
ရှမ်းပြည်နယ်တောင်ပိုင်း၊ ဆီဆိုင်မြို့နယ်ရှိ ဒေသခံတောင်သူတွေရဲ့ ပြောင်းစိုက်ခင်း ဧက ၁၀၀ ကျော်မှာ ငမြောင်တောင်ပိုးကျနေလို့ ပြောင်းပင်တွေ နုတ်ပစ်နေရတယ်လို့ ဇူလိုင် ၁၈ ရက်မှာ သိရပါတယ်။
ငမြောင်တောင်ပိုးကျနေတဲ့အတွက် ထိရောက်အောင် ဖျန်းပေးမယ့် ပိုးသတ်ဆေး အမျိုးအစားတွေလည်း မသိဘူးလို့ တောင်သူတွေက ဆိုပါတယ်။
ဆီဆိုင်မြို့နယ်ခံ တောင်သူတဦးက “ပိုးက အရမ်းကျနေတာ၊ မနေ့က အဲ့လောက်မဟုတ်ဘူး။ သူတို့က တပတ်အတွင်းတောင် တဧကလုံးစားနိုင်တာလား မသိဘူး။ ဟိုဘက်ခြံဆို ဆေးဖျန်းပြီးလည်း ပိုးကမသေဘူး။ ပြန်ပြန်ပွားလာတယ်တဲ့။ ဆေးမဖျန်းရင်လည်း အရင်းတွေက သိန်းဆယ်ချီကုန်ထားပြီးပြီ။ ဖျန်းရင်လည်း ပိုက်ဆံကမရှိဘူး” လို့ ပြောပါတယ်။
ပြောင်းပင်တွေကို ပိုးကောင်က ထိပ်ဆံတွေကို ကိုက်ဖြတ်စားသောက်တာကြောင့် အရွက်တွေကျိုးပြတ်ပြီး အနှံမလိုက်နိုင်တော့တဲ့ အခြေအနေတွေ ဖြစ်နေပါတယ်။
တချို့အပင် မသန်တော့ဘဲ ပိုးအရမ်းကျသွားတဲ့အပင်တွေကို လိုက်နုတ်ပစ်ရတယ်လို့ သိရပါတယ်။
ပြောင်းပင်စိုက်ပြီး နှစ်လအကြာလောက်မှာ ပိုးစတင်ကျလာတာဖြစ်ပြီး ဆေးချက်ချင်းမဖျန်းနိုင်တဲ့ တောင်သူတွေဟာ ပိုးတွေ ပိုမိုဖျက်ဆီးတာတွေကို ခံနေရပါတယ်။
“ပိုးက အညိုရောင်၊ အကောင်က နည်းနည်းကြီးတယ်။ တခြံလုံး သူတို့တွေပဲ။ တော်တော်ဆိုးတယ်။ ဒီအနောက်ဘက်ပိုင်းမှာ ပိုကျတယ်။ မနှစ်က ဒီလယ်တွေက ရေလွှမ်းထားလို့ ပိုးကျတာလို့တော့ ထင်တာပဲ။ ပိုးသတ်ဆေးတော့ ဝယ်ဖျန်းတာပဲ။ ပြောင်းပင်တွေပျက်ရင် ပြောင်းအထွက်နှုန်းက လျော့သွားမှာပေါ့။ ကျနော်တို့က ဈေးကောင်းရဖို့လည်း လိုတယ်။ အခုဆိုကြည့်လေ ပြောင်းမျိုးတအိတ်ကို ၁၂၀,၀၀၀ ၊ မြေဩဇာက တအိတ် ၁၃၅,၀၀၀၊ အခု ပိုးသတ်ဆေးပါ ထပ်ဖျန်းရတယ်” လို့ တောင်သူအမျိုးသမီးတဦးက ပြောပါတယ်။
စိုက်ပျိုးရေးကုမ္ပဏီတခုမှ ပိုးအကြောင်းနားလည်သူတဦးက “ငမြောင်တောင်ပိုး ကျတာပါ။ နေပြည်တော် တပ်ကုန်းဘက်မှာလည်း ကျတယ်။ ဆေးပထမဆုံးအနေနဲ့ အလန်းပိုးသတ်ဆေးကို သုံးပေးပါ။ တကြိမ်နဲ့တော့ မရှင်းနိုင်ဘူး။ နောက်ထပ် ဆေးတမျိုးကတော့ ဆိုင်ကလုန်းပါ။ တလှည့်စီ ဖျန်းပေးဖို့လိုပါတယ်။ ငှက်ကြီးတောင်ဆေးလည်း ဖျန်းဖို့လိုအပ်ပါတယ်။ အဓိကတော့ ရာသီဥတုအခြေအနေကြောင့် ဖြစ်လာတာပါ။ တိတိကျကျတော့ မပြောနိုင်သေးဘူး” လို့ ပြောပါတယ်။
ပိုးကျပြီး ပျက်စီးသွားတဲ့ ပြောင်းခြံတွေမှာ ဆေးဖျန်းပေမဲ့ အပင်အရမ်းနုနေသေးတဲ့ ပြောင်းခြံတွေကိုတော့ ပြန်ရမှာမဟုတ်ဘဲ ပိုးမထိသေးတဲ့ ပြောင်းခြံတွေကို ပေါင်းရှင်းပေးတာ၊ ခြံပတ်လည် မြောင်းတူးပေးတာ၊ အပင်တွေကို ပိုးသတ်ဆေးဖျန်းတာတွေ လုပ်သင့်တယ်လို့ စိုက်ပျိုးရေးဦးစီးဌာနက အကြံပြုထားပါတယ်။