
မွန်ပြည်နယ်ထဲက ရေး၊ သံဖြူဇရပ်၊ မုဒုံမြို့နဲ့ ပေါင်မြို့နယ်အတွင်း အခုရက်ပိုင်း မိုးသည်းထန်စွာသွန်းပြီး တောင်ကျရေစီးဆင်းမှုကြောင့် ရေကြီးရေလျှံနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဇူလိုင် ၂၈ ရက်ကတည်းက မိုးသည်းထန်စွာရွာသွန်းကာ တောင်ကျရေစီးဆင်းလာမှုကြောင့် ဇူလိုင် ၃၀ ရက်အထိ ရေးမြို့နယ်ထဲက ဟံဂံကျေးရွာနဲ့ ကျောင်းရွာရှိ အနိမ့်ပိုင်း လူနေအိမ်တွေ ရေကြီး နစ်မြှုပ်နေခဲ့သလို နီးစပ်ရာဘေးလွတ်ရာကို ရွှေ့ပြောင်းထားကြရပါတယ်။
ရေဘေးသင့်ဒေသခံတဦးက “မိုးက ရွာတာအားကောင်းတယ်။ နေ့ရောညပါမနားတမ်းကို ရွာတာ။ ရေက ထပ်ကြီးပြန်တော့ အိမ်မှာ နေမရတော့ဘူး။ ရေက များလာတယ်။ အချိန်မီပြောင်းရွှေ့ ထားရတာပါ။ စိုးရိမ်ရတဲ့ရေက မရောက်သေးပေမဲ့ မိုးက ဆက်ရွာနေတာ။ စိတ်မချရလို့ ရေလွတ်တဲ့ နေရာကို ပြောင်းရွှေ့နေရတယ်”လို့ ပြောပါတယ်။
ဒါ့အပြင် ရေးမြို့နယ်က ဥယျာဥ်ခြံ အများစု တောင်ကျရေ ဆင်းလာတာကြောင့် ခြံအတွင်း ရေဝင် ပြီး ကျေးရွာချင်းဆက်လမ်းတွေပါ ရေကျော်လို့ သွားလာရေးမှာ အခက်ခဲတွေ့ ရတယ်လို့ ခြံသမားတွေ က ပြောပါတယ်။
မွန်ပြည်နယ်ထဲမှာတော့ သံဖြူဇရပ်မြို့ပေါ် အနိမ့်ပိုင်းရပ်ကွက်၊ မုဒုံအနိမ်ပိုင်းနေရာတွေနဲ့ ပေါင်မြို့နယ်ထဲက အနိမ့်ပိုင်းနေရာတွေမှာ ထပ်မံရေကြီးရေလျှံနေတာပါ။
မုဒုံ-သံဖြူဇရပ်ကားလမ်းပိုင်း နှီးပဒေါကျေးရွာနဲ့ ရောင်းဒေါင်းကျေးရွာကြား ကွမ်းလှာကျေးရွာနဲ့ ဖောင်စိန်ကြား ကားလမ်း၊ ပေါင်မြို့နယ် ဇင်းကျိုက်၊ ဥတ္တံတားနဲ့ မိုးနိုင်းစွယ်တော် ကားလမ်းတွေမှာ ရေကျော်နေပြီး ဆိုင်ကယ်နဲ့ ယာဉ်တွေ ဖြတ်သန်းသွားလာမရတဲ့ အခြေအနေရှိနေပါတယ်။
အခုရက်ပိုင်းတွေ မိုးသည်းထန်စွာ ရွာသွန်းမှုတွေကြောင့် ရေကြီးရေလျှံတာတွေ၊ တောင်ပြိုတာတွေ ဖြစ်ပေါ်နိုင်တာကြောင့် အနိမ့်ပိုင်းလူနေအိမ်တွေနဲ့ မြစ်ကမ်းပါးမှာနေတဲ့သူတွေဟာ သဘာဝဘေးကို ကြုံတွေ့ရနိုင်တယ်လို့ မိုးဇလဌာနက သတိပေးထားပါတယ်။