
စစ်ကိုင်းတိုင်း၊ ရွှေဘိုခရိုင်၊ ဝက်လက်မြို့နယ်ထဲမှာ စစ်ဘေးရှောင်ပြည်သူတွေ ကိုဗစ်လက္ခဏာနဲ့ ဆင်တူတဲ့ ရောဂါတွေ ဖြစ်ပွားနေတယ်လို့ မြေပြင်မှာ ကူညီဆေးကုသပေးနေတဲ့ တော်လှန်ရေးအင်အားစုထံက သိရပါတယ်။
တော်လှန်ရေးအင်အားစုတွေနဲ့ စစ်ကောင်စီတပ် မကြာခဏ တိုက်ပွဲဖြစ်ပွားတာနဲ့ စစ်ကောင်စီဘက်က စစ်ကြောင်းထိုးတာတွေကြောင့် ဝက်လက်မြို့ထဲရှိ ပြည်သူ ၃,၀၀၀ ခန့်ဟာ အိုးအိမ်စွန့်ခွာပြီး စစ်ရှောင်နေရတာ ဖြစ်ပါတယ်။
စစ်ရှောင်တွေကို အလှည့်ကျ တပတ် ၂ ရက်နဲ့ ၂ ရွာစီကို ဆေးကုပေးပြီး လက်ရှိစာရင်းအရ ဇူလိုင်လထဲမှာတင် စစ်ရှောင် ၁၂၀ လောက်မှာ ကိုဗစ်နဲ့ လက္ခဏာတူတဲ့ တုပ်ကွေးကို သက်ကြီးရွယ်အိုနဲ့ လူလတ်ပိုင်းတွေမှာတွေ့ရတယ်လို့ ရွှေဘိုခရိုင် အမှတ်-၁၈ တပ်ရင်းရဲ့ တပ်ရင်းမှူး ဗိုလ်စွန်ရဲက ပြောပါတယ်။
“တုပ်ကွေးအကြီးစားပေါ့၊ တကိုယ်လုံး ညောင်းကိုက်ပြီး အဖျားကြာရှည်တယ်။ အစားစားချင်စိတ်မရှိဘူး။ ကိုဗစ်နဲ့ ဆင်တူပါတယ်။ လုံးဝ ကိုဗစ်-၁၉ တော့ မဆန်ဘူးလို့ ဆေးကုသပေးတဲ့ ဆရာဝန်တွေဆီက သိရတယ်။”
တခြားရောဂါတွေဖြစ်တဲ့ ဆီးချို၊ သွေးတိုး၊ အားနည်းတဲ့ရောဂါတွေလည်း စစ်ရှောင်ပြည်သူတွေမှာ ဖြစ်ပွားနေပြီး ဆေးဝါးလိုအပ်ချက်တွေလည်း ရှိနေပါတယ်။
စစ်ကောင်စီတပ်ရဲ့ နယ်မြေရှင်းလင်းရေး ထိုးစစ်ဆင်တာတွေနဲ့ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် စစ်ကိုင်းတိုင်းမှာ သေဆုံးသူနဲ့ စစ်ရှောင်နေရတဲ့ စစ်ရှောင်အရေအတွက် တနေ့ထက်တနေ့ ပိုများလာပြီး စစ်ရှောင်တွေဟာ စိုးရိမ်စိတ်တွေနဲ့ ရှင်သန်နေရပါတယ်။