
မြန်မာနိုင်ငံအတွင်းရှိ ကြက်မွေးမြူရေးလုပ်ငန်းတွေမှာ ကြက်အစာဈေးနှုန်း အဆမတန် မြင့်မားတာနဲ့ ကြက်သားဈေးနှုန်း ကျဆင်းတာတို့ကြောင့် ကြက်မွေးမြူရေးလုပ်ငန်းတွေ အရှုံးပေါ်နေတယ်လို့ ကြက်မွေးမြူရေးလုပ်ငန်းရှင်တွေထံက သိရပါတယ်။
ကြက်သားစျေးက ဇွန်လနှောင်းပိုင်းမှာ တပိဿာကို ကျပ် ၇,၉၀၀ ရရှိခဲ့ပေမဲ့ အခုအခါမှာတော့ တပိဿာကို ကျပ် ၆,၀၀၀ သာ ရှိတော့တယ်လို့ ကြက်ရောင်းဝယ်သူတွေက ပြောပါတယ်။
ကြက်မွေးမြူရေးလုပ်ကိုင်သူတဦးက “အရင်လကတော့ ဈေးကောင်းပေမဲ့ ကြက်ကသေးပြီး ရောင်းတန်းအရွယ် မရောက်သေးတော့ မထုတ်ဖြစ်လိုက်ရဘူး။ ကြက်ဈေး ၆,၅၀၀ လောက်မှ အရင်းရမှာဆိုတော့ ကျနော်မှမဟုတ်ဘူး။ ကြက်မွေးမြူတဲ့ အကုန်လုံး အရှုံးပေါ်ပါတယ်” လို့ ဒီဗွီဘီကို ပြောပါတယ်။
ရောင်းတန်းဝင် ကြက်တကောင်ဖြစ်ဖို့အတွက် အနည်းဆုံး ၄၅ ရက် ကြာမြင့်တာဖြစ်ပြီး အစာဈေးနှုန်း အဆမတန် မြင့်တက်လာတာကလည်း ကြက်မွေးမြူရေးလုပ်ငန်း လုပ်ကိုင်သူတွေ ဆက်လက်လုပ်ကိုင်ဖို့ အခက်အခဲတွေ ရှိနေတာပါ။
ငါးကန်နဲ့ ကြက်မွေးမြုရေး တွဲဖက်လုပ်ကိုင်တဲ့ ကိုငမဲက “အရင်က အစာတအိတ်ကို ၄၀,၀၀၀ ပတ်ဝန်းကျင်ပဲရှိတာ။ အခု ၉၀,၀၀၀ ကျော်နေပြီ။ လုပ်ငန်းရှင်တွေပဲ တောင့်ခံနိုင်ပြီး တနိုင်တပိုင် မွေးတဲ့သူတွေတော့ တခြားစီးပွားရေး ပြောင်းနေကြပါပြီ” လို့ ပြောပါတယ်။
ကြက်စျေးတွေကို CP ကုမ္ပဏီ အပါအဝင် ကြက်မွေးမြူရေးလုပ်ငန်း ကုမ္ပဏီကြီးတွေက သတ်မှတ်ပြီး CP ကုမ္ပဏီမှာ ဇူလိုင် ၅ ရက်က ကြက်တပိဿာကို ကျပ် ၆,၀၅၀ ပေါက်ဈေးရှိပါတယ်။
မြန်မာနိုင်ငံတဝန်း ကြက်သားစားသုံးသူဦးရေဟာ တရက် ပျမ်းမျှ ကြက်သားပိသာချိန် ၆ သိန်းခန့် ရှိတယ်လို့ စားသုံးသူရေးရာဦးစီးဌာနကနေ သိရပါတယ်။