Home
ဆောင်းပါး
အဓမ္မစရိယအကျင့်နှင့် နိုင်ငံတော်သီချင်း၏ အနှစ်သာရကို နင်းချေနေသည့် စစ်အကြမ်းဖက်ကောင်စီ
DVB
·
October 10, 2022
Article

မြန်မာပြည်သူလူထု အများစုဆန္ဒကို ဆန့်ကျင်ပြီး နိုင်ငံတော်ရဲ့ အချုပ်အခြာအာဏာ ၃ ရပ်ကို လက်နက်အားကိုးနဲ့ လုယူခဲ့တဲ့ စစ်ဗိုလ်ယုတ် မင်းအောင်လှိုင်နဲ့ လက်ပါးစေ နောက်လိုက် အခွင့်ထူးခံ အကြမ်းဖက်အုပ်စုဟာ ကမ္ဘာမကြေ (သို့မဟုတ်) မြန်မာနိုင်ငံတော်သီချင်းကို အခမ်းအနားတွေမှာ ဆိုနေကြ‌ပေမဲ့ သီချင်းရဲ့ အနှစ်သာရနဲ့ တန်ဖိုးတွေကို ရမ်းကားစွာ နင်းချေဖျက်ဆီးကြသူတွေ ဖြစ်ကြပါတယ်။

ဝိုင်အမ်ဘီဆရာတင် ခေါ် သခင်တင်ရဲ့ တို့ဗမာသီချင်းထဲက စာသားနဲ့ သံစဥ်အချို့ကို အခြေခံပြီး သူကိုယ်တိုင် ရေးစပ်ခဲ့တဲ့ ကမ္ဘာမကြေ (သို့မဟုတ်) မြန်မာနိုင်ငံတော်သီချင်း ခြေဆင်းမှာပါတဲ့ အနှစ်သာရ အလွန်ကောင်းမွန်တဲ့ စာသားတွေဖြစ်တဲ့…

“တရားမျှတ လွတ်လပ်ခြင်းနဲ့မသွေ တို့ပြည်၊ တို့မြေ”

“များလူခပ်သိမ်း ငြိမ်းချမ်းစေဖို့ ခွင့်တူညီမျှ ဝါဒဖြူစင်တဲ့ပြည် တို့ပြည်၊ တို့မြေ” စတဲ့ စာသားတွေရဲ့ တန်ဖိုးတွေကို ဗြောင်နင်းချေဖျက်ဆီးနေကြတာ ပြည်သူအားလုံး သက်သေဖြစ်ပါတယ်။

လက်ရှိ စစ်ဖိနပ်အောက်က မြန်မာနိုင်ငံက ပြည်သူလူထုဘဝ အခြေအနေဟာ နိုင်ငံတော်သီချင်း စာသားတွေနဲ့ ဆန့်ကျင်ဘက် တရားမျှတမှုမရှိ၊ လွတ်လပ်ခြင်းနတ္ထိနဲ့ များလူခပ်သိမ်းဟာ ငြိမ်းချမ်းမှုမရကြဘဲ ခွင့်တူညီမျှမှုဆိုတာ ဝေလာဝေးအောင် အခွင့်ထူးခံ စစ်အသိုင်းအဝိုင်းရဲ့ အဓမ္မစရိယာအကျင့် လွှမ်းမိုးနေတာမို့ မည်းညစ်တဲ့ ဝါဒအောက်မှာ အသက်ဘဝ လုံခြုံမှုကင်းမဲ့စွာ အသက်ရှင်သန်နေကြရတာ ဖြစ်ပါတယ်။

ဒီနေရာမှာ ကြားဖြတ်လို့ ဒီဃနိကာယ် အင်္ဂုတ္တိုရ်ပါဠိတော်၊ ဒသကနိပါတ်‌အောက်က အဓမ္မစရိယာသုတ်ထဲမှာ ဗုဒ္ဓရှင်တော်မြွက်ကြားခဲ့တဲ့ အဓမ္မစရိယာအကျင့်ရဲ့ အဓိပ္ပာယ်နဲ့ အကျိုးဆက်ကို အနည်းငယ် ရေးပြချင်ပါတယ်။

အခါတပါးမှာ ပုဏ္ဏားတယောက်ဟာ မြတ်စွာဘုရားထံသို့ ချဉ်းကပ်၍ မြတ်စွာဘုရားနှင့် အတူ ဝမ်းမြောက်ဖွယ် အမှတ်ရဖွယ် စကားကို ပြောဆိုပြီးဆုံးစေပြီးနောက် တခုသောနေရာ၌ ထိုင်ကာ မြတ်စွာဘုရားအား- “အသျှင်ဂေါတမ ဤလောက၌ အချို့သော သတ္တဝါတို့၏ ခန္ဓာကိုယ်ပျက်စီး၍ သေသည်မှနောက်၌ မကောင်းသူတို့လားရာ ဖရိုဖရဲပျက်စီး၍ ကျရောက်ရာ အပါယ်ငရဲ၌ ဖြစ်ရကြောင်းကား အဘယ်ပါနည်း၊ အထောက်အပံ့ကား အဘယ်ပါနည်း” ဟု လျှောက်ခဲ့ပါသတဲ့။

ပုဏ္ဏား မတရားသည်ကိုကျင့်ခြင်း မညီမညွတ် (မမျှမတ) သည်ကို ကျင့်ခြင်းဟူသော အကြောင်းကြောင့် ဤသို့ ဤလောက၌ အချို့သော သတ္တဝါတို့သည် ခန္ဓာကိုယ်ပျက်စီး၍ သေသည်မှ နောက်၌ မကောင်းသူတို့လားရာ ဖရိုဖရဲ ပျက်စီး၍ ကျရောက်ရာ အပါယ်ငရဲ၌ ဖြစ်ရကုန်၏ဟု (မိန့်တော်မူ၏)။

အတိုချုပ်ပြောရရင်‌တော့ အပါယ်ငရဲကျစေမယ့် အဓမ္မစရိယာအကျင့်ဆိုတာ မတရားသည်ကို ကျင့်ခြင်း မညီမညွတ် (မမျှမတ) သည်ကို ကျင့်ခြင်းဖြစ်ပါတယ်။ မြန်မာနိုင်ငံတော်သီချင်း ခြေဆင်းထဲက စာသားတလုံးချင်းဆီကို ပြန်ကြည့်ကြရအောင်။

“တရားမျှတ လွတ်လပ်ခြင်းနဲ့မသွေ”

မြန်မာပြည်သူတွေဟာ ၁၉၆၂ ခုနှစ်မှာ စစ်အာဏာသိမ်းတဲ့နေ့ကစလို့ တရားမျှတမှုအားလုံး ပျောက်ဆုံးခဲ့ရတာ ဒီနေ့အထိပဲ မဟုတ်လား။ လူသတ်လိုင်စင်ယူထားသလို စစ်အာဏာသိမ်းတာကို လက်မခံတဲ့ နိုင်ငံသားတွေ ကျောင်းသူ ကျောင်းသားတွေကို ရန်ကုန်တက္ကသိုလ်ဝင်းထဲအထိ ဝင်ရောက်သတ်ဖြတ်ခဲ့ကြတဲ့ စစ်ရာဇဝတ်ကောင်တွေကို တရားမျှတစွာ အခုချိန်ထိ အရေးယူ အပြစ်ပေး မခံရသေးသလို ခေတ်အဆက်ဆက်က သတ်ဖြတ်မှုတွေအတွက် တရားမျှတမှု မရသေးပါဘူး။

လူယုတ်မာ မင်းအောင်လှိုင် ဦးစီးတဲ့ ၂၀၂၁ ဖေဖော်ဝါရီ ၁ ရက် စစ်အာဏာသိမ်းပွဲမှာတော့ ကမ္ဘာ့သမိုင်းမှာ မရှိဘူးတဲ့ အဆိုးဝါးဆုံး စစ်ရာဇဝတ်မှုတွေကို ကျူးလွန်ခဲ့ကြတာ ဒီနေ့အထိပဲ မဟုတ်လား။ နိုင်ငံရေးယုံကြည်ချက်ကြောင့် အဖမ်းခံခဲ့ရတဲ့ ၈၈ ကျောင်းသားခေါင်းဆောင်ဟောင်း ကိုဂျင်မီနဲ့ NLD ရွေးကောက်ခံအမတ် ကိုဖြိုးဇေယျာသော်၊ ကိုလှမျိုးအောင်၊ ကိုအောင်သူရဇော် နိုင်ငံရေးအကျဉ်းသား ၄ ဦးကို ဥပဒေအကာအကွယ် မပေးခဲ့ဘဲ စစ်ခုံရုံးအမိန့်နဲ့ ကြိုးပေးသတ်ဖြတ်ပြီး လူသတ်မှုကို အာဃာတ အငြိုးအတေးနဲ့ ကျူးလွန်ခဲ့မှုဟာ ကမ္ဘာကျော်တဲ့ တရားမမျှတမှုဖြစ်စဉ်တခုပါပဲ။

အဆိုပါ နိုင်ငံရေးအကျဉ်းသား ၄ ဦးလို လူသိထင်ရှားမရှိကြတဲ့ သာမန်ပြည်သူပေါင်း မြောက်မြားစွာဟာလည်း တရားမျှတမှုမရှိဘဲ စစ်မိစ္ဆာတွေရဲ့ အဓမ္မာစရိယာ အကျင့်ဆိုးအောက်မှာ လူ့ဂုဏ်သိက္ခာကို အစော်ကားခံရပြီး အသက်ဆုံးရှုံးခဲ့ရတာ မြန်မာနိုင်ငံတနံတလျားမှာ ဖြစ်ပွားခဲ့ ဖြစ်ပွားနေဆဲ ဖြစ်ပါတယ်။

တရားမျှတမရှိတဲ့ဘဝမှာ ရှင်သန်ခဲ့ရတာကြောင့် မြန်မာပြည်သူတွေမှာ လွတ်လပ်ခြင်းဆိုတာလည်း ပျောက်ဆုံးခဲ့ရတာ နှစ်ပေါင်း ၇၀ ကျော်ခဲ့ပါပြီ။ နိုင်ငံသားတွေဟာ လွတ်လပ်စွာ ပြောဆိုခွင့်မရှိ၊ လွတ်လပ်စွာ ဆန္ဒထုတ်ဖော်ခွင့်မရှိ၊ လွတ်လပ်စွာ ရေးသားခွင့်မရှိ၊ လွတ်လပ်စွာ ယုံကြည်ကိုးကွယ်ခွင့်မရှိဘဲ လွတ်လပ်မှုတွေအားလုံး ဆုံးရှုံးခဲ့ကြရပါတယ်။

“များလူခပ်သိမ်း ငြိမ်းချမ်းစေဖို့ ခွင့်တူညီမျှ ဝါဒဖြူစင်တဲ့ပြည်”

အထက်က စာပိုဒ်ထဲမှာပါတဲ့ ငြိမ်းချမ်းရေးဆိုတာ ရဟန်းရှင်လူ မိဘပြည်သူတွေအတွက် အထူးသဖြင့် တိုင်းရင်းသား ပြည်နယ်များမှာတော့ ၁၉၄၈ လွတ်လပ်ရေးရခါစကတည်းကစလို့ ယခုအချိန်ထိ အနှစ်သာရရှိရှိ မခံစားခဲ့ရသေးပါဘူး။ နှစ်ပေါင်း ၇၀ ကျော် တောက်လောင်ခဲ့တဲ့ ပြည်တွင်းစစ်မီးလျှံကြီးအောက်မှာ ငြိမ်းချမ်းရေးဆိုတာ မူးလို့တောင် ရှူစရာမရှိခဲ့ကြရတာဟာ စစ်နဲ့လုပ်စားကြတဲ့ စစ်မိစ္ဆာကောင်တွေရဲ့ ဗိုလ်ကျစိုးမိုးခဲ့တာကြောင့် ဖြစ်ပါတယ်။

ခွင့်တူညီမျှ ဝါဒဖြူစင်တဲ့ပြည် ဆိုတာကလည်း စစ်အခွင့်ထူးခံစနစ်အောက်မှာ  စစ်ဗိုလ်လူလည် လူညစ်‌တွေနဲ့ ပေါင်းစားကြတဲ့ ခရိုနီအသိုင်းအဝိုင်းတွေသာ နိုင်ငံရဲ့ ဓနဥစ္စာ ဆီဦးထောပတ်တွေကို သိမ်းကြုံးရယူခံစားကြပြီး အများပြည်သူတွေဟာ အခွင့်အရေးမဲ့လို့ ဖွတ်ကျောပြာစုသလို ဆင်းရဲမွဲတေစွာ လူစဉ်မမီတဲ့ ကမောက်ကမဘဝတွေနဲ့ လူဖြစ်ရှုံးခဲ့ကြရတာ မဟုတ်လား။

ဒီဆောင်းပါးကို နိဂုံးချုပ်ရရင် မြန်မာနိုင်ငံတော်သီချင်းရဲ့ အနှစ်သာရနဲ့ တန်ဖိုးတွေကို စစ်အာဏာရှင်တသိုက်ဟာ သူတို့ရဲ့ မတရားသည်ကိုကျင့်ခြင်း မညီမညွတ် (မမျှမတ) သည်ကို ကျင့်ခြင်းဆိုတဲ့ အဓမ္မစရိယာ အကျင့်ဆိုးတွေကို ကျင့်သုံးလို့ နင်းချေဖျက်ဆီးခဲ့ကြတာ နှစ်ပေါင်း ၆၀ ကျော် ကြာခဲ့ပြီးပါပြီ။ စစ်ရာဇဝတ်မှုတွေ ကျူးလွန်တာများ၊ အကုသိုလ်တွေ ထူထပ်လာတာများတော့ နောက်ဆုံး ဇာတ်သိမ်းခန်းရောက်‌နေတဲ့ မအလရဲ့ ကြေးစားစစ်တပ်ဟာ အခုဆို တိုင်းဖြို ပြည်ဖျက် လက်နက်ကိုင် ဓားပြတပ်အဆင့်ကို ရောက်ရှိလို့သွားပါပြီ။

မြန်မာနိုင်ငံတော်သီချင်းရဲ့ အလွန်လေးနက်ကောင်းမွန်တဲ့ စာသားတွေဖြစ်တဲ့ “တရားမျှတ လွတ်လပ်ခြင်းနဲ့မသွေ တို့ပြည်၊ တို့မြေ” “များလူခပ်သိမ်း ငြိမ်းချမ်းစေဖို့ ခွင့်တူညီမျှ ဝါဒဖြူစင်တဲ့ပြည်” စတာတွေ လက်တွေ့ ပြည်သူတွေရဲ့ဘဝမှာ တကယ်ဖြစ်လာစေဖို့ဆိုရင် စစ်အခွင့်ထူးခံ အာဏာရှင်စနစ်ကို မဖျက်သိမ်းဘဲ အကောင်အထည်ဖော်လို့ မရနိုင်တာ ပြည်သူအားလုံး အကြွင်းမဲ့ သိရှိနားလည်ခဲ့ကြပါပြီ။

ဒီကနေ့ မြန်မာပြည်သူအများစုရဲ့ ပြင်းပြတဲ့ ဆန္ဒာဓိပတိနဲ့ မဆုတ်မနစ်တဲ့ ဇွဲ၊ လုံ့လ၊ သတ္တိတွေကနေ ပေါင်းစပ်ဖွားမြင်လိုက်တဲ့ ၂၁ ရာစု မြန်မာ့နွေဦးတော်လှန်ရေး ဆူနာမီလှိုင်းကြီးဟာ အဓမ္မစရိယာအကျင့်အထုံ ဂျွတ်တက်နေတဲ့ စစ်အခွင့်ထူးခံစနစ်ဆိုးကို အမြစ်ကဆွဲနှုတ်ပြီး မြန်မာ့လူ့ဘောင်ကနေ အပြီးတိုင် ရှင်းလင်းနေကြတာဟာ ခရီးဆုံးရောက်ခါနီးလို့ ဒီမိုကရေစီ ဖက်ဒရယ်ပြည်‌ထောင်စုပန်းတိုင်ကို မကြာခင် လှမ်းကိုင် ပိုင်ဆိုင်နိုင်တော့မှာ ဧကန်မုချဖြစ်ပါကြောင်း။

မင်းကောင်းချစ်

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024