

မြောက်အတ္တလန္တိတ် စစ်ရေးမဟာမိတ်အဖွဲ့ (နေတိုး) က သူ့ရဲ့ အတွင်းရေးမှူးချုပ် ယန်းစ် စတော့တန်ဘာ့ဂ်ရဲ့ စာချုပ်ကို နောက်ထပ်တနှစ် သက်တမ်းတိုးဖို့ ဇူလိုင် ၄ ရက်မှာ ဆုံးဖြတ်ခဲ့ပါတယ်။
သူ့နေရာကို ဆက်ခံမယ့်သူကို သဘောတူ ရွေးချယ်ဖို့ ကြိုးစားမယ့်အစား နေတိုးမဟာမိတ်နယ်မြေ တံခါးဝမှာ စစ်ပွဲတွေ ပြင်းထန်နေချိန်မှာ အတွေ့အကြုံရှိ ခေါင်းဆောင်တဦးကို ဆက်ထားဖို့ ရွေးချယ်ခဲ့တာပါ။
နော်ဝေနိုင်ငံရဲ့ ဝန်ကြီးချုပ်ဟောင်း စတော့တန်ဘာ့ဂ်ဟာ ၂၀၁၄ ခုနှစ်ကစပြီး အတ္တလန္တိတ် လုံခြုံရေးမဟာမိတ်အဖွဲ့ရဲ့ ခေါင်းဆောင်ဖြစ်လာခဲ့ပြီး သူ့ရာထူးသက်တမ်းကို အရင် သုံးကြိမ်တိတိ သက်တမ်းတိုးခဲ့ပြီးသားပါ။
နေတိုးအကြီးအကဲဟောင်းက နေတိုးအဖွဲ့ရဲ့ ထိပ်ဆုံးမှာ ဆက်လက်ရပ်တည်နေတာက နေတိုးနဲ့ ရုရှားတပ်ဖွဲ့တွေကြား တိုက်ရိုက်ပဋိပက္ခကို ရှောင်ရှားရင်း ရုရှားအစိုးရရဲ့ ကျူးကျော်မှုကို တွန်းလှန်ရာမှာ ယူကရိန်းကို ပံ့ပိုးပေးတဲ့ စိန်ခေါ်မှုနှစ်ရပ်ကို ရင်ဆိုင်နေတဲ့ နေတိုးအဖွဲ့ဝင် ၃၁ နိုင်ငံဟာ အချင်းချင်း မြဲမြဲဆုပ်ကိုင်ထားတယ်ဆိုတဲ့ အဓိပ္ပာယ်ကို ဆောင်တယ်လို့ မီဒီယာတွေက သုံးသပ်ပါတယ်။
အသက် ၆၄ နှစ်အရွယ် စတော့တန်ဘာ့ဂ်က မဟာမိတ်အဖွဲ့တဝှမ်းမှာ တည်ငြိမ်တဲ့ ခေါင်းဆောင်နဲ့ စိတ်ရှည်သဘောတူလက်ခံ တည်ဆောက်သူအဖြစ် ကျယ်ကျယ်ပြန့်ပြန့် ရှုမြင်ခံထားရပါတယ်။
စတော့တန်ဘာ့ဂ်က သူ့သက်တမ်းကို ၂၀၂၄ ခုနှစ် အောက်တိုဘာ ၁ ရက်နေ့အထိ သက်တမ်းတိုးဖို့ ဆုံးဖြတ်ချက်ကြောင့် ဂုဏ်ယူမိတယ်လို့ တွစ်တာ လူမှုကွန်ရက်ပေါ်ကနေ ပြောခဲ့ပါတယ်။
“ဥရောပနဲ့ မြောက်အမေရိက အကြားက အတ္တလန္တိတ်ဖြတ်ကျော်နှောင်ကြိုးက ကျနော်တို့ရဲ့ လွတ်လပ်မှုနဲ့ လုံခြုံရေးကို ၇၅ နှစ်နီးပါး အာမခံပေးခဲ့ပြီး ပိုအန္တရာယ်များတဲ့ ကမ္ဘာမှာ ကျနော်တို့ရဲ့ မဟာမိတ်က အရင်ကထက် ပိုအရေးကြီးပါတယ်” လို့လည်း သူက ပြောပါတယ်။