Home
မြန်မာသတင်း
တောင်ပြိုလက်ဝဲမြို့ သင်္ဘောလှမူလွန်ကျောင်းမှ ကျောင်းအုပ်ကြီးနှင့် ဆရာမ ပျောက်ဆုံးနေ
DVB
·
June 16, 2022
288814858_763912157964513_313923266508260929_n
Taung Pyo Lat We

ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်တောင်ပိုင်း၊ တောင်ပြိုလက်ဝဲမြို့၊ သင်္ဘောလှ မူလွန်ကျောင်းက ကျောင်းအုပ်ကြီးနဲ့  ဆရာမတယောက်တို့ ဇွန် ၁၆ ရက် နေ့လယ်ပိုင်းက ပျောက်ဆုံးနေတယ်လို့ ဒေသခံ ကျောင်းဆရာတွေထံက သိရပါတယ်။

ပျောက်ဆုံးနေသူ ၂ ဦးဟာ သင်္ဘောလှကျေးရွာမူလွန်ကျောင်းမှ ကျောင်းအုပ်ကြီး ဆရာကြီးဦးဘိုဝင်းနဲ့ ဆရာမဒေါ်ဥမ္မာကျော်တို့ဖြစ်ပြီး  မြို့နယ်ပညာရေးမှူးရုံးက ဆင့်ခေါ်တဲ့အတွက် ဆိုင်ကယ်နဲ့အသွား လမ်းမှာ ပျောက်ဆုံးသွားတာလို့ သင်္ဘောလှမူလွန်ကျောင်းမှ ကျောင်းဆရာ ဦးစောမင်းထွန်းက ပြောပါတယ်။ 

“ကျနော်တို့ သင်္ဘောလှကျောင်းက ဆရာတွေနဲ့ ရွာကလူကြီးတွေကို ဒီနေ့ မြို့နယ်ပညာရေးမှူးရုံးက ခေါ်လို့ ဆိုင်ကယ် သုံးစီးနဲ့ လာကြတာ။ ကျနော်နဲ့ အုပ်ချပ်ချုပ်ရေးမှူးကတစ်စီး။  ဆရာကြီးဦးဘိုဝင်းနဲ့ ဆရာမဒေါ်ဥမ္မာကျော်က တစ်စီး၊  ရွာလူကြီး  နှစ်ဦးက တစ်စီးပါ။ ကျနော်တို့ ဆိုင်ကယ် နှစ်စီးက ရန်အောင်ပြင်ခွဆုံကိုရောက်ပြီး ဆရာကြီးတို့အစီးကို စောင့်နေကြတာ။ အချိန်သာကြာသွားတယ် ရောက်မလာကြဘူး။ ဖုန်းခေါ်ကြည့်တော့ ဖုန်းစက်ပိတ်ထားတယ်။ ကျနော်တို့ ပြန်လိုက်သွားပြီး ရှာတော့လည်း မတွေ့ဘူး။ အခု နယ်ခြားစောင့်တွေ၊ စစ်ကြောင်းတွေနဲ့ လိုက်ရှာနေကြတယ်။”

ပျောက်ဆုံးသူ ၂ ဦး စီးလာတဲ့ ဆိုင်ကယ်ကိုတော့ ကျွန်းပေါက်ပြုစုကျေးရွာဟောင်း အနီးခြုံကြားမှာ တွေ့ရှိပြီး လူတွေကတော့ အခုည ၈ နာရီ ​ကျော်အချိန်အထိ ရှာမတွေ့သေးဘဲ မနက်ဖြန် ဆက်လက်ရှာဖွေမယ်လို့ သင်္ဘောလှအုပ်ချုပ်ရေးမှူးက ပြောပါတယ်။

“သူတို့စီးလာတဲ့ ဆိုက်ကယ်ကို ကျွန်းပေါက်ပြုစုကျေးရွာဟောင်းနားမှာ တွေ့တယ်။ ဆိုက်ကယ်ကတော့ ပျက်စီးတာမရှိဘူး။  လူတွေကိုတော့ အခုအထိ ရှာမတွေ့သေးပါ။ ညလည်း မိုးချုပ်ပြီဆိုတော့ မနက်ဖြန်မှ ရှာဖွေကြမှာပါ။”

မောင်တောမြို့နယ် ပညာရေးမှူးဦးအောင်စံကျော်ကလည်း သင်္ဘောလှမူလွန်ကျောင်းက ဆရာ၊ ဆရာမတွေကို စစ်ဆေးမေးမြန်းစရာရှိလို့ ရုံးကိုခေါ်ခဲ့တာဖြစ်တယ်လို့ အတည်ပြု ပြောဆိုပါတယ်။

အခုလို ပညာမှူးရုံးသို့ ခေါ်ယူရတာဟာ အဆိုပါသင်္ဘောလှကျေးရွာက ဆရာ၊ ဆရာမတွေ ကျောင်းတက်ရောက်ခြင်းမရှိဘူးလို့ သက်ဆိုင်ရာက တိုင်တန်းလာလို့ဖြစ်တယ်လို့လည်း ဆိုပါတယ်။ သင်္ဘောလှမူလွန်ကျောင်းမှာ  ဆရာ ၅ ဦး၊ ဆရာမ ၄ ဦး တာဝန်ထမ်းဆောင်နေကြောင်း သိရပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024