
အဖျက်လုပ်ရပ်တွေ မလုပ်ဆောင်ရေးနဲ့ ပြည်သူလူထုအကျိုးကို လက်တွေ့ကျကျ မျှော်တွေး သုံးသပ်ရေးအတွက် လက်အောက်ခံအဖွဲ့တွေကို ထိန်းသိမ်းကြပ်မတ်ဖို့ ကေအန်ယူ ခေါင်းဆောင်တွေထံကို အာဏာသိမ်းစစ်ကောင်စီအကြမ်းဖက်အဖွဲ့က စာပေးပို့ တောင်းဆိုလိုက်ပါတယ်။
စစ်ကောင်စီဩဇာခံ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ ဥက္ကဋ္ဌကိုယ်စား ဒုတိယဗိုလ်ချုပ်ကြီးဝင်းဗိုလ်ရှိန်က လက်မှတ်ထိုးပြီး ကေအန်ယူဥက္ကဋ္ဌ၊ ကေအန်အယ်အေ စစ်ဦးစီးချုပ်ဆီ လိပ်မူကာ ဖေဖော်ဝါရီ ၆ ရက် နေ့စွဲနဲ့ စာပေးပို့ တောင်းဆိုတာဖြစ်ပါတယ်။
ကေအန်ယူ လက်အောက်ခံ KNDO နဲ့ PDF တွေ ပူးပေါင်းပြီး တပ်မတော်ကိုလည်းကောင်း၊ ရဲတပ်ဖွဲ့ကို လည်းကောင်း တိုက်ခိုက်တဲ့အပြင်၊ ကျေးရွာတွေ ဝင်ရောက်ပစ်ခတ်တာ၊ အစိုးရ ရုံးဌာနတွေကို မီးရှို့ဖျက်ဆီးတာနဲ့ ဒေသဖွံ့ဖြိုးရေးအတွက် တည်ဆောက်ထားတဲ့ လမ်း တံတားတွေကို မိုင်းထောင်ဖောက်ခွဲဖျက်ဆီးမှုတွေ စတဲ့ အကြမ်းဖက်လုပ်ရပ်တွေကို လက်ခံနိုင်ဖွယ်မရှိကြောင်းနဲ့ ပျက်စီးဆုံးရှုံးမှုတွေက နစ်နာသူတွေမှာ အပြစ်မဲ့ပြည်သူလူထုသာ ဖြစ်ကြောင်း ဖော်ပြပါတယ်။
ကေအန်ယူဟာ အန်စီအေမှာ ပါဝင်လက်မှတ်ရေးထိုးထားတဲ့အတွက် မတရားအသင်းအဖြစ် ကြေညာထားခြင်းကနေ ပယ်ဖျက်ထားပြီး အန်စီအေ လက်မှတ်ရေးထိုးထားတဲ့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတရပ်အနေနဲ့ ရှုမြင်ကြောင်းလည်း စစ်ကောင်စီက ဆိုပါတယ်။
၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်နေ့ နိုင်ငံရေးအပြောင်းအလဲမှာ အမြင်အယူအဆ မတူတဲ့ အနေအထားတရပ်ကြောင့် စစ်ကောင်စီရဲ့ ပြည်တွင်းငြိမ်းချမ်းရေး ဆွေးနွေးမှုတွေမှာ ကေအန်ယူအနေနဲ့ပါဝင်မှု ရပ်ဆိုင်ထားတာကို လက်ခံထားရှိပြီး အလွတ်သဘော တွေ့ဆုံဆွေးနွေးတာ၊ လူသားချင်းစာနာမှုဆိုင်ရာ အကူအညီပေးမယ့်ကိစ္စရပ်တွေ ဆွေးနွေးခြင်းတွေ ဆောင်ရွက်လိုပါကလည်း လက်ခံဆောင်ရေးနိုင်ရေး မိတ်ဝတ်မပျက် သဘောထားနဲ့ ဆက်သွယ်ဆောင်ရွက်နိုင်တယ်လို့လည်း စာမှာ ပါရှိပါတယ်။
စစ်တပ်က နိုင်ငံတော်အာဏာကို တရားမဝင်သိမ်းယူတဲ့ ၂၀၂၁ ခု ဖေဖော်ဝါရီ ၁ ရက်ကနေ ၂၀၂၃ ခု ဇန်နဝါရီလ ၃၁ ရက်အထိ ကေအန်ယူအောက်ခံ တပ်မဟာတွေနဲ့ PDFတို့ကနေပြီး စစ်ကောင်စီ တပ်တွေသွားလာအသုံးပြုနေတဲ့ လမ်းတံတား၊ စစ်တပ်နဲ့ စစ်ခေါင်းဆောင်မိသားစု စီးပွားရေးလုပ်ငန်း တာဝါတိုင်တွေ၊ စစ်အုပ်စုနဲ့ဆက်နွှယ်တဲ့ အဆောက်အဦတွေကို လက်နက်ကြီးငယ်တွေနဲ့ ပစ်ခတ်တိုက်ခိုက်တာ၊ မီးရှို့ဖျက်ဆီးတာနဲ့ မိုင်းထောင်ဖောက်ခွဲ ဖျက်ဆီးတာတွေကို ကရင်ပြည်နယ်မှာ ၁၁၆ ကြိမ်၊ မွန်ပြည်နယ်မှာ ၃၁၇ ကြိမ်၊ ပဲခူးတိုင်းမှာ ၆၆၂ ကြိမ်၊ စုစုပေါင်း ၁၀၉၅ ကြိမ် ဆောင်ရွက်နိုင်ခဲ့တယ်လို့ စစ်ကောင်စီရဲ့ စာအရ သိရပါတယ်။
စစ်ကောင်စီဟာ အာဏာလုယူပြီးနောက် နိုင်ငံတဝန်း ကျေးရွာတွေကို မီးရှို့၊ လေယာဉ်နဲ့ ဗုံးကြဲအဖျက်လုပ်ရပ်တွေလုပ်နေသလို ပြည်သူတွေကို နေ့စဉ် အကြမ်းဖက်ဖမ်းဆီး သတ်ဖြတ်တာတွေလုပ်နေတဲ့အတွက် စစ်အာဏာရှင်လက်အောက်က လွတ်မြောက်ရေး ကေအန်ယူအပါအဝင်တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေ၊ လူငယ်မျိုးဆက်သစ်တွေဟာ ခုခံတွန်းလှန်စစ် ဆင်နွှဲနေတာ ဖြစ်ပါတယ်။