
အင်္ဂလိပ်စကားမှာ သုံးကြတဲ့ Failed State ဆိုတဲ့ အသုံးအနှုန်းရဲ့ အဓိပ္ပာယ်ကို မြန်မာလို အနက်ကောက်ရရင် နိုင်ငံတော်ကို တာဝန်ယူစီမံအုပ်ချုပ်ရတဲ့ နိုင်ငံရေးအဖွဲ့အစည်းတရပ် သို့မဟုတ် အစိုးရတရပ်ဟာ ဖရိုဖရဲလဲပြိုပြီး အချုပ်အခြာအာဏာကို မထိန်းကျောင်းနိုင်တော့တဲ့ အခြေအနေ တရပ်ကို ရောက်ရှိသွားတဲ့ နိုင်ငံအခြေအနေကို ပျက်သုဉ်းနိုင်ငံတော်အဖြစ် သတ်မှတ်ကြတာ ဖြစ်ပါတယ်။
တနည်းအားဖြင့် ပြောရရင်တော့ အာဏာရှင်အစိုးရဖြစ်ဖြစ်၊ ရွေးကောက်ခံအစိုးရတရပ် ဖြစ်ဖြစ် ပြည်တွင်းနဲ့ နိုင်ငံတကာမှာ တရားဝင်မှု legitimacy ပျောက်ဆုံးသွားပြီး နိုင်ငံကို နိုင်နင်းစွာ မအုပ်ချုပ်နိုင်ဘဲ ပြည်သူလူထုကို အထွေထွေဝန်ဆောင်မှု မပေးနိုင်တော့ခြင်း (Inability to provide public services)၊ နိုင်ငံတကာသံတမန်ရေးနယ်ပယ်မှာ တရားဝင်အသိအမှတ်ပြုမခံရတော့ဘဲ မဝင်ဆံ့ မဆက်သွယ်နိုင်ခြင်း (Inability to interact with other states) စတဲ့အခြေအနေတွေဟာ ပျက်သုဉ်းနိုင်ငံတော်ရဲ့ လက္ခဏာတွေပဲ ဖြစ်ပါတယ်။
နောက်တခြား လက္ခဏာတွေကတော့ လက်ရှိအစိုးရမှာ စိုးမိုးထိန်းချုပ်ထားနိုင်တဲ့ နယ်မြေများစွာ လက်လွှတ်ဆုံးရှုံးလာခြင်း (Loss of control of its territory)၊ လက်နက်အင်အားသုံးလို ခြိမ်းခြောက်အုပ်ချုပ်လာရခြင်း (Monopoly on the legitimate use of physical force)၊ တိုင်းပြည်ရဲ့ အခွန်အတုပ်တွေကို မကောက်ခံနိုင်တော့ခြင်း (Inability to raise taxes)၊ အကျင့်ပျက် ခြစားမှုများ ကျယ်ပြန့်လာပြီး ရာဇဝတ်မှုထူပြောလာခြင်း (Widespread corruption and criminality)၊ စစ်ဘေးဒုက္ခသည်များ တိုးပွားပေါ်ပေါက်လာခြင်း (Appearance of refugees)၊ တိုင်းပြည်စီးပွားရေး နက်ရှိုင်းစွာကျဆင်းခြင်း (Sharp economic decline)၊ လက်နက်ကိုင်အုပ်စုများစွာ ပေါ်ထွန်းလာပြီး တိုင်းပြည်အရေး၊ နိုင်ငံ့ရေးကို စစ်ရေးနည်းလမ်းနဲ့ အကြမ်းဖက် ဖြေရှင်းလာခြင်း (Military intervention) စတာတွေ ဖြစ်ကြပါတယ်။
အထက်မှာ ရေးပြခဲ့တဲ့ အချက်တွေအားလုံးဟာ လက်ရှိ မြန်မာနိုင်ငံရဲ့ အခြေအနေအရပ်ရပ်နဲ့ တထပ်တည်း ကျနေတာကြောင့် မင်းအောင်လှိုင် ဦးဆောင်တဲ့ အာဏာလု စစ်အကြမ်းဖက်ကောင်စီ လက်အောက်က မြန်မာပြည်ဟာ ပျက်သုဉ်းနိုင်ငံ (Failed State) အဆင့်ကို ရောက်ရှိသွားပြီလို့ တိတိကျကျ ပြောနိုင်ပါတယ်။
အဲဒါအပြင် ပြီးခဲ့တဲ့ အောက်တိုဘာ ၂၁ ရက်နေ့က ပြင်သစ်နိုင်ငံ ပဲရစ်မြို့မှာ ကျင်းပခဲ့တဲ့ ကမ္ဘာ့ငွေကြေးခဝါချမှုနှင့် အကြမ်းဖက်မှု ဘဏ္ဍာရေးဆိုင်ရာ စောင့်ကြည့်ရေးအဖွဲ့ကြီး (FATF) ရဲ့ အစည်းအဝေးက မြန်မာနိုင်ငံကို ဘဏ္ဍာရေးဆိုင်ရာ အမည်ပျက်နိုင်ငံအဖြစ် ကြေညာခဲ့ပါတယ်။
အဲဒီလို အမည်ပျက်နိုင်ငံစာရင်းဝင်သွားရခြင်း အကျိုးဆက်က နိုင်ငံတကာကုန်သွယ်မှု၊ ရင်းနှီးမြှုပ်နှံမှု၊ နိုင်ငံခြားအကူအညီနဲ့ နိုင်ငံခြားငွေစီးဆင်းမှုများ အားလုံးကျဆင်းစေမှာ၊ အလုပ်အကိုင်တွေ ပိုရှားပါးစေမှာဖြစ်လို့ တိုင်းပြည်ရဲ့စီးပွားရေးကို ဒီထက် ဆိုးဆိုးဝါးဝါး ထိခိုက်လာဦးမှာ ဖြစ်ပါတယ်။
မြန်မာပြည်သူတွေအတွက်ကတော့ သေမထူး နေမထူးတဲ့ ဘဝအခြေအနေတွေ ရောက်လာခဲ့ပါပြီ။ မိသားစုဘဝတွေ ဖြိုခွဲခံရ၊ စစ်မိစ္ဆာတွေ မီးရှို့ဖျက်ဆီးလို့ နေစရာ အိုးအိမ်တွေ မရှိတော့တဲ့ စစ်ပြေး စစ်ရှောင်ပြည်သူဟာ အခုဆို နိုင်ငံတဝန်းလုံးမှာ ၁ ဒသမ ၄ သန်းကျော်သွားခဲ့ပါပြီ။
ဒီလို ဆိုးရွားလှတဲ့ အခြေအနေတွေ၊ အသက်ဘဝ မလုံခြုံတဲ့ အခြေအနေအားလုံးရဲ့ တရားခံ လက်သည်ဟာ စစ်အခွင့်ထူးခံ လူယုတ်မာအုပ်စုတစုကြောင့် ဖြစ်ရတယ်ဆိုတာ ပြည်သူတွေ ရှင်းရှင်းလင်းလင်း သိမြင်သွားကြပါပြီ။ ပြည်သူပိုင် နိုင်ငံပိုင် ဓနဥစ္စာတွေကို သူတို့ရဲ့အမွေဆိုင်လို သဘောပိုက်ပြီး လက်ဝါးကြီးအုပ် မောင်ပိုင်စီးတဲ့ စစ်အခွင့်ထူးခံ ဘီလူးသဘက်အုပ်ကြီး ရှိနေသရွေ့ ပြည်သူလူထုဟာ မဆုံးနိုင်တဲ့ ဒုက္ခဆင်းရဲတွေ အဖန်ဖန် တွေ့ကြုံရမယ်၊ ငရဲခံရမယ်ဆိုတာ နာနာကြည်းကြည်း နားလည်သဘောပေါက်သွားကြပါပြီ။
ဒီနွေဦးတော်လှန်ရေးကြီးကတော့ အကြိမ်ကြိမ် သေခဲ့ရဖူးလို့ ပျဉ်ဖိုး နားလည်သွားတဲ့ ပြည်သူတွေဟာ စစ်အခွင့်ထူးခံ သူယုတ်မာတအုပ်ကို နောက်ထပ် အခွင့်အရေးထပ်မပေးဘို့ ပြတ်ပြတ်သားသား ခိုင်ခိုင်မာမာ ဆုံးဖြတ်ပြီးကြပါပြီ။ ဒါကြောင့်လည်း ၂၀၂၁ ဖေဖော်ဝါရီ အာဏာသိမ်းပြီးတဲ့နောက် လက်နက်မဲ့ပြည်သူတွေကို ခေါင်းကို မှန်အောင် သေနတ်နဲ့ ပစ်လိုက်ကတည်းက မောင်းပြန်သေနတ်တွေနဲ့ စစ်ဓားပြဂိုဏ်းကို လက်လုပ်သေနတ်တွေ၊ တူမီးခါးချိုးတွေနဲ့ မကြောက်မရွံ့ ရင်ဆိုင်ခုခံလာရာကနေ အခုဆို ဖက်ဒရယ်ပြည်ထောင်စုတပ်မတော်ရဲ့ ရှေ့ပြေး ပြည်သူ့ကာကွယ်ရေးတပ်တွေ အားကောင်းမောင်းသန်နဲ့ လှုပ်ရှားစစ်ဆင်နိုင်နေပြီ မဟုတ်လား။
အမျိုးသားညီညွတ်ရေးအစိုးရ ဖွဲ့စည်းခြင်း တစ်နှစ်ပြည့် သတင်းထုတ်ပြန်ချက်အရ တစ်နှစ်တာ ကာလအတွင်းမှာ PDF တပ်ရင်းတပ်ဖွဲ့ ရာဂဏန်း၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပ.က.ဖ) ၂၅၀ ကျော် ဖွဲ့စည်းနိုင်ခဲ့ပြီး MOD နဲ့ ချိတ်ဆက်ထားပြီးဖြစ်တဲ့ ဒေသတော်လှန်ရေးအဖွဲ့အစည်း (LDF) ၃၅၄ ဖွဲ့ ရှိတဲ့အထဲက အဖွဲ့ ၁၀၀ ကျော်ကို ဝန်ကြီးဌာနလက်အောက် တပ်ရင်းတပ်ဖွဲ့များမှာ ပေါင်းစပ် ဖွဲ့စည်းခဲ့ကြတယ်လို့ သိရပါတယ်။
ပြည်သူ့ခုခံတော်လှန်စစ် ၁ နှစ်ပြည့် ကာလအတွင်း မြန်မာနိုင်ငံရဲ့ နယ်မြေပိုင်နက် ၅၀ ရာခိုင်နှုန်းလောက်ကို တိုင်းရင်းသား လက်နက်ကိုင်တော်လှန်ရေးအဖွဲ့တွေနဲ့အတူ ပူးပေါင်းထိန်းချုပ်ထားနိုင်ပြီ ဖြစ်သလို စစ်ကိုင်းတိုင်းနဲ့ မကွေးတိုင်းအတွင်းက အဓိကလမ်းမကြီး ၉၀ ရာခိုင်နှုန်း အပါအဝင် ကျေးရွာပေါင်း ၈၀ ရာခိုင်နှုန်းခန့်ကို ထိန်းချုပ်ထားနိုင်ရုံသာမက အုပ်ချုပ်ရေးနဲ့ တရားစီရင်ရေးလုပ်ငန်းတွေကို အကောင်အထည်ဖော် ဆောင်ရွက်နေကြောင်း NUG ထံမှ ပြည်သူတွေ သိခဲ့ရပြီး ဖြစ်ပါတယ်။
NUG သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဦးကျော်ဇောကလည်း “အခုလာမယ့်နှစ်မှာ အာဏာလု စစ်ကောင်စီကို နိုင်ငံရေး၊ နိုင်ငံတကာရေး၊ အုပ်ချုပ်ရေး၊ စီးပွားရေး၊ စစ်ရေးနဲ့ ပြည်သူလူထု ဆက်ဆံရေး ဆိုတဲ့ နယ်ပယ်တွေမှာ စစ်မျက်နှာ ၆ ခုမှာ ဟန်ချက်ညီညီနဲ့ ထိုးစစ်ဆင် တိုက်ခိုက်မှာ ဖြစ်တယ်လို့ ပြည်သူကို အသိပေးထားပြီး ဖြစ်ပါတယ်။
ဒါဟာ လာမည့်နှစ် ၂၀၂၃ ခုနှစ်ဟာ စစ်အာဏာရှင် အဆုံးသတ်တိုက်ပွဲရဲ့ အဆုံးအဖြတ်နှစ် ဖြစ်တာမို့ တော်လှန်ရေးအင်အားစုအားလုံး၊ ပြည်သူလူထုတရပ်လုံး ညီညီညာညာနဲ့ တချီတည်း ရုန်းကြရန် အချိန်ကျပြီ ဖြစ်ကြောင်း NUG က တိုက်ပွဲခေါ်သံပေးလိုက်တာပဲ ဖြစ်ပါတယ်။
ဒီဆောင်းပါးကို နိဂုံးချုပ်ရရင် နိုင်ငံရေးအသိတွေ မြင့်မားလာပြီး နာကြည်းစိတ်တွေ ဆူဝေနေကြပြီ ဖြစ်တဲ့ သေမထူး နေမထူးတဲ့ မြန်မာပြည်သူပြည်သားတွေဟာ ပျက်သုဉ်းနိုင်ငံ ပခုံးထက်က စစ်ထမ်းပိုးကို အပြီးရိုက်ချိုးဖို့ အခွင့်ထူးခံ အာဏာရှင်စနစ်ဆိုးကို အမြစ်လှန်ဖို့၊ နိုင်ငံတော်သစ်ကို တည်နိုင်ဖို့ အကောင်းဆုံးကို မျှော်လင့်ရင်း အဆိုးဆုံးကို ရင်ဆိုင်ကြဖို့ အသင့်ပြင်ထားပြီးကြပြီ ဖြစ်ပါကြောင်း။
မင်းကောင်းချစ်