မြန်မာတို့ရဲ့ ၁၂ လရာသီပွဲတွေထဲမှာ သီတင်း ကျွတ် မီးထွန်းပွဲတော်ဟာလည်း တခုအပါအဝင်ဖြစ်ပါတယ်။
ရန်ကုန် ကြည့်မြင့်တိုင်မြို့နယ်က ဗားဂရာလမ်းနဲ့ အောက်ကြည့်မြင်တိုင်လမ်းဆုံမှာ ကိုယ်တိုင်ဖန်တီးထားတဲ့ မီးပုံးလေးတွေလုပ်ပြီး ရောင်းချနေတဲ့ မီးပုံးဆိုင်လေးတွေရှိပါတယ်။
သီတင်းကျွတ်ကာလမှာသာ အရောင်းသွက်တဲ့ မီးပုံးလုပ်ငန်းဟာ မိသားစုအစဉ်အဆက်လုပ် ကိုင်ခဲ့တဲ့ မိရိုးဖလာလုပ်ငန်းဖြစ်ပြီး နှစ်စဉ်သီတင်းကျွတ်ကာလရောက်တိုင်း မီးပုံးတွေကို ကိုယ်တိုင်ပြုလုပ်ရောင်းချတယ်လို့ မီးပုံးဆိုင်ပိုင်ရှင်တဦးက ပြောပါတယ်။
သီတင်းကျွတ်လပြည့်နေ့အမီ ရောင်းချနိုင်ဖို့အတွက် မီးပုံးတွေကို ဩဂုတ်လလယ်လောက်ကတည်းက တလကျော်ကြာအချိန်ယူပြီး ပြင်ဆင်ရတယ်လို့ဆိုပါတယ်။
ဝါးနဲ့စက္ကူကို အဓိကကုန်ကြမ်းအဖြစ်အသုံးပြုရပြီး လှပတဲ့ရောင်စုံမီးပုံးတွေနဲ့ ကလေးကစားစရာ ကားပုံ၊ ယုန်ပုံ၊ လေယာဉ်ပျံပုံစံ လက်တွန်းမီးပုံးလေးတွေကို ပြုလုပ်ကြတာဖြစ်ပါတယ်။
ဒီနှစ်မှာတော့ မိုးရွာတာကြောင့် အခက်အခဲအနည်းငယ်ရှိခဲ့ပေမယ့် အရောင်းအဝယ်ကတော့ အရင်နှစ်တွေကလိုပဲလို့ ဝယ်ယူသူတွေရှိနေဆဲပါလို့ နှစ်ပေါင်း ၅၀ သက်တမ်းရှိပြီဖြစ်တဲ့ မီးပုံးဆိုင်ပိုင်ရှင်တဦးက ဆိုပါတယ်။
အဲဒီပုံးဆိုင်တွေမှာ လက်လီရောင်းချသလို၊ ရန်ကုန်မြို့တော်နဲ့ အခြားမြို့နယ်တွေက ဆိုင်အချို့ကိုလည်း လက်ကားရောင်းချပေးတာကို တွေ့ရပါတယ်။
မြန်မာရိုးရာ သီတင်းကျွတ် မီးထွန်းပွဲတော်ဟာ ခေတ်နဲ့အညီ ပြောင်းလဲလာခဲ့တာကို တွေ့ရပြီး အရင်က ဆီမီးနဲ့ ဖယောင်းတိုင်မီးတို့ကိုသာ အဓိကထား မီးထွန်းကြရာက အခုအခါမှာတော့ လျှပ်စစ်မီးကို အသုံးပြုရတဲ့ မီးလုံးတွေ နဲ့ ပလတ်စတစ်မီးပုံးတွေကိုလည်း တွင်တွင်ကျယ်ကျယ် အသုံးပြုလာကို မြို့ပြတွေမှာ မြင်တွေ့လာရပါတယ်။
ဒါပေမဲ့လည်း မြန်မာရိုးရာ သီတင်းကျွတ်မီးပုံးတွေနဲ့ မီးပုံးလုပ်ငန်းလုပ်ကိုင်သူတွေကတော့ လာမယ့်နှစ်တွေမှာလည်း ဆက်ရှိနေကြဦးမှာပါ။
Photo - Jack / MPA