
နိုင်ငံတဝန်းက ကိုယ့်ပြည်သူကို သတ်ဖြတ်နေတဲ့ မီးရှို့ ဓားပြတပ်ဟာ အလွန်မြန်ဆန်တဲ့နှုန်းနဲ့ ယိမ်းယိုင်ချည့်နဲ့လို့ အချိန်မရွေး ပြိုလဲတော့မယ့် အနေအထားကို ရောက်လာပြီဖြစ်ပါတယ်။ ပြည်တွင်းပြည်ပ နှစ်ဖက်စလုံးမှာ အသိအမှတ်ပြုမခံရဘဲ ကဏ္ဍပေါင်းစုံမှာ အရေးနိမ့်နေတဲ့အပြင် တိုင်းရင်းသားပြည်သူလူထုရဲ့ ဆန့်ကျင်တိုက်ခိုက်မှုတွေက အားကောင်းသထက် အားကောင်းလာတာမို့ အရူးမီးဝိုင်းလို ဖြစ်လာနေပါပြီ။
အာဏာလု အကြမ်းဖက် စကစရဲ့ ခါးပိုက်ဆောင်တပ်ထဲမှာ ကျန်ရစ်တဲ့သူတွေကို ကြည့်လိုက်ရင် အတွေးအခေါ် မှိုင်းတိုက်ခံထားရလို့ သူများစကားနဲ့လမ်းဆုံးပြီး သူတို့ကိုယ်သူတို့ တိုင်းပြည်ကာကွယ်နေတယ်၊ ဗုဒ္ဓဘာသာကို စောင့်ရှောက်နေတယ်လို့ ထင်မှတ်မှားနေတဲ့ အနုံအန္ဓ စစ်တိရစ္ဆာန်တွေနဲ့ ပင်ကိုဗီဇယုတ်မာတဲ့ စစ်ပြိတ္တာ ဘီလူးသဘက် အများစုသာ ကျန်တော့တာ ဖြစ်ပါတယ်။
ပြည်သူ့စစ်သား ပြည်သူ့ရဲသား မှန်သူတွေကတော့ ပြည်သူ့ရင်ခွင်ခိုလှုံခဲ့ကြတာ အာဏာလု ၂၁ လအတွင်း သောင်းဂဏန်းကျော်နေပြီ ဖြစ်ကြောင်းနဲ့ အဲဒီအထဲမှာ ရဲတပ်ဖွဲ့ဝင် ၈,၀၀၀ ကျော်နဲ့ စစ်သည် ၄,၀၀၀ ကျော် ပါဝင်တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကာကွယ်ရေးဝန်ကြီးဌာနရဲ့ အမြဲတမ်းအတွင်းဝန် ဦးနိုင်ထူးအောင်က ပြောခဲ့ဖူးပါတယ်။
တကယ်တမ်းက နှစ်ဖက်တိုက်ပွဲတွေအတွင်း ထွက်ပြေးသွားသူတွေနဲ့ အာဏာရှင် ခါးပိုက်ဆောင်တပ်ကို စွန့်ခွာပြီး မထင်မရှား ဇာတ်မြှုပ်နေထိုင်သူတွေလည်း ရှိနေတာကြောင့် နိုင်ငံတော်ကို ပုန်ကန်ခဲ့တဲ့ စစ်ဓားပြတပ်ကို ကျောခိုင်းသွားသူ အရေအတွက်ဟာ ၁၀,၀၀၀ ကျော် ဆိုတာထက် ပိုများနိုင်တယ်လို့လည်း ဦးနိုင်ထူးအောင်က ပြောခဲ့ပါသေးတယ်။
ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာ ၁ ရက်နေ့ ရိုက်တာသတင်းမှာ ယာယီသမ္မတကြီး ဒူဝါလရှီးလက တော်လှန်ရေးအင်အားစုတွေဟာ အာဏာရှင်သစ္စာခံ စစ်သား ၂၀,၀၀၀ ကို ရှင်းလင်းသုတ်သင်နိုင်ခဲ့တယ်လို့ ဖြေကြားခဲ့ဖူးပါတယ်။ ဒီလောက်များတဲ့ အရေအတွက် ကျဆုံးရတာဟာ မြန်မာနိုင်ငံသမိုင်းမှာ ပထမဆုံးအကြိမ် ဖြစ်ပါတယ်။ ပြည်သူလူထုရဲ့ ခုခံစစ် ၂ နှစ်အတွင်း တိုင်းပြည်အပေါ် သစ္စာဖောက်ခဲ့တဲ့ စစ်မိစ္ဆာတပ်ဟာ အကျအဆုံး အလွန်များပြားလို့ အထိနာ ချည့်နဲ့နေပြီ ဖြစ်ပါတယ်။
အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က ၂၀၂၁ မေလ ၅ ရက်နေ့မှာ ဖွဲ့စည်းခဲ့တဲ့ ပြည်သူ့ကာကွယ်ရေးတပ်မတော် People's Defense Force (PDF) တပ်ရင်း တပ်ဖွဲ့တွေဟာ တနိုင်ငံလုံး အတိုင်းအတာနဲ့ ခန့်မှန်းခြေအင်အား ၆၅,၀၀၀ ဝန်းကျင်ရှိလာပြီ ဖြစ်ပါတယ်။
အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်ကတော့ NUG MOD အောက်မှာ PDF တပ်ရင်း ၃၀၀ ကျော်ရှိလာပြီး မြို့နယ် ၂၅၀ ကျော်မှာ ပကဖတွေ ဖွဲ့စည်းထားပြီးပြီလို့ ဆိုခဲ့ပါတယ်။ NUG အောက်မရှိတဲ့ LDF တွေလည်း ရှိပါသေးတယ်။ ဒါတွေအပြင် အရင်က ရှိနှင့်ပြီးသား တိုင်းရင်းသား တော်လှန်ရေးလက်နက်ကိုင်တပ်တွေ ERO နဲ့ ERO လက်အောက်မှာရှိတဲ့ အဖွဲ့တွေ၊ ချင်းပြည်နယ်ထဲ CDF တပ်ဖွဲ့၊ ကရင်နီနယ်ထဲက တပ်ဖွဲ့တွေ မပါသေးဘူး။
ISP Myanmar ရဲ့ ထုတ်ပြန်ချက်အရ နိုင်ငံအနှံ့ လက်နက်ကိုင်တပ်ဖွဲ့ ၅၇၇ ဖွဲ့ထက်မနည်း ရှိလာပြီး ၂ နှစ်အတွင်း တိုက်ပွဲဖြစ်မှုအကြိမ်ရေ ၈,ဝဝဝ ကျော် ရှိလာခဲ့တယ်လို့ ဆိုပါတယ်။ အာဏာလု စစ်အကြမ်းဖက်ကောင်စီရဲ့ ထုတ်ပြန်ချက်တွေမှာလည်း မြို့နယ် ၃၃၀ ထဲမှာ ၁၃၂ မြို့နယ်ဟာ တည်ငြိမ်မှုမရှိဘူးလို့ ဆိုထားပါတယ်။ အာဏာသိမ်း ၂ နှစ်ပြည့် နောက်ပိုင်းမှာ စစ်ကောင်စီက မြို့နယ်ပေါင်း ၄၀ ကို စစ်အုပ်ချုပ်ရေး ကြေညာခဲ့ပါတယ်။ အဲ့ဒီလို နောက်ထပ်တိုးပြီး ယခုအခါမှာ အာဏာသိမ်းမှုအလွန် စစ်အုပ်ချုပ်ရေးကြေညာထားတဲ့ မြို့နယ်ပေါင်း ၄၇ မြို့နယ် ရှိလာပြီဖြစ်ပါတယ်။
ပြည်သူ့ခုခံတော်လှန်စစ် ၂ နှစ်တာကာလအတွင်း နွေဦးတော်လှန်ရေး လက်နက်ကိုင် အင်အားစုတွေရဲ့ တိုက်ခိုက်မှုတွေအနက်မှာ အာဏာလု စစ်ဓားပြဂိုဏ်းရဲ့ ခါးခိုက်ဆောင် လက်နက်ကိုင်တပ်ကို အထိနာဆုံး၊ အကျအဆုံးများစေခဲ့တဲ့ တိုက်ခိုက်မှုတွေအနက်မှာ မိုင်းခွဲတိုက်ခိုက်မှုပဲ ဖြစ်ပါတယ်။
BNI Myanmar Peace Monitor ရဲ့ မှတ်တမ်းတွေအရ စစ်အာဏာလုခဲ့တဲ့ ၂၀၂၁ ခု ဖေဖော်ဝါရီလ ၁ ရက်နေ့ကနေ ၂၀၂၃ ခုနှစ် မတ်လ ၂၀ ရက်အတွင်း တော်လှန်ရေး အင်အားစုတွေက ဖက်ဆစ်ဓားပြတပ်ကို မိုင်းဆွဲတိုက်ခိုက်တဲ့ရက်ပေါင်း ၂၇၂ ရက်တောင် ရှိတယ်လို့ ဆိုပါတယ်။ မိုင်းဆွဲတိုက်ခိုက်မှုတရက်မှာ မိုင်းဆွဲတိုက်ခိုက်မှု အနည်းဆုံး တကြိမ်ကနေ အများဆုံး ၁၀ ကြိမ်ထိ ရှိတာကြောင့် မိုင်းဆွဲတိုက်ခိုက်မှု အကြိမ်ရေဟာ ၂၇၂ ကြိမ်ထက် ပိုများတယ်လို့ ယူဆနိုင်ပါတယ်။ အဲ့ဒီလို မိုင်းဆွဲတိုက်ခိုက်မှုတွေအနက် ၇၃ ရာခိုင်နှုန်းဟာ စစ်ကိုင်း၊ မကွေး၊ မန္တလေးတိုင်းတွေမှာ ဖြစ်ပွားခဲ့တယ်လို့လည်း မှတ်တမ်းတင်ထားပါတယ်။
မိုင်းဆွဲတိုက်ခိုက်တဲ့ရက် ၂၇၂ ရက်ထဲမှာ PDF/LDF တွေရဲ့ မိုင်းဆွဲတိုက်ခိုက်မှုဟာ ၂၄၈ ရက် ၉၁ ရာခိုင်နှုန်းထိရှိပြီး ကျန်တဲ့ရာခိုင်နှုန်းတွေကတော့ ကချင်လွတ်လပ်ရေးတပ်မတော် (KIO/KIA)၊ ကရင်အမျိုးသားအစည်းအရုံး (KNU/KNLA) နဲ့ ရက္ခိုင့်တပ်မတော် (ULA/AA) တို့ရဲ့ မိုင်းဆွဲတိုက်ခိုက်မှုတွေ ဖြစ်ကြပါသတဲ့။
တိုင်းနဲ့ ပြည်နယ်အလိုက် အာဏာလုဖက်ဆစ်တပ်ကို မိုင်းဆွဲတိုက်ခိုက်ခဲ့တဲ့ မှတ်တမ်းတွေကို လေ့လာလိုက်ရင် စစ်ကိုင်းတိုင်းက မိုင်းဆွဲတိုက်ခိုက်မှုရက် ၁၃၂ ရက်နဲ့ အများဆုံးဖြစ်ပြီး မကွေးတိုင်းက မိုင်းဆွဲတိုက်ခိုက်မှုရက် ၄၅ ရက်၊ မန္တလေးတိုင်းက မိုင်းဆွဲတိုက်ခိုက်မှုရက် ၂၃ ရက်၊ မွန်ပြည်နယ်မှာ မိုင်းဆွဲတိုက်ခိုက်မှုရက် ၁၄ ရက်၊ တနင်္သာရီတိုင်းနဲ့ ကချင်ပြည်နယ်မှာ မိုင်းဆွဲတိုက်ခိုက်မှုရက် ၁၃ ရက်စီနဲ့ တခြားပြည်နယ်တိုင်းများမှာ ခုဂဏန်းစီ ရှိကြပါတယ်။
မိုင်းဆွဲတိုက်ခိုက်မှုတွေကြောင့် ဖက်ဆစ်စစ်တပ်ဘက်က သေဆုံးမှုအခြေအနေတွေကတော့ စစ်ကိုင်းတိုင်းမှာ စစ်သား ၆၃၅ ဦး၊ မကွေးတိုင်းမှာ ၁၂၂ ဦး၊ ချင်းပြည်နယ်မှာ ၆၉ ဦး၊ မန္တလေးတိုင်းမှာ ၃၃ ဦး၊ ကချင်ပြည်နယ်မှာ ၃၂ ဦး သေဆုံးခဲ့ရပြီး ထူးခြားဖြစ်စဉ်ကတော့ အာဏာရူးစစ်ခေါင်းဆောင် ရုံးစိုက်ရာ နေပြည်တော်ကောင်စီနယ်မှာကို မိုင်းဆွဲတိုက်ခိုက်မှုကြောင့် စစ်သား ၂၄ ဦး သေဆုံးခဲ့တာဖြစ်ပါတယ်။
ဒီဆောင်းပါးမှာ အကြောင်းအမျိုးမျိုးနဲ့ အာဏာရှင်အကျိုး ကာကွယ်ပေးနေတဲ့ စစ်တပ်ထဲမှာ ကျန်ရစ်လို့ မျိုးနှစ်ဆိုက်ဝါးမိပြီး သူငယ်နာမစင်တဲ့ ခေတ်သစ်ကျန်စစ်သားတွေ၊ အရောင်အဆင်းမွဲလွန်းတဲ့ စစ်သားနင်းပြားတွေကို လေးလေးနက်နက် သတိပေးချင်တာတခု ရှိပါတယ်။ အဲ့ဒါကတော့ ရှေ့လျှောက်ခရီးမှာတော့ ပြည်သူလူထုရဲ့ တူးတူးခါးခါး နာကြည်းမုန်းတီးမှု ခံရတဲ့ အာဏာရူး စစ်ဓားပြတပ်ဟာ ရှေ့တန်းထွက်ထွက်၊ ကင်းပုန်းပဲဝပ်ဝပ်၊ လုံခြုံရေးပဲယူယူ၊ နောက်တန်းမှာပဲနေနေ မိုင်းဆွဲတိုက်ခိုက်တာ၊ လျှော့တိုက်ဒုံးနဲ့ပစ်တာ၊ ဒရုန်းနဲ့ ဗုံးသီးကြဲတာတွေ ခံရပြီး အသက်ဆုံး ဘဝတုံးကြရမှာ ဧကန်မလွဲပါဘူး ဆိုတာကို သတိပေးချင်တာပါ။
ဒါကြောင့်မို့လို့လည်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက မတ်လ ၃၀ ရက်နေ့မှာ တရားဝင်ထုတ်ပြန်ခဲ့တဲ့ မိန့်ခွန်းထဲမှာ အကြမ်းဖက်စစ်ကောင်စီ လက်အောက်တွင် တာဝန်ထမ်းဆောင်နေကြသည့် စစ်သား၊ ရဲများအနေဖြင့် “မင်းအောင်လှိုင်ကို ကာကွယ်ရင်း အသေခံမလား”၊ “နိုင်ငံတကာခုံရုံးတက်မလား”၊ “ပြည်သူ့ရင်ခွင် လိပ်ပြာလုံစွာ ခိုလှုံမလား” ဆိုသည်ကို ဆုံးဖြတ်ရမည့်အချိန် ရောက်ရှိပြီ ဖြစ်ကြောင်း သတိပေးပြောဆိုခဲ့တာပဲ ဖြစ်ပါတယ်။
မောင်မင်းကြီးသား ကျန်စစ်သားတို့အနေနဲ့ ကိုယ့်အသက်နဲ့ သိက္ခာကို နှမြောကြသေးရင်ဖြင့် တနိုင်ငံလုံးမှာရှိတဲ့ လက်ကျန် တိုင်းစစ်ဌာနချုပ်၊ တပ်မ၊ ဗျူဟာ၊ တပ်ရင်းတပ်ဖွဲ့တွေအဖို့ ကိုယ်နဲ့ ကိုယ့်မိသားစုဘဝတွေကို ကယ်တင်နိုင်ဖို့ နေပြည်တော်မှာရှိတဲ့ အာဏာရူး စစ်ဓားပြဂိုဏ်းချုပ် မအလနဲ့ လက်တဆုပ်စာ ဗိုလ်ချုပ်တအုပ်ကို ဝိုင်းချေမှုန်းကြဖို့ ပြည်သူလူထုနဲ့ ပူးပေါင်းလက်တွဲခြင်းမှတပါး အခြားလမ်းမရှိပါကြောင်း။
မင်းကောင်းချစ်