Home
မြန်မာသတင်း
မန္တလေး V9 KTV တွင် သေနတ်ပစ်ခတ် ဓားခုတ်မှုဖြစ်ပွားပြီး လူ ၂ ဦး စိုးရိမ်ဒဏ်ရာရ
DVB
·
April 24, 2023
342980816_945297196624550_5671362790045716809_n

မန္တလေး၊ မဟာအောင်မြေမြို့နယ်၊ ရဲမွန်တောင်ရပ်ကွက်၊ ၅၅လမ်း၊ (၄၂× ၄၃ )လမ်းကြားရှိ V9 KTV မှာ ဧပြီလ ၂၃ ရက် ညပိုင်းက သေနတ်ပစ်ခတ် ဓားခုတ်မှုဖြစ်ပွားခဲ့တာကြောင့် လူ ၂ ဦးထိခိုက်ဒဏ်ရာ စိုးရိမ်ရ ရရှိခဲ့တယ်လို့ မြို့ခံကယ်ဆယ်ရေးအသင်းက ပြောပါတယ်။

အဆိုပါည ၇ နာရီလောက်က ချမ်းမြသာစည်မြို့နယ်နေ အမျိုးသား ၂ ဦးအပါအဝင် လူ ၈ ဦးက KTV က ပြန်ထွက်လာချိန် ကားပါကင်နေရာမှာ ပုသိမ်ကြီးမြို့နယ်နေအမျိုးသား ၂ ဦးပါဆိုင်ကယ်တစ်စီးနဲ့တိုက်မိပြီး စကားများရာကနေ ပစ်ခတ်မှုတွေ ဖြစ်ပွားခဲ့တာပါ။

V9 KTV နဲ့ နီးစပ်သူတစ်ဦးက “ည ၇ နာရီလောက်က စကားများကြပြီး လမ်းမပေါ်တင် ဖြစ်ကြတာ၊ ရဲကချက်ချင်းရောက်လာပါတယ်၊ ထိသွားတဲ့ ၂ ဦးကို rescue က လာသယ်ပေးသွားတယ်” လို့ ပြောပါတယ်။

ချမ်းမြသာစည်မြို့နယ်နေ ဘချစ်(ခ)မြင့်ဇော်ဦး ဆိုသူက ဘေးလွယ်အိတ်ထဲကနေ တူရကီထုတ် ပစ္စတိုသေနတ်နဲ့ တစ်ချက် ပစ်ခတ်ပြီး နေလင်းဦး(ခ)ဂျိုးဂျိုးက ဓားနဲ့ခုတ်ခဲ့တာကြောင့် ပုသိမ်ကြီးမြို့နယ်နေ ဆိုင်ကယ်စီး အသက် ၃၀ အရွယ် အမျိုးသားမှာ ဦးခေါင်းနောက်စေ့ ပြတ်ရှဒဏ်ရာ၊ အသက် ၂၃ နှစ်အရွယ် အမျိုးသားမှာ ဘယ်ဘက်ရင်ညွန့်အောက် ကျည်ဖောက်ဝင်ဒဏ်ရာတွေနဲ့ ရရှိခဲ့တယ်လို့ သိရပါတယ်။

ကယ်ဆယ်ရေးအဖွဲ့ဝင် တဦးက “ဝဲဘက် ရင်ဘက်အောက်ပိုင်းလေးမှာ တစ်ချက်ထိထားတယ်၊ သူကတော့ စိုးရိမ်ရပါ၊ နောက်တစ်ဦးက နောက်စေ့ကို ၂ လက်မနီးပါး ပြတ်ရှထားတယ်၊ ဆေးရုံကြီး ပို့ဆောင်ပေးထားပါတယ်” လို့ ဆိုပါတယ်။

ထိခိုက်သူတွေကို မန္တလေးဆေးရုံကြီးကို စိုးရိမ်ရလူနာအဖြစ် အရေးပေါ်ပို့ဆောင်ခဲ့ရပြီး စစ်ကောင်စီ ရဲတပ်ဖွဲ့ဘက်က ချက်ချင်းလာရောက်စစ်ဆေးမှုတွေ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။

အဲ့ဒီညမှာပဲ သေနတ်ပစ်ခတ် ဓားခုတ်သူ ၂ ဦးကို ချမ်းမြသာစည်မြို့နယ်၊ ၁၀၇ လမ်း ( ၅၅× ၅၆ ) လမ်းမှာ ရှိတဲ့ နှင်းဆီဝေဧည့်ရိပ်မွန်မှာ ပစ္စတိုသေနတ်တစ်လက်၊ ကျည်ဆန် ၂၇ တောင့်နဲ့အတူ ဖမ်းဆီးရမိခဲ့ပြီး မဟာအောင်မြေမြို့နယ်ရဲစခန်းကို ပို့ဆောင်စစ်ဆေးနေတယ်လို့ သိရပါတယ်။

ဓာတ်ပုံ( PAN )

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024