
မန္တလေး၊ မဟာအောင်မြေမြို့နယ်၊ လမ်း ၄၀ × ၈၂ လမ်းမှာ တက်တူးဆိုင်ဖွင့်ထားတဲ့ နာမည်ကြီးဆယ်လီ ဇော်ဝင်းမောင်ဟာ ဇူလိုင် ၂၆ ရက်၊ ညပိုင်းက စစ်ကောင်စီ ရဲတပ်ဖွဲ့ဝင်တွေရဲ့ ဖမ်းဆီးခံခဲ့ရတယ်လို့ မြို့ခံတွေက ပြောပါတယ်။
ဇော်ဝင်းမောင် အပါအဝင် အမျိုးသား ၄ ဦး ရိုက်ကူးထားတဲ့ တစ်တော့ ဟာသဗီဒီယိုတပုဒ်မှာ စစ်ကောင်စီခေါင်းဆောင် မင်းအောင်လှိုင်ကို ဆဲဆိုထားတာကြောင့် ဖမ်းဆီးခံခဲ့ရတာလို့ သိရပါတယ်။
စစ်ကောင်စီ တယ်လီဂရမ်ချန်နယ်တွေမှာ ညနေ ၆ နာရီလောက်ကတည်းက တစ်တော့ဗီဒီယို၊ လိပ်စာအတိအကျ အပါအဝင် “မကြာမီ ထောင်ထမင်းစားဖို့သာ ပြင်ထား” စတဲ့ ခြိမ်းခြောက်စာကို တွေ့ရတဲ့အပြင် ဖမ်းဆီးပေးဖို့ တင်ထားအပြီး ၁ နာရီကျော်အကြာမှာ ဇော်ဝင်းမောင် ဖမ်းဆီးခံခဲ့ရတာ ဖြစ်ပါတယ်။
မန္တလေးမြို့ခံတဦးက “ည ၇ နာရီကျော်လောက်က သူဖွင့်ထားတဲ့ တက်တူးဆိုင်ထဲ ဝင်ဖမ်းသွားတာကို တွေ့တဲ့သူတွေ ရှိပါတယ်။ စစ်သားရော ရဲရော ပါတယ်လို့ ပြောတယ်။ ဖမ်းသွားတာတော့ အဲဒီမှာ သူတယောက်တည်းပဲ” လို့ ပြောပါတယ်။
တစ်တော့ဗီဒီယိုဖိုင်မှာ ဇော်ဝင်းမောင်က လူတဦးကို နာမည်မေးတဲ့အခါ တဖက်က မင်းအောင်လှိုင်လို့ ဖြေကြားခဲ့တာကြောင့် ကန်ခဲ့ပြီး နာမည်ပြောင်းလိုက်လို့ ဆိုကာ ဆဲဆိုနေခဲ့တာကို ရိုက်ကူးထားတဲ့ ၄၆ စက္ကန့်စာ ဟာသဗီဒီယို ဖြစ်ပါတယ်။
မန္တလေးရဲ့ ဘယ်နေရာမှာ ဖမ်းဆီးထားတယ်ဆိုတာ စစ်ကောင်စီရဲတွေက ဇော်ဝင်းမောင် မိသားစုဝင်တွေကို အကြောင်းကြားခြင်း မရှိသေးဘူးလို့ သိရပြီး တစ်တော့ဗီဒီယိုဖိုင်မှာ ပါတဲ့ ကျန်အမျိုးသား ၃ ဦးကို စစ်ကောင်စီရဲတွေက လိုက်လံရှာဖွေနေတယ်လို့ သိရပါတယ်။