Home
မြန်မာသတင်း
လှည်းတန်းခုံးကျော်တံတားအောက် စကိတ်စီးနေသည့် လူငယ်များကို စစ်တပ်က ရိုက်နှက်
DVB
·
May 22, 2023
348288450_1349090012319351_4257410713818003293_n

ရန်ကုန်တိုင်း၊ ကမာရွတ်မြို့နယ်၊ လှည်းတန်းခုံးကျော်တံတားအောက်မှာ မေ ၂၁ရက် မနက်ပိုင်းက  စကိတ်စီးနေတဲ့ လူငယ်တွေကို စစ်ကောင်စီတပ်က ဝင်ရောက် ရိုက်နှက်သွားခဲ့တယ်လို့ မျက်မြင်တွေ့သူတွေက ပြောပါတယ်။

လှည်းတန်းခုံးကျော်တံတားအောက်မှာ လူငယ်တွေ စကိတ်စီး စက်ဘီးစီးနေတဲ့ အချိန် စစ်ကောင်စီတပ်က ကားနှစ်စီးနဲ့ ရောက်လာပြီး လူငယ်တွေကို  ဝမ်းလျားမှောက်ခိုင်းကာ ရိုက်နှက်ခဲ့တာလို့ မြင်တွေ့ခဲ့ရသူ လူငယ်တစ်ဦးက ပြောပါတယ်။

"ခုံးကျော်တံတားအောက်မှာက ဟိုးအရင်ကတည်းက စကိတ်စီး စက်ဘီး (BMX) စတန့် စီးနေတဲ့သူတွေရှိနေတာပဲ။ အဲ့ဒါကို  မနက် ၇ နာရီလောက် စစ်ကားနှစ်စီးနဲ့ ရောက်ချလာပြီး ကောင်လေးတစ်ယောက်ကို သေနတ်ဒင်နဲ့ ထုလိုက်တယ်။ ကျန်တဲ့ကလေးတွေကိုလည်း ဝမ်းလျားမှောက်ခိုင်းထားပြီး ရိုက်နှက်သွားတယ်။ သူတို့ ဘာလို့  အဲ့လို လုပ်လဲတော့ မသိဘူး။”

စစ်ကောင်စီတပ်က လူငယ်တွေကို မေးမြန်းရိုက်နှက်စစ်ဆေးပြီး လူငယ်တွေကို ဖမ်းဆီးသွားတာ  မတွေ့ခဲ့ရပေမယ့် ခုံးကျော်တံတားအောက်မှာ စကိတ်စီးတာ စက်ဘီးစီးတာ မလုပ်ဖို့ တားမြစ်ပိတ်ပင်သွားတယ်လို့လည်း ပြောပြပါတယ်။

လှည်းတန်းမြို့နယ် ပေ ၅၀ လမ်းမှာ ပြီးခဲ့တဲ့ ၂၀၂၂ခုနှစ် ဇွန် ၃၀ ရက်နေ့က စစ်ကား ၅ စီးနဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေရောက်လာပြီး  လမ်းဘေး ဈေးရောင်းချနေသူတွေကို ရိုက်နှက်ကာ ဈေးရောင်းချနေတဲ့ ပစ္စည်းတွေကို မီးရှို့ဖျက်ဆီးခဲ့ပါသေးတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024