
စစ်ကိုင်းတိုင်း၊ ကသာမြို့ကနေ အထက် ဗန်းမော်မြို့ဘက်ကို ရဟတ်ယာဉ် အစောင့်အရှောက်တွေနဲ့ မြစ်ကြောင်းအတိုင်း ဆန်တက်လာတဲ့ စစ်ကောင်စီတပ်ရဲ့ ရိက္ခာတင်သင်္ဘောတွေကို သြဂုတ် ၁၈ ရက် မနက် ၁၁ နာရီလောက်မှာ တိုက်ခိုက်ခဲ့တယ်လို့ မြို့လှ K-PDF က ထုတ်ပြန်ပါတယ်။
ရိက္ခာတွေတင်ဆောင်လာတဲ့ စစ်တပ်ရဲ့ သင်္ဘောငါးစီးနဲ့ သံခွန်ယာဉ်တစီးဟာ သြဂုတ် ၁၈ ရက် မနက် ၉ နာရီက စတင်ဆန်တက်လာတာမှာ ကသာမြို့နယ်၊ နကူးကျေးရွာအနီးမှာ စောင့်ကြိုတိုက်ခိုက်ခဲ့တာကြောင့် စစ်ကောင်စီသင်္ဘောတွေ ထိမှန်ခဲ့တယ်လို့ မြို့လှ K-PDF (ကချင်ဒေသ) တပ်ဖွဲ့ တာဝန်ရှိသူတေယာက်က ပြောပါတယ်။
“သင်္ဘောပေါ်မှာတော့ အထိအခိုက် အပျက်အစီး ရှိနိုင်တယ်။ သင်္ဘောထဲမှာပါတဲ့ စကစ သေကျေတာလည်း ရှိနိုင်တယ်။ ဒဏ်ရာရရှိတာလည်း ရှိနိုင်ပါတယ်ဗျ။ သူတို့သင်္ဘောတွေ အကုန်လုံးက ဗန်းမော်ကိုတက်မယ့် ရိက္ခာတင်သင်္ဘောတွေလို့ ကျနော်တို့ သိထားပါတယ်။ သင်္ဘောတွေကတော့ မနစ်မြုပ်သွားပါဘူး။ ပျက်စီးမှုတော့ရှိလိမ့်မယ်။ ပျက်စီးမှုရှိလို့လည်း သူတို့ ပြန်ပြီးမှ ဆုတ်သွားတယ်ဗျ။ အထက်ကိုပြန်မတက်ဘူး၊ အောက်ကိုဆုတ်သွားတယ်။ မိုးတားဘက်ကို ဆုတ်သွားတယ်ဗျ။”
အဆိုပါ စစ်ကောင်စီ ရိက္ခာတင်သင်္ဘောတွေကို မြို့လှ K-PDF တပ်ခွဲ(၁) မှ ဗိုလ်မိုးကြိုး ဦးဆောင်တဲ့အဖွဲ့က MYTEL - မမ ရှေ့ထွက်မိုင်း ၁၂ လုံးနဲ့ တိုက်ခိုက်ခဲ့ရာမှာ စစ်ကောင်စီဘက်က အထိအခိုက် အကျအဆုံး ရှိနိုင်တယ်လို့ ပြောပေမဲ့ ထိခိုက်သေဆုံးမှု အခြေအနေကိုတော့ အတည်ပြုနိုင်ခြင်း မရှိပါဘူး။
စကစဘက်မှ သင်္ဘောလုံခြုံရေးအတွက် ရဟတ်ယာဥ်တစီးနဲ့ ဂျက်တိုက်လေယာဥ်တစီးတို့ အသုံးပြုခဲ့ပြီး သူတို့ရဲ့ ကမ်းစောင့်တပ်နဲ့ စစ်သင်္ဘောတွေပေါ်က မြစ်ကမ်းတလျေှာက် လက်နက်ကြီး လက်နက်ငယ်တွေနဲ့ အဆက်မပြတ် ရမ်းသန်းပစ်ခတ်ခဲ့ပါတယ်။
စစ်ကောင်စီတပ်ရဲ့ ကမ်းစောင့်တပ်နဲ့ စစ်သင်္ဘောတွေပေါ်ကလည်း မြစ်ကြောင်းတလျှောက် လက်နက်ကြီး လက်နက်ငယ်တွေနဲ့ အဆက်မပြတ် ရမ်းသန်းပစ်ခတ်ခဲ့တယ်လို့ သိရပါတယ်။
မြို့လှ K-PDF တာဝန်ရှိသူတယောက်က “ကျနော်တို့ သွားတိုက်ခိုက်ခဲ့ ဗိုလ်မိုးကြိုး တပ်ခွဲ (၁) က ရဲဘော်တွေကတော့ အထိအခိုက် မရှိခဲ့ပါဘူး။ လေယာဉ်တွေ ပစ်နေတယ်။ တဖက်ကနေ လက်နက်ကြီး လက်နက်ငယ်တွေနဲ့ မြေပြင်ဘက်ကို ရမ်းသန်းပြီး ပစ်ခတ်နေတဲ့ကြားကနေ ကျနော်တို့ရဲဘော်တွေ ရှောင်ထွက်လာနိုင်တယ်” လို့ ပြောပါတယ်။
ကသာ၊ ရွှေကူနဲ့ ဧရာဝတီမြစ်ကမ်းပါးတလျှောက်မှာရှိတဲ့ စစ်ကောင်စီကို အလုပ်အကျွေး ပြုနေတဲ့ ရေကြောင်းရုံးဝန်ထမ်းတွေအနေနဲ့ ရာထူး တာဝန်ကနေ နုတ်ထွက်ပေးကြဖို့၊ လိုက်နာခြင်းမရှိပါက အရေးယူမယ်လို့ ကသာမြို့၊ ရွှေကူမြို့နဲ့ ဗန်းမော်မြို့တို့က ရေကြောင်းပို့ဆောင်ရေး မန်နေဂျာတွေနဲ့ ရေကြောင်းပြတွေရဲ့ နာမည်တွေကိုပါ တွဲပြီး မြို့လှ K-PDF က သတိပေး ထုတ်ပြန်ထားပါတယ်။
မြို့လှ K-PDF တာဝန်ရှိသူတယောက်က “အဓိကကတော့ မြစ်ကြောင်းတလျှောက် ဝန်ထမ်းတွေကို နုတ်ထွက်စေချင်တယ်။ စစ်ကောင်စီကို ထောက်ခံမှု မပေးစေချင်ဘူး။ မြို့ရွာတိုင်းမှာရှိတဲ့ စစ်ကြောင်းတလျှောက်မှာ အလုပ်လုပ်နေတဲ့ ရေကြောင်းမန်နေဂျာတွေ၊ ရေကြောင်းပြတွေ၊ သင်္ဘောစလင်တွေကို နုတ်ထွက်ဖို့အတွက် ဖိအားပေးစေချင်တယ်” လို့ ပြောပါတယ်။
ဒီတိုက်ပွဲကို နိုင်အောင်တိုက်နေတယ်ဆိုတာ မိဘပြည်သူတွေ ယုံကြည်ပေးဖို့နဲ့ ဆက်လက် ကူညီထောက်ပံ့ပေးဖို့လည်း မြို့လှ K-PDF တပ်ဖွဲ့က တိုက်တွန်းထားပါတယ်။