
ပဲခူးတိုင်း၊ ဝေါမြို့နယ်ကနေ ဘုရားပျိုကျေးရွာဘက်ကို ထွက်တဲ့ စစ်ဆေးရေးဂိတ်ကို ဖေဖော်ဝါရီ ၂၆ ရက်မှာ ဝင်ရောက်တိုက်ခိုက်ခဲ့တဲ့အတွက် စစ်ကောင်စီဘက်က ၂ ဦးသေဆုံးပြီး ၄ ဦး ဒဏ်ရာ ရခဲ့တယ်လို့ ဝေါမြို့နယ် PDF တာဝန်ရှိသူ တဦးက ပြောပါတယ်။
ဝေါမြို့နယ် PDF တာဝန်ရှိသူက “ဝေါမြို့ကနေ ဘုရားပျိုရွာဘက်ကို ထွက်တဲ့နေရာမှာ စစ်ဆေးရေးဂိတ် ဖွင့်ထားတာ။ အဲဒီဂိတ်က ကျိုက်ထိုဘက်ကလာတဲ့ ကားတွေကို ဆက်ကြေးလည်းကောက်တယ်။ ရန်ကုန်-မော်လမြိုင် လမ်းမကြီးကို ရှောင်တဲ့လမ်းပေါ့။ ည ၈ နာရီခွဲလောက်ကဖြစ်တာ။ သူတို့ဘက်က ၂ မိနစ်လောက် ပြန်ပစ်တယ်” လို့ ဆိုပါတယ်။
မနေ့ ည ၈ နာရီခွဲမှာ အပြန်အလှန်ပစ်ခတ်မှု ၂ မိနစ်လောက် ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်က ရာအိမ်မှူး တယောက်နဲ့ မီးသတ်ဝန်ထမ်းတယောက် စုစုပေါင်း ၂ ယောက် နေရာမှာ ပွဲချင်းပြီး သေဆုံးပြီး တပ်ကြပ်တယောက်၊ နယ်ထိန်းရဲ တယောက်နဲ့ ပျူစောထီး ၂ ယောက်တို့ ဒဏ်ရာ ရခဲ့တယ်လို့ သိရပါတယ်။
တိုက်ခိုက်မှုအတွင်း ကာကွယ်ရေးတပ်ဖွဲ့တွေဘက်က အထိအခိုက်မရှိဘဲ ဆုတ်ခွာနိုင်ခဲ့တယ်လို့ လည်း ပြောပါတယ်။