
ကေအန်ယူနယ်မြေမှာရှိတဲ့ စစ်ကောင်စီ တပ်စခန်း ၂ ခုကို ကရင်အမျိုးသားလွတ်မြောက် ရေးတပ်မတော်(KNLA)က ဧပြီ ၂၂ ရက်မှာတိုက်ခိုက်သိမ်းပိုက် ဖျက်ဆီးနိုင်ခဲ့ပြီး စစ်ကောင်စီတပ်က ဒုတပ်ရင်းမှူးအပါအဝင် ၁၆ ဦးသေဆုံး၊ ၁၇ ဦး ဒဏ်ရာရတယ်လို့ ကေအန်ယူက ဒီကနေ့ ထုတ်ပြန်ပါတယ်။
KNLA တပ်မဟာ (၃) တပ်ပေါင်းစုတပ်ဖွဲ့တွေဟာ စစ်ကောင်စီရဲ့ တပ်စခန်း ၄ ခုဖြစ်တဲ့ ကေအန်ယူ-မူးမြို့နယ်ရှိ နောင်ကုန်းစခန်း၊ ရန်မျိုးအောင်စခန်း၊ ကေအန်ယူ-လယ်ဒိုမြို့နယ်ရှိ ညောင်ကုန်းစခန်းနဲ့ ကျွန်းကုန်းစခန်းတို့ကို မနေ့မနက် ၄ နာရီခွဲကနေ ၅ နာရီခွဲအတွင်းမှာ တပြိုက်နက် တိုက်ခိုက်ခဲ့တာပါ။
ညောင်ကုန်းစခန်းနဲ့ ကျွန်းကုန်းစခန်းကို တိုက်ခိုက်ချေမှုန်းဖျက်ဆီးနိုင်ပြီး လက်နက်တွေ သိမ်းဆည်းရမိခဲ့ပေမဲ့ နောင်ကုန်းစခန်းနဲ့ ရန်မျိုးအောင်စခန်းတွေမှာတော့ စစ်ကောင်စီတပ်တွေက စခန်းတွင်မနေပဲ အပြင်ဘက်သို့ ပုန်းရှောင်နေလို့ တိုက်ခိုက်ခဲ့ရတာမရှိဘူးလို့ဆိုပါတယ်။
တိုက်ခိုက်အပြီးမှာ စစ်ကောင်စီတပ်က လယ်ဒိုမြို့နယ်ရှိ ညောင်တန်း၊ ညောင်ကုန်းနဲ့ နရွဲပင်ကျေးရွာ ကြားမှာ ရဟတ်ယာဉ် ၂ စီး၊ ဂျက်တိုက်ယာဉ် ၁ စီးနဲ့ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ဒေသခံရွာသားတွေ ဘေးလွတ်ရာထွက်ပြေးတိမ်းရှောင်ခဲ့ရတယ်လို့ ကေအန်ယူက ထုတ်ပြန်ပါတယ်။
ဒီတိုက်ပွဲမှာ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) တပ်မဟာ ၃ တပ်ပေါင်းစုဘက်ကလည်း ၁ ဦး ကျဆုံးကာ ၂ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။
ဒီတိုက်ပွဲနဲ့ ပတ်သက်ပြီး စစ်ကောင်စီဘက်ကို ဆက်သွယ်မေးမြန်းနိုင်ခြင်းမရှိသလို စစ်ကောင်စီဘက်ကလည်း သတင်းထုတ်ပြန်လေ့မရှိပါဘူး။
ကရင်ပြည်နယ်ထဲမှာ စစ်ကောင်စီတပ်တွေနဲ့ KNLA ၊PDF ပူးပေါင်းတပ်ဖွဲ့တွေ နေ့စဉ်လိုလို တိုက်ပွဲတွေ ဖြစ်ပွားနေတာဖြစ်ပါတယ်။