Home
မြန်မာသတင်း
ဘုတ်ပြင်းမြို့နယ်၌ ရွာသား ၈ ဦးကို စစ်တပ်ကဖမ်းဆီး၊ မြိတ်မြို့တွင် ဆိုင်ကယ်များကို ဖမ်းဆီး ငွေညှစ်နေ
DVB
·
April 7, 2023

တနင်္သာရီတိုင်း၊ ဘုတ်ပြင်းမြို့နယ်၊ ကံမော်ကြီးကျေးရွာမှာ စစ်ကောင်စီတပ်က  ရေလုပ်သားနဲ့ ခြံလုပ်သားတွေအပါအဝင် ရွာသား ၈ ဦးကို PDF နဲ့ ဆက်နွှယ်တယ်လို့ စွပ်စွဲ ဖမ်းဆီးသွာားတယ်လို့   ဒေသခံတွေထံက သိရပါတယ်။

အဆိုပါရွာသားတွေကို  ဧပြီ ၄ ရက်နေ့က  စစ်ကောင်စီရဲ့ အမှတ် ၂၀ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် လက်အောက်ခံတပ်တွေဖြစ်တဲ့ ရခစ ၃၇၊ အမြောက်တပ် ၃၀၅၊ ခမရ ၅၉၇ နဲ့ ခမရ ၅၉၄ တို့က စစ်ကောင်စီတပ်သား ၁၅၀ လောက် ဝင်ရောက်ဖမ်းဆီးခဲ့တာလို့ သိရပါတယ်။

ဖမ်းဆီးထိန်းသိမ်းခံရသူတွေဟာ အသက် ၆၀ အရွယ် အမျိုးသား ၂ ဦး၊ အသက် ၄၃ နှစ်အရွယ် အမျိုးသားတဦးနဲ့ အသက် ၃၀ နဲ့ ၂၅ ဝန်းကျင် အမျိုးသား ၅ ဦးတို့ဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဖမ်ဆီးခံရတဲ့ ရွာသား ၈ ဦးထဲမှာ ဦးစံရွှေအောင်ဟာ NLD လက်ထက်ကရော၊ အခု စစ်ကောင်စီလက်ထက်မှာပါ အုပ်ချုပ်ရေးမှူးဖြစ်ပြီး ကျန်တဲ့သူတွေဟာ ခြံလုပ်သားနဲ့ ရေလုပ်သားတွေဖြစ်တယ်လို့ ဒေသခံတွေထံက သိရပါတယ်။

ဘုတ်ပြင်းမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ တာဝန်ရှိသူတဦးက “ဝါးကျွန်းမှာ ပြည်သူ့စစ်တွေနဲ့ PDF တို့ တိုက်ပွဲဖြစ်ပြီးတဲ့နောက်ပိုင်း စစ်ကောင်စီဘက်က ရေတပ်နဲ့ ကြည်းတပ်တို့က ဝါကျွန်းရွာအနီးနားဝန်းကျင်မှာရှိတဲ့ ရွာသားတွေကို PDF နဲ့ ဆက်စပ်မှုရှိတယ်ဆိုပြီး စွပ်စွဲချက်နဲ့ တရွာဝင်တရွာထွက် လိုက်ဖမ်းနေကြတယ်။ ဖမ်းဆီးခံရတဲ့သူတွေက ကျနော်တို့အဖွဲ့နဲ့ ပတ်သက်မှုမရှိပါဘူး” လို့ ပြောပါတယ်။

ပြီးခဲ့တဲ့ မတ်လ ၂၇ ရက်က ဝါးကျွန်းကျေးရွာမှာရှိတဲ့ ပြည်သူ့စစ်အဖွဲ့ကို ဒေသခံ ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့တွေက ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး တိုက်ပွဲဖြစ်ခဲ့တဲ့ ဝါးကျွန်းကျေးရွာနဲ့ အခု ရွာသား ၈ ဦး ဖမ်းဆီးခံရတဲ့ ကံမော်ကြီးကျေးရွာဟာ ရေမိုင် ၂၀ အကွာအဝေး ရှိတယ်လို့လည်း သိရပါတယ်။

ဖမ်းဆီးခံရတဲ့ ရွာသား ၈ ဦးကို ကျောက်ထနောင်းရေတပ်မှာ ဖမ်းဆီး စစ်ဆေးနေတယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။

ပြီးခဲ့တဲ့ မတ်လ ၂၅ ရက်ကလည်း ဘုတ်ပြင်းမြို့နယ်မှာ စစ်ကောင်စီတပ်သားတွေက လသားကလေးတဦး အပါအဝင် အရပ်သား ၁၀ ဦးကို ဖမ်းဆီးခဲ့ပြီး ၅ ဦးကို ပြန်လွှတ်ပေးခဲ့ပေမဲ့ ကျန် ၅ ဦးကို ဆက်လက်ဖမ်းဆီး ထိန်းသိမ်းထားတယ်လို့လည်း သိရပါတယ်။

တနင်္သာရီတိုင်း၊ မြိတ်မြို့နယ်မှာတော့ ပြီးခဲ့တဲ့ရက်ပိုင်းက စစ်ကောင်စီတပ် ဆိုင်ကယ်တွေကို ဖမ်းဆီးသွားပြီး ဒီနေ့အထိ ပြန်လည်ထုတ်ယူခွင့်မပေးသေးဘဲ ငွေကြေးတောင်းရမ်းနေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ပြီးခဲ့တဲ့ ဧပြီ ၃ ရက် ညက အဝေးပြေးကားဂိတ်ဟောင်းအနီးရှိ စစ်ကောင်စီလေတပ်အရှေ့မှာ ဆိုင်ကယ် ၁ စီးကနေ အော်ဟစ်ဆဲဆိုခဲ့တယ်လို့ စွပ်စွဲကာ ဆိုင်ကယ်မောင်းနှင်လာတဲ့ ဒေသခံလူတွေကို ဖမ်းဆီးခဲ့ပြီးနောက် အာမခံငွေကြေး ၁ ယောက်ကို ကျပ် ၅ဝ,ဝဝဝ စီ ပေးဆောင်ခဲ့ရပါတယ်။

ဖမ်းဆီးခံရသူတွေ ပြန်လည်လွတ်မြောက်လာခဲ့ပြီး နောက်ရက်‌တွေမှာ သက်ဆိုင်သူတွေက‌ ဆိုင်ကယ်တွေကို သွားရောက်ထုတ်ယူပေမဲ့ ပြန်လည်ထုတ်ယူခွင့်မပေးဘဲ ၁ ပတ်ကျော်တဲ့အထိ ပြန်လည်ချိန်းဆိုကာ လာရောက်ထုတ်ယူသူတွေဆီကနေလည်း ဆိုင်ကယ်တစီးကို ၅ဝ,ဝဝဝ ကျပ်အထိ ထပ်မံတောင်းယူခဲ့တယ်လို့လည်း ဆိုင်ကယ်ပိုင်ရှင်က ပြောပါတယ်။

“ဖမ်းတာက ဆိုင်ကယ်တစီးက သူတို့လေတပ်ကို အော်ဆဲခဲ့တယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ စဖမ်းတာပဲ။ ဖမ်းပြီး သဘက်ခါတော့ ၁၀ နာရီချိန်းတယ်။ လူကြီးရောက်နေတယ်ဆိုပြီး အကြောင်းပြတယ်။ နောက်တရက်ကျ ယာဉ်မောင်းလိုင်စင်တို့ ဆိုင်ကယ်လိုင်စင်တို့ မိတ္တူသွားပို့ရတယ်။ ချလန်ပေးပြီးတော့ ပြန်လွှတ်လိုက်တယ်ပြောတယ်၊ လူ‌သွား‌ထုတ်ရတုန်းက ငွေ ၅ဝ,ဝဝဝ နဲ့ ဆိုင်ကယ်ထုတ်တာ ငွေ ၅ဝ,ဝဝဝ ထပ်ပေးလိုက်ရတယ်” လို့ ဒေသခံတဦးက ပြောပါတယ်။

ဒါ့အပြင် စစ်ကောင်စီကနေ အကြောင်းအမျိုးမျိုးပြပြီး ဒေသခံပြည်သူတွေနဲ့ ဆိုင်ကယ်‌တွေကို မတရားဖမ်းဆီးနေတဲ့အပြင် ငွေကြေးအမြောက်အမြား ပေး‌ဆောင်ပြီး ပြန်လည်ထုတ်ယူခိုင်းနေတယ်လို့ ပြောပါတယ်။

မြိတ်မြို့မှာ ပြီးခဲ့တဲ့ မတ်လ ၁၄ ရက်က အများပြည်သူပိုင်လမ်းမနဲ့ ဥယျာဉ်ပန်းခြံတွေမှာ လူ ၅ ဦးထက် ပိုမစုရဆိုပြီး စစ်ကောင်စီဘက်ကနေ အမိန့်ထုတ်ပြန်ထားပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024