
ရခိုင်ပြည်နယ်မြောက်ပိုင်းရှိ ကျောက်တော်၊ မြောက်ဦး၊ မင်းပြား၊ ဘူးသီးတောင်၊ မောင်တောမြို့နယ်တို့မှာ ရေကြီးရေလျှံပြီး လူ ၂ ဦး ရေနစ်သေဆုံးမှုရှိသလို စာသင်ကျောင်းတွေလည်း ရာနဲ့ချီ ပိတ်ထားကြရတယ်လို့ ပညာရေးအသိုင်းအဝိုင်းနဲ့ ဒေသခံတွေက ပြောပါတယ်။
သြဂုတ် ၆ ရက်က မင်းပြားမြို့နယ် ပြင်ယောင်းကျေးရွာက အမျိုးသမီးတယောက်နဲ့ သူရဲ့သားဖြစ်သူတို့ စက်လှေမှောက်ပြီး ရေစီးနဲ့ မျောပါသွားတာကြောင့် ရေနစ်သေဆုံးခဲ့တယ်လို့ ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးဝေလှအောင်က ပြောပါတယ်။
"သူတို့သားမိ ၃ ဦးက သာစည်ကျေးရွာကနေပြီးတော့ ရွာသို့အပြန်မှာ စက်လှေမှောက်ပြီး ရေစီးနဲ့ မျောပြီး ရေနစ်သေဆုံးခဲ့ကျတာ ဖြစ်တယ်။ အမေဖြစ်သူနဲ့ သားအငယ်ဖြစ်သူတို့ သေသွားတယ်။ အကြီးသားကတော့ မသေလိုက်ဘူး။”
သေဆုံးသွားသူတို့မှာ ဒေါ်ဝင်းတင်ကြည် (၃၀နှစ်)နဲ့ မောင်မျိုးဝင်းကို (၃နှစ်)တို့ဖြစ်ကြပြီး အလောင်း တွေကို သြဂုတ် ၇ ရက်မှာ သင်္ဂြိုဟ်ခဲ့ပါတယ်။
ဒါအပြင် မိုးသည်းထန်းပြီး ရေကြီးရေလျှံနေတဲ့ ရခိုင်ပြည်နယ်မြောက်ပိုင်းက မြို့နယ်တွေမှာ စာသင်ကျောင်းရာနဲ့ချီကို ပိတ်ထားကြရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
မိုးရွာပြီး မြစ်ရေတက်လာတာကြောင့် ကျောက်တော်မြို့နယ်မှာ စာသင်ကျောင်း ၃၀ ကျော်ခန့်၊ မြောက်ဦးမြို့နယ်မှာ စာသင်ကျောင်းပေါင်း ၄၀ ကျော်ခန့်၊ မင်းပြားမြို့နယ်မှာ စာသင်ကျောင်းပေါင်း ၃၀ ကျော်နဲ့ ဘူးသီးတောင်မြို့နယ်နဲ့ မောင်တောမြို့နယ်တို့မှာလည်း စာသင်ကျောင်း တချို့ ပိတ်ထား ကြရတာဖြစ်ပါတယ်။
လေးမြို့မြစ်ရေ မြင့်တက်လာတဲ့အတွက် မြောက်ဦးမြို့နယ်က ကျေးရွာ ၃၀ နီးပါးနဲ့ မင်းပြားမြို့နယ်ရှိ ကျေးရွာ ၂၀ ကျော်လောက်က ကျောင်းတွေ အားလုံးကို ပိတ်ထားကြရတယ်လို့ မင်းပြားမြို့နယ် ပန်းမြောင်းကျေးရွာသား တဦးက ပြောပါတယ်။
"ရေတွေက အခု ရွာထဲမှာတင် ၄ ပေ ၅ ပေလောက် ဖြစ်လာတာကြောင့် စိုးရိမ်ရတဲ့အခြေအနေတွေ ဖြစ်လာတဲ့အတွက် ကျောင်းတွေ ပိတ်ထားလိုက်ရတာဖြစ်တယ်။"
ကျောက်တော်မြို့နယ်မှာလည်း ရေကြီးလို့ သြဂုတ် ၅ ရက်နေ့ကတည်းက ကျောင်းပိတ်တွေကို ပိတ်ထားကြရတယ်လို့ ကျောက်တော်မြို့နယ် ညောင်းချောင်းကျေးရွာ အုပ်ချုပ်ရေးမှူး ဦးသန်းအေးက ပြောပါတယ်။
"ရေကြီးလာတော့ ကျောင်းတက်ဖို့က ဘယ်လိုမှမဖြစ်တော့တာကြောင့် ကျောင်းတွေ အကုန် ပိတ်ထားရတယ်။ မိုးက အရမ်း ရွာနေတော့ ရေတွေတက် နေတုန်းပဲ။ ဘယ်လောက်အထိ ပိတ်ထား မယ်တောင် မသိရသေးဘူး။"
ဒါအပြင် မောင်တောမြို့နယ်က ကျေးရွာတချို့၊ ဘူးသီးတောင်မြို့နယ်က ကျေးရွာတချို့မှာ ကျောင်းပိတ်ထားရတယ်လို့ ပညာရေးအသိုင်းအဝန်းက သိရပါတယ်။
ရေကြီးလို့ ပိတ်ထားရတဲ့ စာသင်ကျောင်းအရေအတွက် ဘယ်လောက်ဆိုတာ အတိအကျ မသိရသေးပဲ ရာချီရှိနိုင်တယ်လို့ ပြည်နယ်ပညာရေးမှူးရုံးက တာဝန်ရှိသူ တဦးက ပြောပါတယ်။
ရခိုင်ပြည်နယ် မြောက်ပိုင်းကမြို့နယ်တွေမှာ သြဂုတ် ၅ ရက်ကတည်းက ရေကြီးရေလျှံနေပြီး သြဂုတ် ၇ ရက် တိုင်းထွာချက်တွေအရ ကုလားတန်မြစ်ရေဟာ ကျောက်တော်မြို့ရဲ့ စိုးရိမ်ရေမှတ် အောက် ၃ ပေအောက်ကို ရောက်ရှိနေကာ နောက် ၂ ရက်မှာ ကျောက်တော်မြို့ရဲ့ စိုးရိမ်ရေမှတ်ကို ရောက်လာနိုင်တယ်လို့ မိုးဇလက ထုတ်ပြန်ထားပါတယ်။