Home
ဆောင်းပါး
ပေတုံးဘဝမှသည် ကိုယ့်ဘဝကိုယ် ထုဆစ်မည့် ပန်းပဲတူကြီး ဖြစ်လာနေသည့် မြန်မာနိုင်ငံသားများ
DVB
·
September 2, 2022
Article C

မြန်မာစကားမှာ ပေဖြစ်လျှင်ခံ တူဖြစ်လျှင်နှံ ဆိုတဲ့စကားပုံ ရှိပါတယ်။ သံတုံးဆိုတာ ပေဖြစ်တဲ့အခါ အထုခံရတဲ့အရာဖြစ်ပြီး တူဖြစ်တဲ့အခါ ထုနှက်ရတဲ့အရာ ဖြစ်တာမို့ အလှည့်မသာတဲ့အခိုက်မှာ ငုံ့ခံရပြီး အလှည့်သာတဲ့အခိုက်မှာ မိမိပုံဖော်ရာကို ထုနှက်ခွင့်ရတဲ့သဘောကို ဆိုလိုပါတယ်။ 

အခွင့်အလမ်း အညီအမျှ မရတာမို့ ဆင်းရဲနွမ်းပါးခဲ့ကြရတဲ့ တိုင်းရင်းသား ရဟန်းရှင်လူ မြန်မာနိုင်ငံသူနိုင်ငံသား အများစုဟာ စစ်အာဏာရှင်စနစ်‌အောက်မှာ စစ်အခွင့်ထူးခံတူတွေရဲ့ အကြင်နာတရားကင်းမဲ့စွာ ထုသမျှနှက်သမျှကို ခါးစည်းခံရတဲ့ ပေတုံးဘဝဖြစ်ခဲ့ကြရတာ ၁၉၆၂ ခုနှစ်က စရေတွက်မယ်ဆိုရင် နှစ်ပေါင်း ၆၀ ကျော်ခဲ့ပါပြီ။ စစ်အာဏာရှင် အဆက်ဆက် နှိပ်စက်ဗိုလ်ကျသမျှ အကြောက်တရားအောက်မှာ ရှင်သန်လာခဲ့ကြရတာ ဖြစ်ပါတယ်။

စစ်အခွင့်ထူးခံတွေနဲ့ လက်ပါးစေအသိုင်းအဝိုင်းကသာ တိုင်းပြည်ရဲ့ ဓနဥစ္စာ သယံဇာတ ဆီဦးထောပတ်တွေကို ရယူချမ်းသာကြပြီး အများပြည်သူတွေဟာ ခံစားပိုင်ခွင့်မရရှိခဲ့ကြပါဘူး။ နိုင်ငံအချုပ်အခြာကို ကာကွယ်နေရတာမို့ ခံစားပိုင်ခွင့်ရှိတယ်ဆိုတဲ့ ညစ်‌ထေးနံ‌စော်လှတဲ့ အကြောင်းပြချက်‌နဲ့ စစ်မီးမွှေးပြီး စစ်နဲ့လုပ်စားခဲ့ကြတာ ဖြစ်ပါတယ်။

ဒါပေမဲ့ ရိုးသားတည်ကြည်ပြီး အေးအေးဆေးဆေးနေတတ်တဲ့ မြန်မာနိုင်ငံသားတွေဟာ စစ်အာဏာရှင်စနစ်ဆိုးဒဏ် သီးမခံနိုင်တဲ့အဆုံး ၁၉၈၈ ခုနှစ် ဩဂုတ်လ ၈ ရက်နေ့မှာတော့ တပြည်လုံး အတိုင်းအတာနဲ့ လမ်းမတွေပေါ် တက်လာကြပြီး ရှစ်လေးလုံး ဆိုတဲ့ ကမ္ဘာကျော် ဆန္ဒပြပွဲကြီးကို တခဲနက်ဆင်နွှဲလို့ အထုခံ ပေတုံးဘဝကနေ ကိုယ့်ကံကြမ္မာကိုယ် ထုဆစ်နိုင်မယ့် ပန်းပဲတူအဖြစ် ပြောင်းလဲလာခဲ့ကြပါတယ်။ 

၈၈၈၈ အရေးတော်ပုံကြီးဟာ တစ်ပါတီအာဏာရှင် အဆိပ်ပင်ကြီးကို ဗုန်းဗုန်းလဲသွားစေခဲ့ပေမဲ့ မြေအောက်ထဲ စစ်အာဏာရှင်အမြစ်က ကျွတ်မထွက်ခဲ့ဘဲ ၂၀၀၈ နာဂစ် စစ်ကျွန်ဥပဒေ အကာအကွယ်ယူလို့ အညွန့်အညှောက်တွေ ပြန်ထွက်ခွင့်ရပြီး ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့မှာတော့ မကောင်းဆိုးဝါးစစ်ဘီလူးတွေ တကျော့ပြန်သောင်းကျန်းဗိုလ်ကျလာခဲ့ကြပြန်တာ အားလုံးသိပြီးဖြစ်ပါတယ်။

လက်နက်အားကိုးပြီး ပြည်သူ့အာဏာကိုလုယူခဲ့ကြတဲ့ သမ္မတရူးမအလနဲ့ လက်ပါးစေ စစ်ဗိုလ်ယုတ်တသိုက်ရဲ့ တရားမဲ့အနိုင်ကျင့်မှုကို လက်နက်မပါ ငြိမ်းချမ်းစွာဆန္ဒပြခဲ့ကြတဲ့ ပြည်သူလူထုကို မောင်းပြန်သေနတ်တွေနဲ့ ခေါင်းကိုချိန်ပစ်ခတ်သတ်ဖြတ်လာတဲ့ စစ်မိစ္ဆာအာဏာရှင်စနစ်ကို အမြစ်လှန်ရှင်းလင်းဖို့ မြန်မာပြည်သူလူထုတရပ်လုံးဟာ မိမိတြိ အသက်ရှင်သန်ရေးအတွက် ခုခံကာကွယ်ပိုင်ခွင့်အရ ပြည်သူ့ခုခံစစ်ကိုဆင်နွှဲခဲ့ကြတာဖြစ်ပါတယ်။

ဒါကြောင့် ပြည်သူ့ကာကွယ်ရေးတပ်မတော် (People's Defense Force (PDF) ကို မြန်မာနိုင်ငံအမျိုးသားညီညွတ်ရေးအစိုးရ (NUG) က ၂၀၂၁ မေလ ၅ ရက်နေ့မှာ ဖွဲ့စည်းလိုက်တဲ့ တရားဝင်ပြည်သူ့တပ်မတော်ဖြစ်လာပြီး ဖက်ဒရယ်တပ်မတော်ရဲရှေ့ပြေးအဖြစ်လည်း သတ်မှတ်ထားခဲ့ကြပါတယ်။

ပြည်သူ့ကာကွယ်ရေးတပ်မတော်ထဲမှာ ဖက်ဒရယ်ဒီမိုကရေစီလိုလားတဲ့လူငယ်တွေပါဝင်လို့ တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးတပ်ဖွဲ့‌တွေနဲ့လည်း မဟာမိတ်ဖွဲ့ပြီး ပြည်သူလူထုကို စစ်အကြမ်းဖက်ကောင်စီရဲ့ရန်စွယ်ကို ကွယ်စောင့်ရှောက်‌မှု‌ပေးသွားဖို့ရည်ရွယ်တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရရဲ့ကာကွယ်ရေးဝန်ကြီးဖြစ်သူ ဦးရည်မွန်က ၂၀၂၁ ခုနှစ် ဧပြီ  ၁၆ ရက်နေ့သတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့ပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) တည်ထောင်ပြီး ၁ နှစ်တာကာလအတွင်းမှာဘဲ ပြည်သူ့ကာကွယ်ရေးတပ်မတော် တပ်ရင်း၊ တပ်ဖွဲ့ပေါင်း ၂၅၇ ရင်းကို ဖွဲ့စည်းတည်ထောင်နိုင်ခဲ့ပြီး၊ မြို့နယ်အခြေပြု ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) တွေကိုလည်း မြို့နယ်ပေါင်း ၂၅၀ မှာ စနစ်တကျ ဖွဲ့စည်းခဲ့ပြီးဖြစ်တယ်လို့ ဆိုပါတယ်။

စစ်တပ်က လူသတ်မီးရှိုလုယက် ရမ်းကားရက်စက်လေလေ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့အင်အားဟာ အချိန်နဲ့အမျှတိုးပွားလာ‌နေပါတယ်။ စစ်ကိုင်းတိုင်းဒေသကြီး၊ ဆားလင်းကြီးမြို့နယ်မှာ တွေ့ရာသင်္ချိုင်းဓားမဆိုင်းပြောက်ကျားတပ်ဖွဲ့ အပတ်စဉ် ၄ သင်တန်းဆင်းပွဲကို ဩဂုတ် ၂၇ ရက်က ကျင်းပခဲ့ကြတယ်ဆိုတဲ့သတင်းကို ဒီရက်ပိုင်းအတွင်းမှာဘဲ DVB TV သတင်းစာမျက်နှာမှာဖတ်ရှုခဲ့ရပါတယ်။ 

ကိုယ့်ဘဝကိုယ်၊ ကိုယ့်ကြမ္မာကိုယ်ထုဆစ်မဲ့ ပန်းပဲတူဖြစ်လာတဲ့ပြည်သူတွေဟာ လက်နက်အားကိုးနဲ့အကြမ်းဖက်ဗိုလ်ကျ အာဏာလုတာကို လုံးဝလက်သင့်မခံဘူး၊ တရားမဲ့လုံးဝအုပ်ချုပ်ခွင့်မရှိစေရလို့ ခိုင်မာတဲ့သန္နိဋ္ဌာန်တွေချမှတ်ထားတာကို ရက်ပေါင်း ၅၈၀ နီးပါးရှိတာတောင် နေ့စဉ်ရက်ဆက် မပျက်မကွက် ဇွဲသတ္တိကြီးစွာ ရဲရင့်ဝံ့စားစွာ ဆန္ဒထုတ်ဖေါ်နေကြတဲ့ အောက်ပါသပိတ်စစ်ကြောင်းတွေကို

၁) "ဖိလေကြွလေ စစ်ကိုင်းမြေ" စာသားကိုကိုင်ဆွဲကြတဲ့ စစ်အာဏာရှင်အမြစ်ဖြတ်ရေး ချင်းတွင်းမြစ်အနောက်ဘက်ကမ်းသပိတ်စစ်ကြောင်း၊ 

၂) “၅/ ဟေ့ ရဲရဲနီ အာဏာရှင်စနစ် အမြစ်ဖြတ်မည်”

ဆိုတဲ့ ကြွေး​ကြော်သံတွေနဲ့ လက်ပံတောင်းတောင်ဒေသခံ ပြည်သူတွေရဲ့သပိတ်စစ်ကြောင်း၊

၃) "Reject Military to stop Inhumanity, Accept NUG to save Democracy" စာတန်းအားကိုင်ဆွဲပြီး စစ်အာဏာရှင်စနစ်ကို ဆက်လက် သပိတ်မှောက်‌နေကြတဲ့ ကလေးမြို့ပင်မသပိတ်စစ်ကြောင်း၊

၄) ဓမ္မအတွက်၊ ပြည်သူ့အတွက်၊ ဒီမိုကရေစီ အတွက် တိုက်ပွဲဝင်နေကြတဲ့ ပြည်သူတွေ ဘေးအန္တရာယ်ကင်းရှင်းစေဖို့ သံဃသမဂ္ဂ ရဟန်းတော်တွေရဲ့သပိတ်စစ်ကြောင်း၊  

၅) စစ်ကိုင်းတိုင်း ယင်းမာပင်မြို့နယ်က သွေးမအေးတဲ့ရွှေနွယ်သွေးသပိတ်စစ်ကြောင်း၊

၆) မန္တလေးတိုင်း ပြည်ကြီးတံခွန် ညသပိတ်စစ်ကြောင်း၊

၇) ယင်းမာပင်၊ ဆားလင်းကြီးက ရွာပေါင်းစုံသပိတ်စစ်ကြောင်း၊

၈) "အာဏာရှင်ဆိုတာ နောက်တခေတ် မရှိစေရ၊ ငါတို့မျိုးဆက်မှာ နောက်ဆုံးဖြစ်စေရမယ်" ဆိုတဲ့ တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ်က လောင်းလုံးသပိတ်စစ်ကြောင်း၊ 

၉) မင်းအောင်လှိုင် ကြိုးစင်တက်ကိုတက်ရမည်ဟု ရာဇသံပေး စစ်အာဏာရှင်ဆန့်ကျင်ရေး လှုပ်ရှားမှုပြုလုပ်တဲ့ Burma Youth Revolutionary Force(BYRF)က ဦးဆောင်ပြီး YRSC (ရန်ကုန်ရဲ့သူပုန်များသပိတ်ကော်မတီ)၊ ထား၀ယ်မြို့နယ် အခြေခံပညာ‌ ကျောင်းသားများသမဂ္ဂ(ထ၀အကသ)၊ ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂများအဖွဲ့ချုပ်၊ မြောက်ဥက္ကလာတော်လှန်လူငယ်တွေ ပူးပေါင်းကြတဲ့သပိတ်စစ်ကြောင်းတွေကို စာရေးသူလက်လှမ်းမှီသမျှ ရေးသားဂုဏ်ပြုမှတ်တမ်းတင်လိုက်ပါတယ်။

တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးတပ်ဖွဲ့‌တွေရဲ့ စစ်အာဏာရှင်အမြစ်ဖြတ်‌နိုင်ရေးမှာ စွမ်းစွမ်းတမံ ကြိုးပမ်းမှုနဲ့ အောင်ပွဲတွေဟာလည်း စစ်အာဏာလုသက်တမ်း ၁ နှစ်ခွဲအတွင်း သိသိသာသာထင်ရှားလာခဲ့ပါတယ်။ 

ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) အခြေစိုက်တဲ့ ကချင်ပြည်နယ်နဲ့ စစ်ကိုင်းတိုင်း နယ်စပ်မျဉ်းအနီးမှာရှိတဲ့ အင်းတော်၊ ကသာ စတဲ့မြို့နယ်တွေအထိ တိုက်ပွဲ‌တွေ ဆက်တိုက်ဖြစ်လာခဲ့ပါတယ်။ ပြီးခဲ့တဲ့ ဇူလိုင် ၁၁ ရက်တွင် အင်းတော်မြို့ တောင်ဘက် ၆ မိုင်ခန့်အကွာရှိ မဲဇာရဲစခန်းကို KIA, PDF ပူးပေါင်းတပ်‌တွေဝင်တိုက်ခဲ့ကြပါသေးတယ်။

ကရင်အမျိုးအသားအစည်းအရုံး (KNU) စိုးမိုးရာနယ်မြေတွေဘက်က အောင်ပွဲတွေ ပြန်ကြည့်ရင်လည်း ၂၀၂၁ ခုနှစ် ဒီဇင်ဘာလမှာ KNU တပ်မဟာ (၆)နယ်မြေအတွင်း ဖြစ်ပွားခဲ့တဲ့ လေးကေ့ကော်တိုက်ပွဲ၊ ၂၀၂၂ ခုနှစ် မေလ ၁၈ ရက်မှာ တော်လှန်ရေးပူးပေါင်းအဖွဲ့များက စစ်ကောင်စီ သိမ်းပိုက်ထားတဲ့ သေ့ဘောဘိုးစခန်းသိမ်းတိုက်ပွဲ၊ အကြမ်းဖက် စစ်ကောင်စီစခန်းတွေဖြစ်တဲ့  မော်ခီးစခန်းနဲ့ ဝေါလေရဲစခန်းတို့ကို တိုက်ခိုက်သိမ်းပိုက်ပြီးနောက် ဇွန်လ ၂၆ ရက်ကစပြီး  ကရင်အမျိုးသားလွတ်မြောက်ရေးတပ်(KNLA)၊ ကရင်အမျိုးသားကာကွယ်ရေးတပ်(KNDO)နဲ့ ကရင်ပြည်နယ်အခြေစိုက် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (PDF) တွေပူပေါင်းပြီး ဥကရစ်ထစခန်းကို ဆက်လက်သိမ်းပိုက်ဖို့ တိုက်ခိုက်ခဲ့ကြတာဖြစ်ပါတယ်။

ကယားပြည်နယ်ဘက်ကို ကြည့်မယ်ဆိုရင်လည်း ကျုးကျော်လာတဲ့ အကြမ်း ဖက်စစ်ကောင်စီတပ်တွေအရေးနိမ့်ခဲ့တဲ့အပြင် ကရင်နီပြည်နယ်အတိုင်ပင်ခံကောင်စီ (KSCC) ရဲ့ ဦးဆောင်မှုနဲ့ ဖွဲ့စည်းထားတဲ့ ကရင်နီပြည်ရဲ (KSP) ကို စစ်အာဏာသိမ်းပြီးနောက်ပိုင်း ၂၀၂၁ ဩဂုတ် ၂၅ ရက်နေ့ အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) ပြုလုပ်ထားတဲ့ ရဲတပ်ဖွဲ့ဝင် ၃၀၀ ကျော်နဲ့ စတင် ဖွဲ့စည်းနိုင်ခဲ့ပါတယ်။ ကရင်နီပြည်ရဲ (KSP) မှာ  တပ်ဖွဲ့ဝင်သစ် ဝင်ရောက်မှုတွေ ရှိသလို အမျိုးသမီးပါဝင်မှုကလည်း  ၂၇ ရာခိုင်နှုန်း ရှိနေကြောင်း KSP က ဆိုထားပါတယ်။ 

KSP ရဲ့ ထုတ်ပြန်ချက်အရ ဒေသတွင်းကာကွယ်ရေးတပ်တွေ ထိန်းချုပ်ရာနေရာတွေမှာ  ရဲစခန်း ၇ ခု၊ ပြည်သူ့ကျန်းမာရေးဝန်ဆောင်မှုပေးတဲ့နေရာတွေမှာ လုံခြုံရေးရဲကင်း ၂ ခု တည်ထောင်နိုင်ခဲ့ပြီး အမှုပေါင်း ၂၃၅ မှုကို ဖမ်းဆီး အရေးယူနိုင်ခဲ့ကြောင်း သိရပါတယ်။ 

အဲဒီလို အရပ် ၁၀ မျက်နှာမှာ အရူးမီးဝိုင်းသလို ရန်သူဝိုင်းခံနေရတဲ့စစ်တပ်ကို ချင်းပြည်နယ်မှာ ဆန့်ကျင်တိုက်ခိုက်နေကြတဲ့ ချင်းအမျိုးသားတပ်မတော်(CNA) သို့ စစ်ကောင်စီတပ်အား တော်လှန်နေတဲ့ ချင်းဒေသကာကွယ်ရေးတပ်(CDF)  တွေဟာလည်း ပိုလို့အင်အားတောင့်တင်းလာ‌နေပြီဖြစ်ပါတယ်။ ချင်းဒေသကာကွယ်ရေးတပ်(CDF) - ဒိုင်(Daai) နဲ့ ရက္ခိုင့်တပ်တော်(AA) တို့က ရိက္ခာဖြတ်တောက်ပိတ်ဆို့ထားတဲ့ ပလက်၀မြို့နယ် သံထောင်တပ်စခန်းမှ ဖက်ဆစ်စစ်ကောင်စီတပ်သားတွေဟာ သြဂုတ် ၂၅ ရက် ညနေပိုင်းတွင် တိတ်တဆိတ် ဆုတ်ခွာထွက်ပြေးသွားခဲ့ကြပါတယ်။

အခုရက်ပိုင်းအတွင်း DVB TV ရဲ့သတင်းထဲမှာတော့ စစ်ကိုင်းတိုင်း၊ ကောလင်းခရိုင် လက်ခုပ်ပင်ကျေးရွာနားမှာ ဩဂုတ်လ ၂၃ ရက်နေ့က စစ်ကောင်စီတပ်သားတွေနဲ့ ကောလင်းအနောက်ခြမ်း PDF တပ်ရင်း ၂ တို့ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ရာမှာ စစ်ကောင်စီတပ်သား ၄၅ ဦး သေဆုံးခဲ့ပြီး ၁၇ ဦး အရှင်ဖမ်းမိတယ်လို့ဆိုပါတယ်။

ဒီဆောင်းပါးကိုနိဂုံးချုပ်ရရင် နှစ်ပေါင်း ၆၀ ကျော် ပေတုံးဘဝနဲ့ စစ်အာဏာရှင်စနစ်ဆိုးဒဏ်ခံခဲ့ကြရတဲ့ တိုင်းရင်းသားရဟန်းရှင်လူပြည်သူအပေါင်းတို့ဟာ အခုချိန်မှာတော့ ကိုယ့်ဘဝကိုယ့်ကြမ္မာကို ကိုယ်ထုဆစ်မယ့် ပန်းပဲတူကြီးအဖြစ် အားကောင်းမောင်းသန် အသွင်ပြောင်းနေတာဟာ အရှိန်အဟုန်မြင့်မားလာပြီဖြစ်ပါတယ်။ 

စစ်အခွင်ထူးခံ အဆိပ်ပင်အမြစ်တုံးကြီးကို အပြီးအပြတ် တူးထုတ်ရှင်းလင်းပစ်ဖို့ နိုင်ငံသူနိုင်ငံသားတိုင်း လူကိုယ်တိုင်ပါနိုင်သူကပါဝင်၊ ငွေလှူနိုင်ကူနိုင်သူကကူ၊ သတင်းပေးနိုင်သူကပေး၊ ထောက်ပို့နိုင်သူကထောက်ပို့လို့ တက်ညီလက်ညီပါဝင်လို့ သမိုင်းကဗျည်းထိုးနေကြပြီဖြစ်တာမို့ စစ်အာဏာရှင်ကင်းစင်မဲ့အချိန် အလွန်နီးကပ်နေပြီဖြစ်ပါကြောင်း။

မင်းကောင်းချစ်

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024