Home
ဆောင်းပါး
သေဖို့သာပြင် ဘုရင်ရူးတွေ (သရော်စာ)
DVB
·
September 13, 2022
305500380_1219649245546151_3439114548889500929_n

၂၀၂၁ နွေဦးကတည်းက လေရှီးက ဖေကြီးတစ်ယောက် တိုင်းခန်းလှည့်လည်နေတာ  ယခုအချိန်အထိ နန်းတော်ကို ပြန်မရောက်သေးပဲ ကြုံရာရာယီတဲနန်းတွေမှာပဲ စံမြန်းနေရဆဲ။ ရွာစဉ်ရွာဆက် အတော်များများကိုဖြတ်သန်းခဲ့ရ၏။ ရွာအတော်များများမှာ အိပ်စက်နားခိုခဲ့ရ၏။

ရွာအချို့မှာ ရက်သတ္တပတ်တွေ နားခိုနေခဲ့ဖူး၏။ သည်ရွာလေးမှာတော့ လအတော်ကြာ ဖင်မြဲနေပါလေ၏ ခင်ဗျာ။

"အရှင်မင်းတြား သီရိသုဓမ္မဖေကြီး ရှေ့ဆက်ပြီး တိုင်းခန်းလှည့်လည်တော်မူမနေပါနဲ့တော့၊ ကျွန်တော်မျိုးကြီးတို့ရွာက ရာယီသလွန်ပေါ်မှာ ထိုင်တော်မူရတာ အဆင်ပြေတော်မူရဲ့မဟုတ်လား ဘုရာ့။"

"ပြေတော့ပြေပါတယ်။ သက်တော်ရှည်အမတ်ချုပ်ကြီး ဦးရီးတော် အဘစောမူးသာ ခင်ဗျ၊ သို့ပေမယ်လို့ပေါ့ဗျား . . ."

"ဟားဟား ဟားဟား ဟားဟား . . . ဘုရင်ရူး ပုလ္လင်ရူးနဲ့ ကျွန်ရူးတွေနဲ့ကတော့ အဟုတ်ပါပဲလား . .. အံကိုက်ပါပဲလား "

" ဟားဟား ဟားဟား ဟားဟား . . . "

စစ်ပြန် တပ်ကြပ်ကြီးအဘလုံးတုံးက တဟားဟားနှင့် ဝင်နောက်၏။ သူလည်း ဒီရွာက သူငယ်ချင်းတွေဆီမှာလာနေလိုက် ခပ်လှမ်းလှမ်းက သူ့ရွာမှာ ပြန်နေလိုက်ပါပဲ။ ဒီတော့ အမြဲလိုလိုကို ဆုံတွေ့နေကြရတယ်ဆိုပါတော့ ခင်ဗျာ။

ဒီနေ့လည်း သူချက်ကျွေးမယ်ဆိုတာနဲ့ အဘစောမူးသာနဲ့ ဖေကြီးတို့လည်း ' ဆွဲမယ် ' ဆိုပြီး အားခဲထားကြတာပေါ့ ခင်ဗျ။ စစ်ပြန်အဘတပ်ကြပ်ကြီးလုံးတုံးက ဘဲတစ်ကောင်ဆွဲလာပြီး ရေနွေးဖျော အမွေးတွေနှုတ်နေတယ်လေ။

ပြီးတော့ ဟင်းကိုင်နေရင်း သီချင်းညည်းနေတယ်။ သီချင်းညည်းတယ်ဆိုပေမယ့် ဆိုနေတာ မဟုတ်ပါဘူး၊ နှုတ်ခမ်းကို ချွန်ပြီး စုပြီးသံစဉ်ကို ' လေချွန် ' နေတာပါ ခင်ဗျ။ ထူးခြားတာကတော့ သူလေချွန်ပြီး ဆိုညည်းနေတဲ့တေးသီချင်းပါပဲ။

အတော်များများ ကြားဖူးခဲ့ပြီး နားစွဲခဲ့ကြတဲ့' စစ်ချီတေး ' တစ်ပုဒ်ခင်ဗျ။ စစ်သားဟောင်းကြီးတစ်ဦးနှုတ်က စစ်သီချင်းတစ်ပုဒ် ထွက်လာတာ မဆန်းသလိုလိုနဲ့ ဆန်းနေပါတယ်ခင်ဗျ။ အဘစောမူးသာက ဤသို့ပြော၏။

"ဒီမှာ တောကြက်ကြီးလုံးတုံး . . . နင်က ဒီဘက်ခေတ် တော်လှန်ရေးသီချင်းတွေထဲက တစ်ပုဒ်ပုဒ်တာ့ မညည်းဘဲ TV ကလာတဲ့ ' ပေါ်လစီ ' တွေ ညည်းနေပါလား . . .ဟားဟား ဟားဟား ဟားဟား "

" ဟားဟား ဟားဟား ဟားဟား . . . "

ငယ်ပေါင်းများကား တဟားဟားဖြင့်၊ မှတ်သားစရာများပါနိုင်သည့် စကားဝိုင်းများ ဖြစ်လာနိုင်လေမလားပါပဲ။ အဘလုံးတုံး လေချွန်နေသည့်တေးသီချင်းမှာ မိတ်ဆွေတို့လည်း နားစွဲခဲ့မှာပါ။ သီချင်းခေါင်းစဉ်ကတော့ 'မြန်မာပြည်သား ' လို့ ထင်ရတဲ့ တေးပါခင်ဗျ။ 

သူ့လေချွန်သံတေးသွားသံစဉ်ကို ' စာသား' တွေဖြည့်ကြည့်ရင် ဒီလိုမြင်ရပါမယ် ခင်ဗျ။

" သေနင်္ဂဗျူဟာ စစ်၏အင်္ဂါ . . . စစ်ချီစစ်တက် စစ်ထိုး စစ်ခံ စစ်ဖျက် စစ်ပြန်နဲ့ကိုယ်ခံ လက်ဖွဲ့ တကယ့်ယောက်ျား "

" ခြေလျင် ဆင် မြင်း ရထား တိုက်မောင်းတိုက်စည်ဟိန်းလို့ တံပိုးဗဒိန်း စည်သံညံညံစစ်ကြောင်းကြီး ချီလာသံကြား . . . "

"ရဲစိတ်မာန်တွေ တဖွားဖွား ကျားကျားရာရား အားဟားအားဟာ . . . လက်ရုံးလက်မောင်း ကောင်းပါဘိ ခွန်အားဗလများ . . "

အဘလုံးတုံးကား ထက်မြနေသည့်ဓားနှင့်ဘဲကိုင်နေရင်း တဒုတ်ဒုတ် ခုတ်ဖြတ်နရင်း ဆက်ချွန်နေပါ၏။

" ဘယ်လိုစိတ်ကူးနဲ့ ပေါ်လစီသီချင်းကို ညည်းဆိုနေတာလဲ တောကြက်ကြီးရ "

အဘလုံးတုံးကလည်း အားရပါးရပြုံးကာထက်ခြမ်း မပြတ်တပြတ် တုံးထားသည့်' ဘဲခေါင်း ' ကိုမြှောက်ပြပြီး ပြောပါ၏။

" ဒီဘဲခေါင်းကိုကြည့်နေရင်းကနေ ပါးစပ်က အဲသည်သီချင်း အလိုလို ထွက်ကျလာတာပါပဲ မူးသာရ . . . အာဟ . . . "

" ဟားဟား ဟားဟား ဟားဟား . . . "

မည်သို့မှမဆက်စပ်လေသည့် အခြေအနေမှသည် ' ဘဲတွေ ' ဆီသို့ စကားရောက်ကြပါလေ၏။ ' ဘဲတွေ ' ကား ' ရှေ့ဆုံးကောင်'လျှောက်ရာနောက်ကို နောက်ကကောင်တွေအကုန်လုံး ဖဝါးထပ်မျှ လိုက်တတ်ကြသည့် ခပ်တုံးတုံး သတ္တဝါတွေပါ တဲ့။

အကယ်၍ ရှေ့ဆုံးကောင် ' ဦးဆောင်သူ 'က သွားရင်းသွားရင်းကနေ လမ်းမှားပြီး' တွင်း ' တစ်တွင်းထဲ ကျခဲ့ပြီဆိုရင်လည်း ' နောက်လိုက် ' တွေဟာ ကွေ့ရှောင်မသွားကြဘဲ အဲသည်တွင်းထဲကိုပဲ တစ်ကောင်ပြီးတစ်ကောင် တစ်ကောင်ပြီး တစ်ကောင်ဆက်ပြီး ကျကုန်ကြတော့တာပါပဲ တဲ့။

"ငါ့လည်း ဟင်းကိုင်နေရင်းကနေ ဒီဘဲခေါင်းကိုကြည့်ရင်းကြည့်ရင်း ဘဲခေါင်းဟာ ကြင်စိုးသာ၀ မအလ စောက်ခွက်ကြီး ဖြစ်လာသဟ "

" ဟားဟား ဟားဟား ဟားဟား . . . "

စစ်ခေါင်းဆောင်ဆိုသူတစ်ဦး ' လမ်းမှား ' သို့လျှောက်နေပြီဆိုလျှင် သူ့နောက်လိုက်တွေကတော့ ' သင်ဖို့သာပြေ ' ဆိုသလို ' သေဖို့သာပြင် ' ကြပေတော့တဲ့ ခင်ဗျ။ 

" ဒါနဲ့ ' မြန်မာပြည်သား ' သီချင်း ညည်းတာက "

" အေးကွ . . . ငါ့စိတ်ကူးထဲမှာတော့ အဲသည်သီချင်းရဲ့ နောက်ခံပုံရိပ်တွေ အရုပ်တွေဟာ အခုလက်ရှိ တစိတ်တည်း တဝမ်းတည်း တော်လှန်ရေးဆင်နွှဲတိုက်ပွဲဝင်နေကြတဲ့ ကချင်၊ ကယား၊ ကရင်၊ ချင်း၊ ဗမာ၊ မွန်၊ ရခိုင်၊ ရှမ်း . . . စတဲ့ မြန်မာပြည် ဒေသအနှံ့က ' တိုင်းရင်းသားတပ် ' ပေါင်းစုံနဲ့ PDF လို့ခေါ်တဲ့ ' ပြည်သူ့ကာကွယ်ရေးတပ် ' တွေနဲ့ ဝမ်းသာအားရ ကြိုဆိုနေကြတဲ့ ပြည်သူတွေရဲ့တိုက်ပွဲဝင် အောင်ပွဲရပုံရိပ်တွေကွ "

စစ်ပြန်ကြီး အဘလုံးတုံးပြောမှပဲ အဲသည်သီချင်းနဲ့ လက်ရှိ ပြည်သူ့တွန်းလှန်စစ် နောက်ခံ ပုံရိပ်တွေကို စိတ်ထဲမှာ မြင်ယောင်လာပါတော့တယ် ခင်ဗျ။ အဘလုံးတုံးက ဆက်ပါလေ၏။

"ကြာပြီကွ ငါတွေးနေတာ . . . အဲသည်တေးသီချင်းတွေကို ဒီဘက်က တရားသဖြင့် ခုခံစစ်ဆင်နွှဲနေကြတဲ့ ပြည်သူ့ကာကွယ်ရေးတပ်တွေအသုံးပြု ကြရင် သိပ်ကိုလိုက်ဖက်မှာကွ "

အဘစောမူးသာက ခေါင်းလေးတညိတ်ညိတ်နှင့် တွေးကာ ပြုံးနေပါလေ၏။

" အေးကွ . . . ၈၈ တုန်းက အာဏာသိမ်းပြီးတဲ့နောက်မှာ အဲသည်တရားမဝင် နဝတက ဗိုလ်ချုပ်အောင်ဆန်းအတွက် ' ဆရာရွှေတိုင်ညွန့် ' ရေးပေးခဲ့တဲ့ သီချင်းကို ယူသုံးခဲ့တာ အခု အယုတ်တမာ ကြင်စိုး သာ၀ မအလ အထိပဲမဟုတ်လား ဖေကြီးရ "

ဂီတကိုမြတ်နိုးလှသည့် ငယ်ပေါင်းနှစ်ဦး၏ ဆွေးနွေးမှုတွေထဲမှာ မှတ်သားစရာတွေပါ ပါလေ၏။ ထို ' တပ်မတော်အင်အားရှိမှ တိုင်းပြည်အင်အားရှိမည် ' သီချင်းကို လက်ရှိ မေတ္တာတုံးတွေက ခပ်တည်တည်ပဲ သူတို့အပိုင်လိုလို ယူသုံးနေကြဆဲပါတဲ့။ အမှန်ကတော့ အဲသည် ဂန္ထဝင်အနုပညာပစ္စည်းတွေဟာ ' ပြည်သူတွေ' သာ ပိုင်တာပါတဲ့။ ' ပြည်သူပိုင် ' ပါတဲ့ ခင်ဗျ။

"အခုလည်း မတရားတဲ့ ဖက်ဆစ်အာဏာရှင်တွေကို လှည်းနေလှေအောင်းမြင်းဇောင်းမကျန် တက်ညီလက်ညီ တွန်းလှန်နေကြချိန်မှာ ရှိရင်းစွဲ ' ပြည်သူပိုင် စစ်ချီတေး ' တွေကိုအသုံးပြု ကြရင်ကောင်းမယ်လို့ ငါထင်တယ် "

" အေးကွ . . . ခေတ်အခြေအနေနဲ့ လက်ရှိအချိန်အခါနဲ့ လက်ရှိဖြစ်ပျက်နေတဲ့ပုံရိပ်တွေနဲ့ လုံးဝကိုကိုက်ညီနေတဲ့ လူထုနားစွဲပြီးသားစစ်ချီတေးတွေ အများကြီးရှိမှာကွ "

အဘလုံးတုံးကား တုံးပြီးသွားသော ဘဲသားအတုံးများကို ဟင်းခတ်ပစ္စည်းများနှင့် စည်းပိုင်နေအောင်ကို နယ်နေပါလေ၏။ နယ်နေရင်းမှ သူ၏စစ်ချီတေးကို ဆက်လက်ပြီး လေချွန်နေပါလေ၏ ခင်ဗျာ။

" မောင်ကြီးတို့ ဘယ်ရွာသား . . . ပုဂံသားလော၊ တကောင်းသားလော . . . ပြောပါစ ခွန်းတုံ့ပြန်စကား . . . "

" ပုဂံသားလော . . . တကောင်းသားလော. . . ပေါင်းစုကာ နှောပါလို့ . . . မြင်စိုင်း ပင်းယ အင်း၀ ကုန်းဘောင် . . . "

" အောင်စစ်သည်များ . . . ကချင်၊ ကယား၊ ကရင်၊ ချင်း . . . မွန်၊ မြန်မာ၊ ရခိုင်၊ ရှမ်း . . . တစိတ်တဝမ်းတည်ထောင် ပြည်ထောင်စုသား . . . မြန်မာပြည်သားဟေ့ . . မြန်မာပြည်သား . . . "

စစ်ပြန်ကြီးအဘလုံးတုံးက ဘဲသားတုံးများကို သောင်းလှိုင်သား လူယုတ်မာ ဘိုတု ကြင်စိုး သာ၀ မအလအလား စိတ်မှာစွဲမှတ်ကာ အားနှင့်မာန်နှင့် ဇိကနဲ ဇိကနဲ ဖိနယ်ရင်း လေဆက်ချွန်နေစဉ် အဘစောမူးသာ၏အဆိုလေး ပါလာပေရာ လိုက်ဖက်စွာ နားသောတဆင်ရပါလေတော့၏။

" တိုက်ပွဲတစ်ရာ အောင်ပွဲမှာသာစေရေးအတွက် နှမထွေးတို့ ပေးလိုက်ပါ့မယ် . . . သပြေ ညောင် လက်ဆောင်ပါး . . . "

" ရွှီ  ရွှီ  ရွှီ  .  .  .  ရွှီ့  ရွှီ  ရွှီ့  ရွှီ  .  .  . "

" ပေးလက်ဆောင် သပြေညောင် မောင်ကြီးတို့မှာသွေးအား . . . ဆီးနှင်းရွှဲရွှဲ မိုးသည်းသည်း . . . တဖွဲဖွဲကြွေသက် နွေရက်များဟာ အား ဟာ အား ဟာ . . . "

" ချောင်းမြစ်ရေပင်ကာစီး တောကြီးရှိုမြောင်တောင်စဉ်ကြား . . . . . မောင့်တိုင်းပြည်အရေးပေမို့ သွေးမလန့် အဟန့်ကိုကျော်လွှား. . . . ကချင် ကယား ကရင် ချင်း ဗမာ မွန် ရခိုင် ရှမ်း တစိတ်တဝမ်းညီဆောင် ပြည်ထောင်စုသား . . . ( မြန်မာပြည်သားဟေ့မြန်မာပြည်သား ) ၂

 ဖေကြီး (လေရှီး)

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024