
ပဲခူးမြို့က ခရီးသည်တင် သုံးဘီးယာဥ်တွေကို လိုင်စင်သက်တမ်းတိုး ဆောင်ရွက်ပါက ဆေးရောင်ကို အဝါရောင်အဖြစ် ပြောင်းလဲရမယ်ဆိုတဲ့ ညွှန်ကြားချက်ကြောင့် ယာဉ်ပိုင်ရှင်တွေ အခက်အခဲတွေနဲ့ ရင်ဆိုင်နေရတယ်လို့ မြို့ခံ သုံးဘီးမောင်းနှင်သူတွေဆီက သိရပါတယ်။
ဇွန် ၁၂ ရက်က ပဲခူးမြို့မှာ ပြေးဆွဲနေတဲ့ ခရီးသည်တင် သုံးဘီးယာဥ်တွေအားလုံး ဆေးရောင်ပြောင်းလဲဖို့ ပဲခူးတိုင်း ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှု ဦးစီးဌာနက ညွှန်ကြားခဲ့တာပါ။
လိုင်စင်ပါ သုံးဘီးဆိုင်ကယ်တစီးကို ကာလတန်ဖိုး ကျပ်သိန်း ၉၀ ကနေ သိန်း ၁၀၀ ကြားထိ ရှိပြီး ဆေးရောင်ထပ်မံပြောင်းလဲရပါက ကုန်ကျစရိတ် ပိုမိုကုန်နိုင်တာကြောင့် သုံးဘီးအုံနာတွေအနေနဲ့ အခက်အခဲရှိနေတယ်လို့ ပဲခူးမြို့ပေါ်မှ သုံးဘီးအုံနာတဦးက ပြောပါတယ်။
သုံးဘီးဆိုင်ကယ်တွေကို အခုလို အရောင်ပြောင်းပြီးမှ သက်တမ်းတိုးဖို့ နေပြည်တော်မှာရှိတဲ့ ပို့ဆောင်ရေးနဲ့ ဆက်သွယ်ရေးဝန်ကြီးဌာနက သတ်မှတ်ထားတာလို့ ပဲခူးတိုင်း ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနက ဝန်ထမ်းတဦးက ပြောပါတယ်။
ဇွန် ၁ ရက်ကစပြီး ပဲခူးမြို့မှာ လိုင်စင်မဲ့ သုံးဘီးဆိုင်ကယ်တွေကို ဖမ်းဆီးနေတာဖြစ်သလို သက်တမ်းမတိုးရသေးတဲ့ သုံးဘီးဆိုင်ကယ်တွေကိုလည်း ယာဥ်ထိန်းရဲတွေက ဒဏ်ငွေဆောင်ခိုင်းတာတွေ ရှိပါတယ်။
ဒါ့အပြင် လိုင်စင်မဲ့ကား၊ ဆိုင်ကယ်နဲ့ သုံးဘီးဆိုင်ကယ်တွေကို နေ့စဥ်ဖမ်းဆီးနေပြီး ဖမ်းဆီးခံရတဲ့သူတွေ အနေနဲ့ ယာဥ်ထိန်းရဲတွေကို ဒဏ်ငွေကျပ် ၃ သောင်းကနေ ကျပ် ၅ သောင်းအထိ ပေးနေရတယ်လို့ သုံးဘီးမောင်းနှင်သူတွေဆီက သိရပါတယ်။