Home
ဆောင်းပါး
ဗိုလ်ချုပ် ဖရဲသီး (သရော်စာ)
DVB
·
September 7, 2022
302048475_383179780662758_8852362916068358815_n

အဘစောမူးသာတို့အိမ်ကိုရောက်တော့ ‘ပြန်ပေါင်း’ ရနံ့ကလေးကို မွှေးလို့ခင်ဗျ။ စစ်ပြန်အဘ တပ်ကြပ်ကြီးလုံးတုံးရဲ့ စီမံချက်လက်ရာပဲပေါ့ဗျာ။ ဟိုးဘက်တစ်ပတ်က ဒီတခါ ဒီရွာကိုလာရင် ‘ပြန်ပေါင်း’ လုပ်ကျွေးမယ်ဆိုတဲ့ကတိကို အကောင်အထည်ဖော်တာတဲ့ခင်ဗျ။ ဒီလို ကတိတည်တဲ့ စစ်သားကောင်းကြီးမျိုးလည်း ရှိသေးတာပါပဲကလား။

“အမှန်ပဲ ဖေကြီးရ . .  ဒီကောင်လုံးတုံးက မဟုတ်တာ မမှန်တာ ဘာမှမလုပ်ဘူး။ ပြောတဲ့အတိုင်း လုပ်တယ်။ ငယ်ငယ်ကတည်းက သိပ်ကို ကတိတည်တဲ့ကောင်ဟ”

“အေးပါ မူးသာရာ . . . မင်းမြှောက်မပြောလည်း ‘ပြန်ပေါင်း’ ကျွေးပါတယ်ကွာ”

“ဟားဟား ဟားဟား ဟားဟား . . . . .” ငယ်ပေါင်းတွေကား ဒီလိုပါပဲတကား။ 'ပြန်ပေါင်း' ကလည်း ကောင်းမှကောင်း ခင်ဗျ။ ပြန်ပေါင်းဝါးလိုက် ရေနွေးကြမ်းခါးခါး ပြင်းပြင်းကို မော့သောက်လိုက်နဲ့ ဒီကနေ့ရဲ့ နံနက်ခင်းလေးကို အရသာရှိစွာ ဖြတ်သန်းနေကြရတာပေါ့ ခင်ဗျာ။

“အမှန်ပဲ အဘစောမူးသာ . . . သူ့လို ကတိတည်တဲ့ စစ်သားအဘ မြင်ဘူးလား”

" ဟားဟား ဟားဟား ဟားဟား . . . တွေ့ခဲ့ဖူးတယ်ကွ ဖေကြီးရ၊ ၈၈ တုန်းက ဟ”

စိတ်ဝင်စားဖွယ်ပါပေ။ အဘစောမူးသာတို့အပြောအရ ၈၈ တုန်းက အာဏာသိမ်းခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးစောမောင်သည်လည်း ကတိတည်မယ့် စစ်သားကောင်းတစ်ဦး ဖြစ်ခါနီးဆဲဆဲမှာ အဖြုတ်ခံလိုက်ရတာပါတဲ့ ခင်ဗျ။

သူက “ရွေးကောက်ပွဲပြီးရင် ဘားတိုက်ကို ပြန်မယ်၊ စစ်တန်းလျားကိုပြန်မယ်"လို့ ကမ္ဘာကို ကြေညာခဲ့သူကြီးပါတဲ့။ ပြီးတော့ အနိုင်ရတဲ့ပါတီက နိုင်ငံတော်အတွက် လိုအပ်နေတဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေကို စိတ်ကြိုက်ရေးဆွဲပါတဲ့။ သူတို့တပ်မတော်ကတော့ အဲသည်လို ဖွဲ့စည်းပုံအခြေခံဥပဒေရေးဆွဲဖို့နဲ့ ဘာမှမဆိုင်ကြောင်း၊ စစ်တပ်က ဖွဲ့စည်းပုံအခြေခံဥပဒေရေးဆွဲပြီး နောင်တစ်ချိန်မှာ ‘သမိုင်းတရားခံ’လည်း အဖြစ်မခံနိုင်ကြောင်း ထပ်လောင်းပြောကြားခဲ့ပါသတဲ့ ခင်ဗျ။

၁၉၉၀ ပြည့် ရွေးကောက်ပွဲကြီးလည်းပြီးရော NLD က တောင်ပြို ကမ်းပြို အနိုင်ရခဲ့တဲ့အခါ အဲသည် စစ်သားကြီး ဦးစောမောင်က NLD ပါတီကို အာဏာလွှဲဖို့လည်းဖြစ်လာရော အာဏာရှင်ဦးနေဝင်းရဲ့ သားတပည့်တွေဖြစ်တဲ့ သူတို့ ဟင်္သာကိုးသောင်းတပ်က အစ်ကိုကြီး ညီလေး အဘတွေကပဲ ဦးစောမောင်ကြီးကို ရုတ်တရက်ကြီး ဖြုတ်ချလိုက်ကာ  ဦးသန်းရွှေကြီးကို ဗိုလ်ချုပ်မှူးကြီးအဖြစ်နေရာချပြီး အနိုင်ရပါတီကို အာဏာမလွှဲတော့ဘဲ ရက်ရက်စက်စက် ပိုးစိုးပက်စက်ကို နှိပ်ကွပ်ခဲ့ကြပါတော့သတဲ့။

လူထုမဲနဲ့ အနိုင်ရလာတဲ့ ရွေးကောက်ခံအမတ်တွေကို အခုကြင်စိုး သာ၀ မအလလိုပဲ တလမန်းကြမ်းဖမ်းဆီးကာ လူမဆန်စွာ နှိပ်စက်တယ်၊ သတ်ဖြတ်တယ်၊ မြန်မာ့သမိုင်းမှာ တစ်ခါမှမကြားဖူးခဲ့ကြတဲ့ အနှစ် ၆၀၊ အနှစ် ၇၀၊ အနှစ် ၈၀၊ အနှစ် ၉၀ ဆိုတဲ့ နှစ်ရှည်ထောင်ဒဏ်တွေ ချတယ်။ ပိုင်ဆိုင်တဲ့ပစ္စည်းတွေ မှန်သမျှကို မတရားသိမ်းယူတယ်တဲ့။

"အဲသည်လို မတရားလုပ်ခဲ့တာ နှစ်ပေါင်းများစွာပေါ့ကွာ။ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကိုလည်း ဖမ်းဆီးလိုက်၊ နေအိမ်အကျယ်ချုပ်ချလိုက်၊ ကမ္ဘာကပြောလာရင် ခဏတဖြုတ် ပြန်လွှတ်ပေးလိုက်၊ သိပ်မကြာခင် ပြန်လည်ဖမ်းဆီးလိုက်၊ နေအိမ် အကျယ်ချုပ်ချလိုက်၊ အင်းစိန်ထောင်ထဲ ထည့်လိုက်။"

"အေးကွ . . . မူးသာပြောသလိုပဲ၊ ဒီကောင်တွေဟာ တကယ့်ကို ' ဥပဒေမဲ့ ' ရမ်းကားခဲ့ကြတာဟ "

ထို လူထုအော့ကြောလန် အာဏာရှင်မျိုးဆက်ကား ချောင်းကိုမြင်လျှင် တံတားဆင်၏။  တောင်ကမူလေး သုံးခုဆိုင်နေတာမြင်လျှင် ဆည်တည်ချင်၏။ သည့်အတွက် မြန်ပြည်အနှံ့ ချောင်းတွေ မြောင်းတွေမှာ တံတားတွေ တံတားတွေ ပေါ်ပေါက်လာ၏။ မြို့ရွာအနှံ့က တောင်ကမူတွေမှာ ဆည်လေးတွေ ပေါ်လာ၏။ အကျိုးဆက်အဖြစ် သုံးလေးငါးနှစ်အတွင်းမှာ အနှီဗိုလ်ချုပ်တွေ ကျိကျိတက် ချမ်းသာလာကြ၏။

နောက်ပိုင်းပြန်၍ အရင်းကိုစစ်တော့ ထိုတံတားတွေ၊ ဆည်တွေ၊ အဝေးပြေးလမ်းမကြီးတွေ အစရှိသဖြင့် လုပ်ငန်းမှန်သမျှကို အဲဒီသူခိုးအဘတွေနဲ့ သူတို့ရဲ့ သားသမီးတွေ၊ သမီးယောက်ဖတွေ၊ မယားညီအစ်ကိုတွေ၊ လင်ညီအစ်မတွေ၊ မအေတူ မအေကွဲတွေ၊ သားတပည့်တွေက လုပ်ပိုင်ခွင့်ရခဲ့ပြီး နေ့ချင်းညချင်းကို  ဇောတိကတွေ ဖြစ်ကုန်ကြတာတဲ့ ခင်ဗျ။

ရိုးရိုးတော့ဖြင့်မဟုတ်ပါလေ၊ ဥပမာအားဖြင့် မြောင်းကူးတံတားလေးတစ်စင်း၏ကုန်ကျစရိတ်မှာ ကျပ်သိန်းတစ်ထောင်ဆိုပါက အနှီသူခိုးအဘတွေဟာ သိန်းတစ်သောင်းဟုစာရင်းပြခဲ့ကြတာပါတဲ့။ တဖက်ပိတ်ဆည်သေးသေးကလေးတစ်ခုရဲ့  ကုန်ကျစရိတ်မှာ ကျပ် သိန်းနှစ်ထောင်ဆိုပါက သိန်းနှစ်သောင်းလုပ်ကြလေရာ ဒီလူတွေ ဒီလိုကြီး မတန်တဆချမ်းသာလာကြတာ ဘာမှမဆန်းပါတဲ့ ခင်ဗျာ။ ဤကား ဥပမာသေးသေးလေးများသာပါတဲ့။

"ဖေကြီး အမြင်ပဲလေ ဗိုလ်ချုပ်တွေအကုန်လုံး လပိုင်းနှစ်ပိုင်းလေးအတွင်း လူချမ်းသာတွ ဖြစ်ကုန်ပြီး ဆွေစဉ်မျိုးစဉ်ဆက် ဆယ်သက်ဆယ်ကမ္ဘာ စားလို့မကုန် သုံးလို့မကုန်သာမက ဖြုန်းလို့ပင်မကုန်နိုင်အောင် တိုင်းပြည့်ဘဏ္ဍာ ပြည်သူလူထုဘဏ္ဍာကို လူဝါး၀ ခိုးယူခဲ့ကြတာပါတဲ့။ ဤကား အသေးအမွှားကလေးတွေသာပါတဲ့။ တိုင်းပြည်မှာရှိရှိသမျှ စီးပွားရေးလုပ်ငန်းမှန်သမျှကိုလည်း လက်ဝါးကြီးအုပ်ကာ ထင်တိုင်းကြဲခဲ့ကြပါသတဲ့။ ရွှေတူးဖော်ရေး၊ တွင်းထွက်ကျောက်မျက် ကျောက်စိမ်းတူးဖော်ရေး၊ ရေနံတူးဖော်ရေး၊ သဘာဝဓာတ်ငွေ့တူးဖော်ရေး၊ ကြေးနီတူးဖော်ရေး၊ ကျောက်မီးသွေးတူးဖော်ရေးမှအစ အိမ်သာတွင်းတူးဖော်ရေးလောက်အထိကို အပိုင်စီးခဲ့ကြတဲ့ ‘အဘပိုင်'တွေပါတဲ့။

အဲသည်လို ‘တပ်မတော်သာ အမိ၊ တပ်မတော်သာ အဖ’ ဆောင်ပုဒ်ကို နေရာတိုင်းမှာထူစိုက်ပြီး နိုင်ငံတော်ကြီးကို  မောင်ပိုင်စီးလိုက်ကြတာ ခုထိပဲလေ။"

“မူးသာ ပြောသလိုပဲ ဖေကြီးရ အဲသည်စောက်ကျင့်ကို အဆက်ဆက် လက်လွှဲလာလိုက်တာ အခု ဘိုတု သာ၀ ကြင်စိုး မအလအထိပဲ ဆိုပါတော့ကွာ။"

အခုအခါမတော့ နိုင်ငံတကာစစ်တမ်းတွေအရ မြန်မာနိုင်ငံမှာ အချမ်းသာဆုံး ပုဂ္ဂိုလ်ဟာ မအလ သားအဖပါတဲ့ခင်ဗျ။ မအလတို့လင်မယားရဲ့ နှစ်ဘက်မိဘတွေဟာ လူချမ်းသာတွေမဟုတ်မူဘဲ သူလိုကိုယ်လိုထဲက သာမန်ဝန်ထမ်းများသာပါတဲ့။ သို့ဆိုလျှင် လေးငါးခြောက်နှစ်အတွင်း ဒင်းတို့ ဘယ်လိုလုပ်ပြီး ကြွယ်ဝလာကြတာပါလဲ။

မအလကား ရန်သူမျိုးငါးပါးထဲက 'မင်း' လည်း ဖြစ်၏။ ‘ခိုးသူ’ လည်း ကိုက်ညီ၏။ ‘မချစ်မနှစ်သက်သူ’ လည်း အကြုံးဝင်၏။

အဘစောမူးသာတို့ အဘလုံးတုံးတို့ရဲ့ စကားထဲမှာ မအလကိုဖြုတ်ချပြီး ပြည်သူ့အာဏာကို ပြည်သူ့ထံပြန်အပ်မယ့် စစ်သားကောင်း တစ်ဦးဦးများ ပေါ်ပေါက်လာရင် သိပ်ကောင်းမှာပဲဆိုတဲ့ မဝံ့မရဲ  မျှော်လင့်ချက် အိပ်မက်လေးလည်း ကြားရပါသဗျ။

တိုင်းနဲ့ ပြည်နယ်အနှံ့ ခုခံစစ်ကို ဆင်နွှဲနေကြတဲ့ ပြည်သူ့ကာကွယ်ရေးတပ်တွေရဲ့ အောင်စိတ်တွေကို ယုံသလို မအလတပ်အတွင်းက အဆင့်မြင့် ဗိုလ်ချုပ်ဖရဲသီး တစ်လုံးလုံးများ ပေါ်ပေါက်လာမည်ဆိုပါက ဘယ့်ကလောက်များ ကောင်းလိုက်မလဲဟု စကားမစပ် သုံးသပ်ကြပါ၏။

"အဲသလိုများ ပေါ်ပေါက်လာမယ်ဆိုရင် အဲသည်ဗိုလ်ချုပ်ဟာ မြန်မာ့ခေတ်သစ်သမိုင်းမှာ သူရဲကောင်း အဖြစ် သားစဉ်မြေးဆက် မျိုးရိုးစဉ်ဆက် ပြည်သူလူထုက ဖူးဖူးမှုတ်ထားကြမှာဟ။"

"ဟားဟား ဟားဟား ဟားဟား . . . . . "

အဘစောမူးသာက ထ၍ရယ်ပါ၏။ သူကားတစ်ခုခုကို အတွေးပေါက်လျှင် ထထရယ်တတ်တာ သူ့အကျင့်ပါ ခင်ဗျာ။ 

"အဲသလိုသာ တိုင်းပြည်ကိုကယ်တင်မယ့်' ဗိုလ်ချုပ်ဖရဲသီး ' တစ်ဦးဦးသာ ပေါ်လာလို့ကတော့ သူ့ကို ' ဘုရား လိုကို ကိုယ်းကွယ်ကြမှာကွ လုံးတုံးရ . . . ဟ ဟ ဟ "

"ဟားဟား ဟားဟား ဟားဟား . . . . . "

ပြီးတော့ ကမ္ဘာမှာ တခါက အမှန်တကယ်ပေါ်ပေါက်ခဲ့တဲ့ အာဏာသိမ်းမှုတစ်ခုကို ပြန်ပြောင်းပြောဆိုကြပါ၏။ ဤအာဏာသိမ်းမှုမှာ  အာဏာရှင်ဗိုလ်ချုပ်ကြီးအနီးက တခြားဗိုလ်ချုပ်တစ်ဦးမဟုတ်ဘဲ တပ်ကြပ်ကြီးလို အခြားအဆင့် ထဲက အာဏာတက်သိမ်းခဲ့တာပါတဲ့ ခင်ဗျ။

"နိုင်ငံတော့မေ့နေပြီကွ အဲဒီအခြားအဆင့်က သူ့အဖွဲ့နဲ့အတူ အာဏာရှင်ကို အာဏာတက်သိမ်းပြီး ဖြုတ်ချဖမ်းဆီးပြီး  လူထုအစိုးရကို  အာဏာပြန်အပ်ခဲ့တဲ့ ဖြစ်စဉ်ကွ။"

" အေး ငါလည်း မှတ်မိတယ်၊  အရှေ့အလယ်ပိုင်းက နိုင်ငံတစ်ခုပဲ ကွ။ "

ထမင်းစားချိန်သို့ရောက်ရှိလာပြီဖြစ်လို့ စကားဝိုင်းကို သိမ်းကြလေပြီ။ အဘစောမူးသာကားရယ်ကျဲကျဲနဲ့ မျက်လုံးတွေမှေးစင်းအောင် ပြုံးနေပါလေ၏။ ပြီးတော့ အဘတပ်ကြပ်ကြီးလုံးတုံးကို ပြောပါလေ၏။

"ဗိုလ်ချုပ်ပ်ဖရဲသီး' တစ်ဦးဦး မပေါ်လာသေးရင်လည်း 'တပ်ကြပ်ကြီးလုံးတုံး' ပဲ မအလကို အာဏာတက်သိမ်းပြီး ဖြုတ်ချပေးပါတော့ ဟာ "

"ငါသာ တပ်ထဲမှာဆိုရင် ကြိုးစားမိမှာအမှန်ပဲ"

"ဟဲဟဲ ဟဲဟဲ ဟဲဟဲ . . . . . . "

နေ့လယ်စာစားကြဖို့ ပြင်ကြပါပြီ။ ရေတွင်းဘေးမှာ လက်ကိုဆပ်ပြာဖြင့် သေသေချာချာ ပွတ်သပ်ဆေးကြောနေရင်းပင် အဘစောမူးသာနှုတ်မှ သီချင်းတစ်ပုဒ် ထွက်ကျလာပါ၏။

"လူရည်ချွန်ဖြစ်ဖို့ ကျနော်ကြိုးစားမည် x x x x x ကယ်တင်ရှင်ဖြစ်ဖို့ ကျနော်ကြိုးစားမည် x x x x x စစ်သားကောင်းဇာနည် x x x ဖရဲသီးကို ကျနော် မျှော်မှန်းသည် x x x x x x x

 ဖေကြီး (လေရှီး)

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024