
အာဏာလုတာ ၂ နှစ်ကျော် ကြာခဲ့တာတောင် မအောင်မြင်ခဲ့တာမို့ စစ်ဘီလူးအုပ်စုဟာ သူတို့မိုက်တွင်းကို နက်သထက်နက်စွာ ပြန်လမ်းမရှိအောင် တူးနေကြဆဲ ဖြစ်ပါတယ်။ ချီးတွင်းထဲက လောက်ဟာ မစင်လူးမှာ မကြောက်သလို ရက်စက်ကြမ်းကြုတ်တဲ့ စစ်ရာဇဝတ်မှုတွေ ကုဋေကုဋာကျူးလွန်ပြီး ပြည်သူ့သွေးအထပ်ထပ် ပေကျံခဲ့ပြီးသားမို့ မထူးဇာတ်ခင်းနေကြရင်း ပြန်လမ်းမဲ့တဲ့လမ်းကို မျက်ကန်းတစ္ဆေ မကြောက် ဇွတ်တိုးလျှောက်နေကြတာ ဖြစ်ပါတယ်။
ဧပြီ ၁၁ ရက် မနက်ခင်း ၈ နာရီလောက်မှာ စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ မလည်တိုက်နယ်၊ ပဇီကြီးရွာမှာ ပြည်သူလူထုအများ စုဝေးနေကြချိန်မှာ စစ်ကောင်စီက ဂျက်တိုက်လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်ရုံတင်မက အငြိုးကြီး ရက်စက်စွာ Mi35 စစ်ဘက်သုံး ရဟတ်ယာဉ်နဲ့ ၁၅ မိနစ်လောက် ၄ ပတ် ပတ်ပြီး စက်သေနတ်နဲ့ စိမ်ပြေနပြေ ပစ်ခတ် သတ်ဖြတ်ခဲ့တာမို့ ဒေသခံပြည်သူတွေ အစုလိုက်အပြုံလိုက် သေဆုံးခဲ့ရတာ၊ ပြင်းထန်စွာ ထိခိုက်ဒဏ်ရာရတာ ရာနဲ့ချီရှိတယ်လို့ ဒေသခံတွေက ပြောပြတဲ့ စိတ်နှလုံး တုန်လှုပ်ချောက်ချားစရာ သတင်းကို ဖတ်ခဲ့ရပါတယ်။
မိုက်ရိုင်းရမ်းကားစုတ်ပဲ့တဲ့ စစ်ဘီလူးသဘက်တွေဟာ အခုချိန်မှ ပြည်သူလူထုအပေါ် လူမဆန်စွာ ရက်စက် ယုတ်မာခဲ့ကြတာ မဟုတ်ပါဘူး။ ခေတ်အဆက်ဆက်မှာ ဖက်ဆစ်သန္ဓေအပြည့်နဲ့ စစ်တိရစ္ဆာန်တွေဟာ နိုင်ငံကို ဖျက်ဆီး၊ ပြည်သူကို မညှာမတာ သတ်ဖြတ်ညှဉ်းပန်းခဲ့ကြမြဲ ဖြစ်သလို ပြည်သူလူထုကို ဒုက္ခပေးခဲ့ကြတာချည်းပါပဲ။
ထင်ရှားတဲ့ သာဓကတစ်ခုကတော့ ၂၀၀၈ ခုနှစ် မေလ ၂ ရက်နေ့မှာ စတင်ဝင်ရောက် တိုက်ခတ်ဖျက်ဆီးခဲ့တဲ့ နာဂစ်မုန်တိုင်းဟာ မြန်မာနိုင်ငံသမိုင်းမှာ အဆိုးရွားဆုံးသော သဘာဝဘေးအန္တရာယ်တစ်ခု ဖြစ်ပါတယ်။ အဲဒီမုန်တိုင်းဟာ ဧရာဝတီ မြစ်ဝကျွန်းပေါ်ဒေသတွင် ကီလိုမီတာ ၄၀ ခန့်အထိ ဝင်ရောက်ခဲ့ပြီး ကြီးမားတဲ့ ပျက်စီးမှုများကို ဖြစ်ပေါ်စေခဲ့ကာ ပြည်သူပေါင်း ၁၃၈,၀၀၀ ခန့် သေဆုံးခဲ့ကြရသလို သန်းပေါင်းများစွာ အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ရပါတယ်။
အဲဒီလို ပြည်သူလူထု သိန်းချီ အသက်ဆုံးပါးလို့ တနိုင်ငံလုံး အသုဘရှုရင်း စိတ်နှလုံး ညှိုးချုံးနေရချိန်မှာ ပြည်တွင်း ပြည်ပ ကယ်ဆယ်ရေး အကူအညီပေးတာတောင် ဟန့်တား နှောင့်ယှက်ခဲ့ကြတဲ့ မကောင်းဆိုးဝါး စစ်တိရစ္ဆာန်တွေ ဖြစ်ကြပါတယ်။ ဒါတင်မက မသာအိမ် ဖဲလိမ်ရိုက်သလို ပူဆွေးငိုကြွေးသံတွေ မတိတ်သေးခင် နာဂစ်မုန်တိုင်းဝင်ပြီးစ သီတင်းတပတ် အလွန် ၂၀၀၈ ခုနှစ်မေလ ၁၀ ရက်နေ့မှာ သဘာဝဘေးအန္တရာယ် ဖြစ်ပွားပြီးနောက် အကျိုးဆက်များ ခံစားနေရစဉ်အတွင်း အတိုက်အခံပါတီတွေနဲ့ နိုင်ငံခြား တိုင်းပြည်တွေ ကန့်ကွက်မှုများ ပြုလုပ်နေတဲ့ကြားက စစ်မိစ္ဆာအုပ်စုဟာ သူတို့ တဖက်သတ် ရေးဆွဲထားတဲ့ ဖွဲ့စည်းအုပ်ချုပ်ပုံ စစ်ကျွန်အခြေခံဥပဒေကို ဇွတ်အတည်ပြုဖို့ (၂၀၀၈ ခုနှစ် မေလ ၁၀ ရက်) မှာ ပြည်လုံးကျွတ် ဆန္ဒခံယူပွဲကို ပြုလုပ်ခဲ့ကြပါတယ်။
စစ်အာဏာရူး ဓားပြတွေဟာ အခုလို ပြည်သူလူထုဆန္ဒကို ဆန့်ကျင်ပြီး နိုင်ငံတော်အာဏာလုဖို့ ပြင်ဆင်ခဲ့ကြရာမှာ အားနည်းတဲ့ ပြည်သူလူထုကိုသာ အနိုင်ကျင့်ရဲပြီး သူတို့ထက်အားကြီးတဲ့ အမေရိကန်ကို ကြောက်လန့်တာကြောင့် နိုင်ငံတကာက စစ်ရေးအရ အရေးယူလာခဲ့ရင် ရင်ဆိုင်ဖို့ စစ်အာဏာရူး လိုဏ်ခေါင်းသန်းရွှေနဲ့ အကြောက်ကြီးတဲ့ စစ်မိစ္ဆာဗိုလ်ယုတ်တွေဟာ မြို့တော်ရန်ကုန်ကို စွန့်ခွာပြီး ပျဉ်းမနားကြပ်ပြေးနားက နေပြည်တော်မြို့သစ်နဲ့ ဥမင်လိုဏ်ခေါင်းတွေကို တည်ဆောက်ဖို့ ၂၀၀၈ ခုနှစ်ကတည်းက စတင်ပြင်ဆင်ခဲ့ကြပါတယ်။
၂၀၀၈ ခုနှစ် နိုဝင်ဘာလ ၂၁ ရက်နေ့မှာ ၈၈ အာဏာလု စစ်ဓားပြဂိုဏ်းရဲ့ နံပါတ် ၃ သူရရွှေမန်း ခေါင်းဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့ဟာ တရုတ်နိုင်ငံကတဆင့် မြောက်ကိုရီးယားကို လျှို့ဝှက်သွားရောက်ခဲ့ကြပြီး မြောက်ကိုရီးယား စစ်ဦးစီးအရာရှိချုပ် ဗိုလ်ချုပ်ကင်မ်ကျုတ်ဆစ် (Kim Kyok-sik) နဲ့ နိုဝင်ဘာ ၂၆ ရက်နေ့မှာ လေယာဉ်၊ စစ်ဆင်ရေးထိန်းချုပ်ရေးဌာနတွေ ထားရှိမယ့် ဥမင်လိုဏ်ခေါင်းတွေ ဆောက်လုပ်ရာမှာ ဗမာနဲ့ မြောက်ကိုရီးယား စစ်တပ်တို့ ပူးပေါင်းဆောင်ရွက်ကြဖို့ MoU ကို သဘောတူချုပ်ဆိုခဲ့ကြပါတယ်။
၂၀၀၉ ခုနှစ် ဇွန်လထဲမှာ စစ်လက်နက်တွေ တင်ဆောင်လာတယ်လို့ ယူဆရတဲ့ မြောက်ကိုရီးယား သင်္ဘောတစီး မြန်မာပြည်ကို ဦးတည် ခုတ်မောင်းနေတယ်ဆိုတဲ့ သတင်းဟာ ကမ္ဘာ့မီဒီယာ သတင်းတွေရဲ့ ထိပ်တန်းကို ရောက်ရှိခဲ့ပါတယ်။ အဲဒါနဲ့တချိန်တည်းမှာပဲ မြန်မာစစ်အစိုးရရဲ့ နျူကလီးယား ထုတ်လုပ်မယ့် အစီအစဉ်နဲ့ ပတ်သက်နိုင်ဖွယ်ရှိတဲ့ မြေအောက်ဥမင်တွေ တည်ဆောက်နေမှု ဓာတ်ပုံတွေ၊ ဗွီဒီယိုမှတ်တမ်းတွေကိုလည်း သတင်းဌာနတွေမှာ ထုတ်လွှင့်ပြသခဲ့ပါတယ်။
၂၀၁၁ ခုနှစ် ဇွန်လ ၁၀ ရက်သတင်းတွေမှာ မကွေးတိုင်း နတ်မောက်မြို့နယ် ရွှေပန်းတောကျေးရွာကနေ နေပြည်တော်အထိ ဖောက်လုပ်နေတဲ့ မြေအောက်လျှို့ဝှက်ဥမင်လိုဏ်ခေါင်း စီမံကိန်း အချောသတ်လုပ်ငန်းတွေအတွက် ဒေသခံ ကျေးရွာသားတွေကို တရက် ငွေ ၂၀၀၀ ကျပ်ပေးပြီး နေ့စား အလုပ်သမားတွေအဖြစ် စတင်ခေါ်ယူ ခိုင်းစေနေတယ်လို့ ဒေသခံတဦးက ပြောခဲ့ပါတယ်။
အဲဒီက စတည်ဆောက်ခဲ့ကြတဲ့ အောက်ပါ စစ်ရေးသုံးဥမင်လှိုဏ်ခေါင်းတွေ၊ မြေအောက်ခံတပ်တွေကို ၂၀၁၇/၂၀၁၈ မှာ အပြီးသတ် ပြင်ဆင်တည်ဆောက်ခဲ့ကြတာကို တပ်တွင်း ဖရဲသီးတွေထံကနေ ပေါက်ကြားလာပြီး သိကြရပါတယ်။
၁) နေပြည်တော် တောင်ကြားမြေအောက်ဥမင်ခံတပ် စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်
၂) လားရှိုးအနီး တောင်ကြားမြေအောက်ဥမင်ခံတပ်ကွပ်ကဲရေးစခန်းခွဲ။
၃) တောင်ကြီးအနီး တောင်ကြားမြေအောက်ဥမင်ခံတပ်ကွပ်ကဲရေးစခန်းခွဲ။
၄) မော်လမြိုင်အနီး တောင်ကြားမြေအောက်ဥမင်ခံတပ်ကွပ်ကဲရေးစခန်းခွဲ
၅) ရခိုင် စစ်တွေ တောင်ကြားမြေအောက်ဥမင်ခံတပ်ကွပ်ကဲရေးစခန်းခွဲ စတဲ့ စစ်ဓားပြ မြေအောက်ဥမင်ခံတပ်ကြွက်တွင်းများ ဖြစ်ကြပါတယ်။
အဲဒီမြေအောက်ဥမင်ခံတပ်ထဲမှာ အကြီးဆုံးကတော့ နေပြည်တော် တောင်ကြားဥမင် မြေအောက်စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်ဖြစ်ပြီး နေပြည်တော်မှာ တည်ရှိပါတယ်။ ဝင်လမ်း ထွက်လမ်း ၄ ခုရှိပါတယ်။ ပင်မဝင်ပေါက်ကြီးက နေပြည်တော်စစ်ဌာနချုပ်ကနေ ဝင်ရပါတယ်။ ထရပ်ကားကြီး ၂ စီး ပြိုင်မောင်းနှင်နိုင်အောင် ကျယ်ဝင်းပါတယ်။ နောက်ဝင်ပေါက်တခုကတော့ တပ်ကုန်း-ပင်လောင်းလမ်းက ထူးဆောက်တပ်အနီး တောလမ်းကနေ ဝင်ရပါတယ်။ ကျန် ၂ ပေါက်ကတော့ ရှမ်းပြည်ဘက်ကို ဖောက်ထားပါတယ်။
ခန့်မှန်းခြေ မိုင် ၁၀ မိုင်ကျော် မိုင်၂၀ နီးပါး ရှည်လျားတဲ့ အဲဒီ နေပြည်တော်ဥမင်ခံတပ်ဟာ လူ ၂၀၀၀ ကျော် ၃၀၀၀ အထိ တလတိတိ အပြင်ရေ၊ လေ မပါဘဲ ရှင်သန်နိုင်အောင် အစားအသောက် ရိက္ခာတွေ သိုလှောင်စီစဉ်ထားတယ်လို့ ဆိုပါတယ်။
အထဲမှာ အရာရှိကြီးတွေ ပုန်းခိုနေနိုင်ဖို့ အခန်းပေါင်း ၂၀၀ ကျော် ၃၀၀ လောက် ဖွဲ့ထားပါတယ်၊ အလယ်မှာ စစ်ဆင်ရေးကွပ်ကဲမှု ခန်းမကြီးရှိပြီး လောလောဆယ် စစ်အာဏာရူးဓားပြ မင်းအောင်လှိုင်နဲ့ သူ့မိသားစုလည်း ပုန်းခိုနေပါတယ်။ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကိုလည်း အမေရိကန်တွေက မစ်ဇိုင်းတွေ၊ ဒရုန်းလက်နက်ဆန်းတွေနဲ့ တိုက်ခိုက်မလာအောင် သူတို့အတွက် အကာအကွယ်ဒိုင်းအဖြစ် ဥမင်လိုဏ်ခေါင်းထဲ ထည့်ထားမယ်လို့ တွက်ဆနိုင်ပါတယ်။
အဲဒီမြေအောက်ဥမင်ခံတပ်တိုင်းမှာ အထဲမှာလိုတဲ့ ရေ၊ မီးပေးရတဲ့ ရေကုန်း၊ မီးကုန်းတွေ အနီးအနားမှာ တည်ဆောက်ထားသလို ဆက်သွယ်ရေးကွန်ရက်တွေလည်း တပ်ဆင်ထားသလို မစ်ဇိုင်းဒုံးကျည်တွေနဲ့ ပစ်ခတ်ခံရရင် ခံနိုင်အောင် သံမဏိနဲ့ အချောကိုင်ထားတဲ့ တံခါးမကြီးတွေ၊ နံရံတွေ၊ မြေအောက်ဥမင်တွေမှာ တပ်ဆင်ထားတယ်လို့ ဆိုပါတယ်။
ဒီဆောင်းပါးကို နိဂုံးသတ်ရရင် နိုင်ငံတော်အချုပ်အခြာအာဏာကို အဓမ္မနည်းနဲ့လုယူခဲ့ရုံမက သူတို့ အာဏာကို အမြဲတမ်းဆုပ်ကိုင်ဖို့၊ သူတို့ရဲ့ အကြောက်တရားအတွက် လိုဏ်ခေါင်းသန်းရွှေနဲ့ သူ မွေးထုတ်လိုက်တဲ့ သမ္မတရူး သတိုးငပုမအလနဲ့တကွ စစ်ဓားပြတွေဟာ တိုင်းပြည်ဘဏ္ဍာ၊ ပြည်သူပိုင် သယံဇာတရောင်းရငွေကြေးတွေကို နိုင်ငံသားတွေ အကျိုးစီးပွားအတွက် အသုံးမပြုဘဲ သူတို့ ပြန်ခံရမှာ ကြောက်တာမို့ မြေအောက်ဥမင်လိုဏ်ခေါင်းတွေ နက်နက်တူးပြီး သေသည်အထိ ယုတ်မာပက်စက်မယ့် အကြံဆိုးကို အသေအချာ စီစဉ်ပြင်ဆင် ဆောင်ရွက်ခဲ့ကြတာ ဖြစ်ပါတယ်။
ဒါပေမဲ့ ပြည်တွင်း ပြည်ပ တိုင်းရင်းသား မိဘပြည်သူအားလုံးရဲ့ အဘက်ဘက် ထိုးနှက်ခံရလို့ အမြစ်ပုပ်ပြီး အခေါက်ခြောက်သွားတာမို့ ပြန်မရှင်သန်နိုင်တဲ့ သစ်ပင်ပမာ ခေတ်ကုန်နေတဲ့ စစ်အာဏာရှင်စနစ်နဲ့ ပြည်သူအများစုရဲ့ နာကြည်းမုန်းတီးမှု အမြင့်ဆုံးခံရတဲ့ အရူးမီးဝိုင်း စစ်တိရစ္ဆာန်တွေဟာ ဥမင်လိုဏ်ခေါင်းထဲကနေ ကြွက်တွေလို နေပြီး တိုင်းပြည်ကို အုပ်ချုပ်လို့ အမြဲတမ်း မရနိုင်တော့ပါဘူး။
အာဏာလုတာ ၂ နှစ်ကျော်တာတောင် နိုင်ငံတကာနဲ့ မြန်မာပြည်သူ သန်း ၅၀ ကျော်က လုံးလုံးလက်မခံတော့တာမို့ လှိုဏ်ခေါင်းနက်နက်တူး မိုက်တွင်းနက်နက်တူး အရှင်ထွက် မထွက်လိုတော့တဲ့ စစ်ဘီလူးသဘက်တွေဟာ လမ်းဆုံးနေပြီး ဆက်လျှောက်စရာ လမ်းမရှိဘဲ ကိုယ့်သေတွင်း ကိုယ်တူးထားသလို သူတို့တူးထားတဲ့ မြေအောက်ဥမင်တွေထဲမှာပဲ အဆုံးသတ်ကြရတော့မှာ ဖြစ်ပါတယ်။
အဲဒီအခါမှာ စစ်ဘီလူး သဘက်တွေ တည်ဆောက်ခဲ့တဲ့ မြေအောက်ဥမင်ခံတပ်တွေဟာ သမိုင်းဆိုး ပြယုဂ်အဖြစ် ပြတိုက်တွေလို နှောင်းလူတွေ လာရောက်ကြည့်ရှုရတော့မှာပါ။ ကမ္ဘာလှည့်ခရီးသည်တွေ လာရောက်ကြည့်စရာ နိုင်ငံခြားခရီးသွားတွေ စိတ်ဝင်စားစရာ နေရာတွေ ဖြစ်လာပြီး တိုင်းပြည်အတွက် နိုင်ငံခြားဝင်ငွေရှာပေးမဲ့ ကမ္ဘာကျော် စစ်ဓားပြ ကြွက်တွင်းတွေ ဖြစ်လာတော့မှာ ဧကန်မုချဖြစ်ပါကြောင်း။
မင်းကောင်းချစ်