
ရန်ကုန်၊ အောင်ဆန်းကွင်းမှာရှိတဲ့ ကားဂိတ်တွေကနေ တန်ဆာပစ္စည်းမပို့ဖို့ စစ်ကောင်စီက ကန့်သတ်လိုက်ပြီးနောက်ပိုင်း ပစ္စည်းပို့ဆောင်ရေး ခက်ခဲသွားတယ်လို့ ပို့ဆောင်ရေးလုပ်ငန်း လုပ်နေသူတွေက ပြောပါတယ်။
ရန်ကုန် ဘူတာကြီးနားမှာရှိတဲ့ အောင်ဆန်းအားကစားကွင်းပတ်လည်မှာ နိုင်ငံအနှံ့ကို ရောက်တဲ့ ကားဂိတ်နဲ့ ပစ္စည်းပို့ဆောင်ရေးဂိတ်တွေရှိပြီး တချို့ဂိတ်တွေကတော့ အောင်မင်္ဂလာ အဝေးပြေးကားကွင်းကို ဖယ်ရီလည်း ပြေးဆွဲပေးခဲ့တာပါ။
အောင်ဆန်းကွင်းမှာ ဖွင့်ခဲ့တဲ့ အဝေးပြေးကားဂိတ်တခုရဲ့ တာဝန်ခံက “ကျနော်တို့က ဗိုလ်မင်းရောင်လမ်း (အောင်ဆန်းကွင်းအနားက လမ်းမကြီး)မှာ ပစ္စည်းလက်ခံနေပါတယ်။ တိုက်ခန်းနဲ့တော့ မဟုတ်ပါဘူး။ ကားလေးနဲ့ပါ။ အခု ဒီနေရာမှာပဲ လက်မှတ်လည်း ဝယ်လို့ရပါတယ်” လို့ ပြောပါတယ်။
လက်ရှိ အောင်ဆန်းကွင်းမှာရှိနေတဲ့ ဂိတ်တွေက လက်မှတ်ရောင်းပေးနေတယ် ဆိုပေမဲ့ ဒီရက်ပိုင်းအတွင်းမှာ ပြောင်းရွှေ့ရတော့မယ်လို့လည်း သိရပါတယ်။
အောင်ဆန်းကွင်းကို အဆင့်မြှင့်မယ်ဆိုပြီး မကြာသေးခင်က စစ်ကောင်စီခေါင်းဆောင်က ပြောပြီးတဲ့နောက် အခုလိုဖြစ်လာတာပါ။
ကိုယ်တိုင် အွန်လိုင်းရှော့ပ် လုပ်ကိုင်သလို ပစ္စည်းပို့ဆောင်ရေးကိုလည်း တွဲဖက်လုပ်ကိုင်နေသူ တယောက်က “အရင်လို တနေရာတည်းကနေ ပို့လို့မရတော့ ခက်တာပေါ့။ နယ်ဝေးပစ္စည်းတွေဆိုရင် မြို့ထဲတဝိုက်ကဂိတ်တွေ လိုက်ရှာပြီး ပို့ရတယ်။ မြို့ထဲမှာ ဂိတ်မရှိရင်တော့ အောင်မင်္ဂလာထိ သွားရတာပေါ့။ အဲဒီအတွက် ပို့ခကိုတော့ မြို့ထဲပို့တာထက် နည်းနည်းပိုယူပါတယ်” လို့ ပြောပါတယ်။
စုံစမ်းသိရှိရသလောက် မြို့ထဲအနီးတဝိုက်မှာရှိတဲ့ တန်ဆာပစ္စည်းလက်ခံတဲ့ဂိတ်နဲ့ ခေါက်တိုဂိတ် နေရာတွေကတော့ ဗိုလ်အောင်ကျော်လမ်း၊ အောင်ဆန်းကွင်းအနားက ဗိုလ်မင်းရောင်လမ်း၊ မြန်မာ့ဂုဏ်ရည်လမ်း၊ ဒေါ်သိန်းတင်လမ်း၊ သိမ်ဖြူစျေးအနီးဝန်းကျင်၊ သိမ်ဖြူတင်းနစ်ကွင်းအနီး၊ မင်္ဂလာစျေး၊ ယုဇနပလာဇာ၊ တာမွေ ဦးချစ်မောင်လမ်း မင်းလမ်းမှတ်တိုင်အနီးတို့မှာ ဖြစ်ပါတယ်။