

ရှေ့တန်းစစ်မျက်နှာ အများအပြားမှာ ရုရှားတပ်ဖွဲ့တွေက ယူကရိန်းရဲ့တိုက်ခိုက်မှုတွေကို တန်ပြန်နိုင်ခဲ့တယ်ဆိုပြီး ဇူလိုင် ၇ ရက်၊ သောကြာနေ့မှာ ရုရှားကာကွယ်ရေးဝန်ကြီးဌာနက အတည်ပြုပါတယ်။
ယူကရိန်းတပ်ဖွဲ့တွေကလည်း ရုရှားစစ်သားတွေနဲ့ စစ်လက်နက်ပစ္စည်းတွေကို တိုက်ခိုက်နိုင်ခဲ့ကြောင်း အခိုင်အမာပြောဆိုပါတယ်။
ရုရှားကာကွယ်ရေးဝန်ကြီးဌာနရဲ့ နေ့စဉ် သတင်းစာရှင်းလင်းပွဲအတွင်း ဒွန်ညက်ခ်၊ ကရာစနီ လေး မန်း၊ ခါဆန်နဲ့ အခြားမြို့လမ်းကြောင်းတလျှောက်မှာ ယူကရိန်းရဲ့ တိုက်ခိုက်မှုတွေကို တွန်းလှန်နိုင်ခဲ့တာလို့ သတင်းထုတ်ပြန်ခဲ့ပါတယ်။
ယူကရိန်းစစ်တပ်ရဲ့ Su-25 တိုက်လေယာဉ် တစင်းကို ပစ်ချနိုင်ခဲ့တဲ့အပြင် ဟီးမားစ်(HIMARS) ဒုံးကျည် ၂၁ စင်းနဲ့ ယူရာဂန်(Uragan) ဒုံးကျည်တို့ကိုပါ ကြားဖြတ်တိုက်ခိုက်နိုင်ခဲ့တယ်လို့ ဆိုပါတယ်။
ဒါ့အပြင် ယူကရိန်းစစ်ဘက်ဆိုင်ရာ ထောက်လှမ်းရေးနဲ့ ဖျက်ဆီးရေးတပ်ဖွဲ့တခုရဲ့ စစ်ဆင်ရေးကိုပါ ပျက်ပြားစေခဲ့တယ်ဆိုပြီး ဝန်ကြီးဌာနက ပြောကြားပါတယ်။
တရက်တည်းမှာပဲ ယူကရိန်းလက်နက်ကိုင်တပ်ဖွဲ့ရဲ့ စစ်ဦးစီးချုပ်ဖြစ်သူက လွန်ခဲ့တဲ့ ၂၄ နာရီ အတွင်း ရုရှားအပေါ် တိုက်ခိုက်မှုအများအပြား ဖော်ဆောင်ခဲ့ကြောင်း ကြေညာခဲ့ပါတယ်။
ယူကရိန်းတပ်ဖွဲ့တွေဟာ ရုရှားရဲ့ လေကြောင်းကာကွယ်ရေးစနစ်တွေ၊ အမြောက်တည်နေရာတွေနဲ့ လက်နက်ခဲယမ်းဂိုဒေါင်တွေကို ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း စစ်ဦးစစ်ချုပ်က ပြောကြား သွားတာပါ။
Source-Reuters