကို လစဉ် အသေးစားအသုံးစရိတ် ကူညီထောက်ပံ့မှုတွေ ပေးအပ်နိုင်ခဲ့တာပါ။
လက်ရှိမှာတော့ ကူကီးအမျိုးသမီးဆိုင်ရာ လူ့အခွင့်အရေးအဖွဲ့အစည်းအနေနဲ့ မိုးရေးနယ်စပ်ဒေသက စစ်ဘေးရှောင်တွေကို ကူညီထောက်ပံ့ပေးနိုင်ဖို့ ကူညီပံ့ပိုးပေမဲ့ အလှူရှင်တွေကို ဆက်သွယ်ရှာဖွေနေတယ်လို့ ပြောပါတယ်။