
ပုဂံပြည်မှသည် ပုပ္ပားတောင်က ဒေါ်အောင်ဆန်းစုကြည်ခြံသို့ အပိုင်း ( ၂ )
မိခင်ပီသသော မိခင်၏ထံတွင် သားကောင်းရတနာ ဖြစ်ခွင့်ရခြင်းသည် ကမ္ဘာပေါ်တွင် လူဖြစ်လာရကျိုး အထမြောက်ပါ၏ အိုလောက...
နိုင်ငံတော်ကို အမိနဲ့နှိုင်းကာ အမိနိုင်ငံတော်ဟု ခေါ်ဝေါ်သမုတ်ကြပါ၏။ နိုင်ငံတော်ဆိုသည်မှာ နိုင်ငံသားတို့၏ မှီခိုအားထားရာ၊ ထောက်တည်ရာ ဖြစ်ပါ၏။ နိုင်ငံရေးသိပ္ပံသဘောတရားအရ ပြောမည်ဆိုပါက နိုင်ငံတော်ဆိုတဲ့ အဓိပ္ပာယ်ဖွင့်ဆိုချက်မှာ
၁။ နိုင်ငံသားများ ဝါ သင့်တင့်သောလူဦးရေရှိရမယ်၊
၂။ တိကျသော နယ်နိမိတ်အပိုင်းအခြား ရှိရမယ်၊
၃။ ပြည်တွင်း အချုပ်အခြာအာဏာ ပိုင်စိုးမှုရှိရမယ်၊
၄။ ပြည်ပ နိုင်ငံခြားတိုင်းပြည်များက အသိအမှတ်ပြုမှုရှိရမယ် စသဖြင့် နိုင်ငံတော်၏ ဝိသေသလက္ခဏာများ ရှိပါတယ်။
ထိုနိုင်ငံတော်ကို လူတို့ မှီခိုအားထားရပါသောကြောင့် မိခင်နဲ့ ခိုင်းနှိုင်းကြပါတယ်။ ထိုနိုင်ငံတော်ကို အစိုးရသော အာဏာကိုင်စွဲကျင့်သုံးခွင့်ရှိသော အစုအဖွဲ့ကို အာဏာရ အစိုးရဟု ခေါ်ဝေါ်သမုတ်နိုင်ပါတယ်။ အဲဒါကြောင့် ထိုအစိုးရ၏ အကြီးအကဲကို ဒီမိုကရေစီစနစ် နိုင်ငံရေးတွင် နိုင်ငံတော်၏သမ္မတဟု ခေါ်ဝေါ်သမုတ်ကြပါတယ်။
မိခင်ဟာ နိုင်ငံတော်ဖြစ်ပါတယ်။ အစိုးရဟာ နိုင်ငံတော်မဟုတ်ပါ။ ဒါ့ကြောင့် နိုင်ငံတော်နဲ့ အစိုးရကို တန်းတူထားပြီး မဆက်ဆံအပ်ပါ။ အစိုးရဟာ မိခင်နိုင်ငံတော်ကို အလုပ်အကြွေးပြုရတဲ့ သား သို့မဟုတ် သမီးပဲဖြစ်ရမယ်။ သားလိမ္မာ၊ သမီးလိမ္မာဟာ ကောင်းမွန်သောအစိုးရမျိုးဖြစ်ပြီး သားဆိုး၊ သမီးဆိုးဟာ မိုက်မဲသော၊ မလိမ္မာသော အစိုးရမျိုး ဖြစ်ပါတယ်။
လိမ္မာသောသားသမီးမှသာလျှင် မိခင်နိုင်ငံတော်ကို ရိုကျိုးစွာ အလုပ်အကျွေးပြုမည် ဖြစ်ပါတယ်။ မိခင်ပီသသော မိခင်မှသာလျှင် သားကောင်း သမီးရတနာကို မွေးဖွားသန့်စင် ပေးနိုင်ပါတယ်။ မိခင်နိုင်ငံတော် အသိဉာဏ်ပညာ ဖွံ့ဖြိုးကြွယ်ဝမှသာလျှင် အသိဉာဏ်နဲ့ ယှဉ်တဲ့ ကိုယ်ကျင့်သိက္ခာကောင်းမွန်သော အစိုးရကို မွေးထုတ်ပေးနိုင်မှာ ဖြစ်ပါတယ်။
ဦးအောင်ဆန်းဟာ မိခင်နိုင်ငံတော်နဲ့ တူညီတဲ့ ဝိသေသအထူးလည်း ရှိပါတယ်။ အဖရဲ့ မေတ္တာနဲ့ ပကတိ ရိုးသားခြင်းကိုလည်း ပြခဲ့ပါတယ်။ ဤလောကမှာ ဦးအောင်ဆန်းကဲ့သို့ မိခင်နှလုံးသားရှိသော ကောင်းကင်မဲ့ ကြယ်တွေလည်း ရှိပါတယ်။ ဦးအောင်ဆန်းနဲ့ ဒေါ်ခင်ကြည်မှာ နှစ်ယောက်မဟုတ် တယောက်တည်းဖြစ်ပါတယ်။
နောက်ဆုံး သူတို့နှစ်ဦး ပေါင်းစပ်ခြင်း၊ သေဆုံးပျောက်ကွယ်ခြင်းက ၁ + ၁ = ၃ ဖြစ်ခဲ့ပါတယ်။
အမေဒေါ်အောင်ဆန်းစုကြည် ဖြစ်ခဲ့ပါတယ်။ မိခင်နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ဖြစ်ပါတယ်။ မိခင်ဟာ သူရဲ့ ရင်သွေးတို့ကို အဝေးမှာထားကာ မျိုးဆက်ကို ကမ်းလက်လုပ်ခဲ့တာ မိခင်ပီသပါပေတယ်။ ပြည်ထောင်စုသမ္မတ အမိမြန်မာနိုင်ငံတော်မှ ဒေါင်းမိခင်တွေရဲ့ ဂုဏ်ဒြပ်ကျေးဇူးကို ရန်ကုန်တက္ကသိုလ်မှာ အထင်အရှား တွေ့နိုင်ပါတယ်။
ကိုအောင်ဆန်းကို ကြည့်နိုင်တယ်။ ကိုအောင်ကျော်ကို ကြည့်နိုင်တယ်။ ကိုဘဟိန်းကို ကြည့်နိုင်ပါတယ်။ အမေ ဒေါ်အောင်ဆန်းစုကြည်ကို ကြည့်နိုင်တယ်။
ဒေါ်ခင်ကြည် ဖောင်ဒေးရှင်းကို ကြည့်နိုင်တယ်။ လရောင်တောကို ကြည့်နိုင်ပါတယ်။ ကြည့်သောသူ မြင်၏တဲ့။ ကြည့်တတ်မြင်တတ် ခံစားတတ်မှ မိခင်၏မေတ္တာကို မြင်ရမှာပါ။ မိခင်၏ မိခင်ပီသသောသဘောကို သိရမှာပါ။
၂၀၂၂ ခုနှစ် ဇွန်လ ၂၇ ရက်က အမေ့ခြံထဲသို့ အမေ့သားသမီးတွေ ရောက်ခဲ့ပါတယ်။ အမေ့သမီးတွေက အမေ့ကျေးဇူးကို သိတတ် ပေးဆပ်တဲ့သဘောကို ပြချင်တဲ့အတွက် အမေရဲ့ ဂုဏ်အင် တော်ဝင်နှင်းဆီ ၈ ပင်ကို အမေ့ခြံထဲမှာ စိုက်ပျိုးခဲ့ကြပါတယ်။
အမေ့ခြံထဲမှာ အမေ့လမ်းစဉ်ကို လိုက်နာကြတဲ့ အမေညို အမေစိုးနဲ့ ဘုတ်ဘုတ်၊ အမေ့သမီးချောတွေ ဖြစ်ကြတဲ့ မကေ၊ မအေးလေး တို့ကလည်း အမေ့လိုပဲ မိခင်ပီသတဲ့ မိခင်နဲ့တူသော အမျိုးကောင်းသမီးရတနာတွေ ဖြစ်လို့နေပါပြီ။ သူတို့ကို ပျော်ရွှင်စေခွင့်ရလို့ ကျနော် ဝမ်းသာပီတိ ဖြစ်ခဲ့ရပါတယ်။
ကျနော်ကား နောင်တော်ကြီး အဆုံးအမအတိုင်း တတိယမျိုးဆက်ရဲ့ တာဝန်ကို ကျေပွန်နိုင်ဖို့ လူငယ်မျိုးဆက်ကို ပျိုးထောင်ခဲ့ပါတယ်။ ကမ္ဘာပေါ်မှာ လူငယ်တွေ တိုင်းချစ်ပြည်ချစ် ပုဂ္ဂိုလ်တွေ ကြည့်သင့်တယ်လို့ ယူဆရတဲ့ ရုပ်ရှင်ဇာတ်ကားတွေကို လူငယ်မျိုးဆက်သစ်တွေကို ကြည့်ရှုခံစားစေပြီး ရုပ်ရှင်ဝေဖန်ချက်ကို ပြန်လည်ရေးစေတာ တမျိုး၊ ရုပ်ရှင်ဝေဖန်ချက်ကို စာပြန်ရေးစေတာ တမျိုး၊ လူငယ်တွေ အသိပညာ ပြန့်ပွားရေးအတွက် ယုံကြည်စွာနဲ့ ကျနော့်ဘဝကို ရင်းနှီးမြှုပ်နှံထားခဲ့ပါတယ်။
အဲဒီနေ့က ပုပ္ပါးက အမေ့ခြံထဲမှာ အမေ့သားသမီးတွေ Super 30 ရုပ်ရှင်ကားကြည့်ပြီး ရင်နင့်ခဲ့ကြရပါတယ်။ ဝမ်းနည်းကြေကွဲခဲ့ကြရပါတယ်။ ပျော်ရွှင်ကြည်နူးမှု ရသကိုလည်း ခံစားခဲ့ရပါတယ်။ သူငယ်ချင်းအချင်းချင်း ပြန်လည်တင်ဆက်ပြောပြတဲ့ ယဉ်ကျေးမှု၊ စာဖတ် ရုပ်ရှင်ကြည့်ကာ ဘက်စုံဖွံ့ဖြိုးတိုးတက်တဲ့ လူငယ်တွေဖြစ်အောင် ပြုစုပျိုးထောင်ရမှာက ကျနော်တို့တာဝန်နဲ့ ဝတ္တရား မဟုတ်ပါလား။
လူငယ်တွေကို ဆုပေးပါ့မယ်လို့ ကတိပေးထားတာကတော့ ကျောက်ပန်းတောင်းက ကိုယ်စားလှယ် နောင်တော်ကြီးပါ။ နောင်တော်ကြီး ကိုမင်းဆန်းကတော့ ပျော်နေတာများ မျက်ရည်များပင် ဝိုင်းလို့နေတော့တာပေါ့။
သူ့ကိုတော့ ကျနော် ကတိတွေပေးခဲ့တာ မျှော်လင့်ချက်တွေအတွက် နောက်ရက် စနေနေ့တွေမှာလည်း အမေ့ခြံထဲမှာ ရောင်စုံပန်းတွေ ဖူးပွင့်ဖို့ ကျနော့်နောင်တော်ကြီး ကိုမင်းဆန်းဆီ ဥယျာဉ်မှူးတာဝန် ထမ်းဆောင်ပေးရဦးမည်သာ...။
ချစ်မင်းနွဲ့ကြည်
အပိုင်း ( ၁) ပြန်လည်ဖတ်ရှုရန်