
မကွေးတိုင်း၊ မြိုင်မြို့နယ်ထဲမှာ ရွာမီးရှို့ပြီး ပြန်ထွက်လာတဲ့ အကြမ်းဖက်စစ်ကောင်စီစစ်ကြောင်းကို မြန်မာ့တော်ဝင်နဂါးတပ်တော် (M.R.D.A) အထူးကွန်မန်ဒိုအဖွဲ့က ကြားဖြတ်တိုက်ခိုက်ခဲ့တာကြောင့် စစ်ကောင်စီ တပ်သား ၇ ယောက်ထက်မနည်း သေဆုံးခဲ့တယ်လို့ ထုတ်ပြန်ပါတယ်။
ဇူလိုင် ၁၃ ရက် ညနေ ၄ နာရီကျော်လောက်က မြိုင်မြို့နယ်၊ ဌေးအောင်ကျေးရွာကို မီးရှို့ပြီး ထွက်လာတဲ့ အကြမ်းဖက်စစ်ကောင်စီစစ်ကြောင်းကို ဌေးအောင်ကျေးရွာ အနောက်ဘက်အနီးမှာ မြန်မာ့တော်ဝင်နဂါး တပ်တော် (M.R.D.A) က စောင့်ပြီး လက်နက်ကြီး လက်နက်ငယ်တွေနဲ့ တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။
တိုက်ပွဲကြာချိန် မိနစ် ၄၀ ကျော်လောက်ရှိခဲ့ပြီး မြန်မာ့တော်ဝင်နဂါးတပ်တော်(M.R.D.A) အထူးကွန်မန်ဒိုအဖွဲ့ဘက်က စစ်သည်တော်တွေအားလုံး အထိအခိုက်မရှိခဲ့ဘူးလို့ဆိုပါတယ်။ နှစ်ဖက်ထိခိုက်သေဆုံးမှု အရေအတွက်ကိုတော့ သီးခြားအတည်ပြုနိုင်ခြင်းမရှိသေးသလို စစ်ကောင်စီဘက်ကလည်း ဒီတိုက်ပွဲနဲ့ ပတ်သက်လို့ သတင်းထုတ်ပြန်တာမရှိပါဘူး။
လတ်တလောမှာတော့ မြန်မာနိုင်ငံတဝန်း အာဏာသိမ်းစစ်အုပ်စုရဲ့ ပြည်သူလူထုအပေါ် အကြမ်းဖက် ဖိနှိပ်ဖမ်းဆီး တိုက်ခိုက်သတ်ဖြတ်နေမှုတွေကို ပြည်သူတရပ်လုံးက အသက်ရှင်သန်ရေးအတွက် ခုခံကာကွယ်ပိုင် ခွင့်အရ ပြည်သူ့ခုခံစစ်ကို ဆင်နွှဲနေကြတာဖြစ်ပါတယ်။
အမျိုးသားညီညွတ်ရေး အစိုးရ (NUG) ကတော့ မြန်မာနိုင်ငံတဝန်း ပြည်သူ့ခုခံတော်လှန်စစ် အရှိန်မြှင့်နေပြီး ဇွန် ၇ ရက်ကနေ ဇူလိုင် ၆ ရက်အထိ ၁ လတာကာလအတွင်း အကြမ်းဖက်စစ်ကောင်စီဘက်က ၁,၉၇၅ ယောက် သေဆုံးခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။