
သူတော်စင်တွေ လောကီလူ့ဘောင်ကို စွန့်ခွာကြတယ်ဆိုတာ အကုသိုလ်တွေ မပြုမိအောင် တရားရှာမှီးဖို့အတွက် ဖြစ်ပါတယ်။ ဒါပေမဲ့ ပြည်သူတွေရဲ့ အသက် ဘဝ များစွာကို စတေးပြီး အာဏာယဇ်ပလ္လင် တည်ဆောက်လို့ အကုသိုလ်ကုဋေကုဋာ ကျုးလွန်ခဲ့ကြတဲ့ စစ်အာဏာရှင်တွေကတော့ နောက်ဆုံး နေဝင်ခါနီးအချိန်မှာ လူမြင်ကွင်းက ပျောက်ကွယ်လို့ မထင်မရှားဇာတ်မြှုပ်ရင်း လူ့ဘောင်နဲ့ ဝေးသွားကြတာဟာ သူတို့ပြုခဲ့ ကျူးလွန်ခဲ့ကြတဲ့ အကုသိုလ်ကံ အရှိန်အစော်တွေရဲ့ ခြောက်လှန့်မှုကနေ လွတ်မြောက်လို လွတ်မြောက်ငြား ကောက်ရိုးတမျှင်ကို ဆွဲတဲ့သဘောနဲ့ မတရားရယူထားတဲ့ ဓနဥစ္စာ အစွန်းထွက်ကို အလှူအတန်းပြုပြီး ဘုရားကု ကုဖို့ ကြိုးစားကြတာဖြစ်ပါတယ်။
၁၉၈၈ စစ်အာဏာသိမ်းအဖွဲ့ထဲက စစ်အာဏာရှင်ဟောင်း သန်းရွှေဟာ စစ်ရာဇဝတ်မှုတွေ ကျူးလွန်လို့ အားရတော့ သူ့အပေါ် သစ္စာရှိမယ်ထင်တဲ့ ဗိုလ်မင်းအောင်လှိုင်နဲ့ ဗိုလ်သိန်းစိန်တို့ကို ပွဲထုတ်ပြီး ကန့်လန့်ကာနောက်ကွယ်ဝင်လို့ စာဖတ်သူကြီးအဖြစ် လူမြင်ကွင်းက ပျောက်ကွယ်ကာ လူ့ဘောင်နဲ့ ကင်းကွာ ဇာတ်မြှုပ်ခဲ့ပါတယ်။
သမ္မတရူး မင်းအောင်လှိုင် အာဏာသိမ်းပြီးတဲ့နောက် စစ်အာဏာရှင်ဟောင်း သန်းရွှေအကြောင်း သတင်းဟာ စစ်ကောင်စီထိန်းချုပ်ထားတဲ့ မီဒီယာမှာ ပါဝင်လာတာ ၂ ကြိမ် ရှိခဲ့ပြီး ပထမတကြိမ်ကတော့ လွန်ခဲ့တဲ့နှစ် နိုဝင်ဘာလက ဖြစ်ပါတယ်။ အဲ့ဒီတုန်းကလည်း သူဟာ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ကို ဆွမ်းကပ်ခဲ့သလို ဒုတိယအကြိမ်ကတော့ ၂၀၂၂ ခုနှစ် မတ်လ ၁၃ ရက်နေ့မှာ အာဏာရှင်ဟောင်း သန်းရွှေနဲ့အတူ သူ့ရဲ့ လက်ထောက် စစ်ရာဇဝတ်အမှုတွဲ မောင်အေး၊ စစ်ဘောင်းဘီချွတ်သမ္မတ သိန်းစိန်၊ တင်အေး၊ တင်ငွေ၊ ခင်မောင်သန်း၊ အောင်ဒွေး၊ မောင်ဘို၊ ရဲမြင့် စတဲ့ အာဏာရှင်သစ္စာခံ စစ်ဗိုလ်ချုပ်ဟောင်း အခွင့်ထူးခံတသိုက်ဟာ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ ဆွမ်းကပ်ပွဲကို လူကိုယ်တိုင် မတက်ရောက်ရဲဘဲ ကြွရောက်လာတဲ့ သံဃာတော်တွေကို ဆွမ်းစရိတ်လှူခဲ့တာ ဖြစ်တယ်လို့ စစ်ကောင်စီမီဒီယာ သတင်းတွေမှာ ဖော်ပြခဲ့တာ ဖြစ်ပါတယ်။ လူကိုယ်တိုင် ထွက်မလာရဲဘဲ တိုက်ရာပါ၊ ခိုးရာပါ ငွေကြေးကို လှူဒါန်းပြီး အပြစ်ဖြေတာပဲ ဖြစ်ပါတယ်။
မဟုတ်တာ မမှန်တာ လုပ်တဲ့သူတွေဆိုတာ ဘယ်တော့မှ လူကြားထဲ မရဲရင့်သလို လူတောလည်း မတိုးဝံ့ဘူး။ အထူးသဖြင့် ပြည်သူလူထုအပေါ် နိုင်လိုမင်းထက် သတ်ဖြတ်ဗိုလ်ကျပြီး ချမ်းသာစည်းစိမ်တွေ ခံစားကြတဲ့ အာဏာရှင်တွေ၊ လူသားမျိုးနွယ်အပေါ် ကျုးလွန်တဲ့ ရာဇဝတ်မှုတွေနဲ့ သွေးစွန်းနေကြတဲ့ စစ်ဘီလူးသဘက်တွေဟာ ပြည်သူလူထုကြားကို ဘယ်သောအခါမှ လူလိုသူလို ထွက်မလာရဲ ပုံမှန်မဆက်ဆံရဲကြတော့ပါဘူး။
သူတို့ကျုးလွန်တဲ့ မကောင်းမှု အကုသိုလ်ကံတွေကို ပြန်တွေးပြီး ဂျီအီး ဂျီလန့် ဆိုသလို ကိုယ့်လိပ်ပြာ ကိုယ်မလုံဘဲ အတိတ်တစ္ဆေရဲ့ ခြောက်လှန့်မှုကို စက္ကန့်မလပ် ခံစားကြရင်း နောက်ကျောမလုံတဲ့ဘဝ၊ ငြိမ်းအေးစွာ အိပ်စက်ခွင့်မရမှာလည်း သေချာလှပါတယ်။
ဆင်ဖြူမျက်နှာ ဆင်မည်းမကြည့်ဝံ့ဆိုတဲ့ စကားလိုပါပဲ၊ ရိုးသားတည်ကြည်ပြီး အမှန်တရားကို မြတ်နိုးကြတဲ့ အများပြည်သူရဲ့မျက်နှာကို စစ်ရာဇဝတ်မှု ကုဋေကုဋာ ကျူးလွန်ထားလို့ ဂုဏ်သိက္ခာမဲ့နေကြတဲ့ စစ်အခွင့်ထူးခံ အာဏာရှင်တွေဟာ မျက်လုံးချင်း ရင်မဆိုင်ဝံ့ကြတာမို့ လူထုတွေ့ဆုံပွဲတွေကို ဘယ်တော့မှ မတက်ရောက်ရဲတော့ပါဘူး။
မြန်မာပြည်မှာ ပြည်သူသတ်လိုင်စင် ယူခဲ့ကြတဲ့ နေဝင်း၊ သန်းရွှေ၊ မင်းအောင်လှိုင် စတဲ့ စစ်အာဏာရှင်အဆက်ဆက်ဖြစ်ဖြစ်၊ ဆီးရီးယားက အာဏာရှင် အာဆတ်တို့၊ အတိုက်အခံတွေ လက်ချက်နဲ့ မလှမပ အသက်ဆုံးသွားခဲ့ပြီဖြစ်တဲ့ လစ်ဗျားအာဏာရှင် ကဒါဖီတို့ စတဲ့ ဘယ်လိုအာဏာရှင်ရဲ့ ဘဝပုံရိပ်တွေကိုကြည့်ကြည့် ဘုံတူညီချက်ကို တွေ့ရမှာက ပြည်သူတွေကို မျက်နှာချင်းမဆိုင်ရဲတဲ့ဘဝ ရောက်ရသလို လုံခြုံရေးသက်တော်စောင့် လက်နက်ကိုင် အကာအကွယ် မယူဘဲ လူတောမတိုးတဲ့ ရှားပါးသတ္တဝါတွေ ဖြစ်သွားကြရတာ မဟုတ်လား။
မြန်မာနိုင်ငံရဲ့ မူလပထမ ခေါင်းကိုင်စစ်အာဏာရှင် နေဝင်းရဲ့ အရုပ်ဆိုး အကျည်းတန်တဲ့ နောက်ဆုံးနေ့များကလည်းပဲ အထက်က အငြိမ်းစား စစ်ဓားပြ ဗိုလ်ချုပ်တွေနဲ့ မခြားတဲ့အပြင် အလွန်အရုပ်ဆိုး အကျည်းတန်စွာ နိဂုံးချုပ်ခဲ့ရပါတယ်။ သူမွေးတဲ့မျောက်တွေရဲ့ လက်ဦးမှုခံရပြီး ပြည်သူ့ရှေ့မှောက် ပြန်ထွက်မလာရတော့ဘဲ လူ့ဘောင်နဲ့ကင်းကွာလို့ လူမသိသူမသိ သေဆုံး ပျောက်ကွယ်သွားရတာ ဖြစ်ပါတယ်။
အာဏာရှင်နေဝင်းဟာ သာမန်ရိုးရိုးသားသား သေဆုံးပြီး နိဂုံးသပ်သွားခဲ့ရတာ မဟုတ်ပါဘူး။ သူမွေးတဲ့မျောက်တွေက ပြန်လည်လက်စားချေလို့ မျောက်ကိုက်ခံရလို့ မခံချိမခံသာနဲ့ ဘဝဆုံးခဲ့ရတာပါ။ ဒေါသအလွန်ကြီးတဲ့ အာဏာရှင်နေဝင်းဟာ သေခါနီးမှာ သူသိပ်ချစ်ခဲ့တဲ့ မြေးတွေကို တွေ့ခွင့်မရတော့ဘဲ လုံလောက်တဲ့ ဆေးကုသမှုကို မရရှိတော့ဘဲ ဗုန်းဗုန်းလဲဘဝမှာ တုံးလုံးလဲအဖြစ်နဲ့ အရှုံးကြီးရှုံးခဲ့ရတဲ့ အဖြစ်ဆိုးတွေကို ရင်ဆိုင်ရင်း မျက်ရည်နဲ့မျက်ခွက် နာကြီးချက် တောက်ခေါက်သံတွေနဲ့အတူ နှလုံးသွေးတွေပွင့်ကျပြီး အသေဆိုးနဲ့ သေသွားခဲ့ရတာဖြစ်တယ်လို့ ကိုနိုင်ဝင်း (လန်ဒန်) ရေးတဲ့ ဆောင်းပါးမှာ ဖတ်ခဲ့ရပါတယ်။
သူမွေးတဲ့မျောက်တွေကို သူမထိန်းနိုင်တော့တာမို့ အာဏာရှင်ဗိုလ်နေဝင်းနဲ့ သူ့မြေးတွေဟာ အာဏာအရသာ တွေ့စပြုလာတဲ့ အာဏာရှင်လက်သစ် နဝတစစ်ဗိုလ် မျောက်အပေါင်းထံက နိုင်ငံတော်အာဏာကို ပြန်သိမ်းဖို့ ၂ ကြိမ် ကြံစည်လာခဲ့ရာက မအောင်မြင်တော့ဘဲ ဖမ်းဆီးအကျဉ်းချခံခဲ့ရတာ ဖြစ်ပါသတဲ့။
အကျဉ်းချခံထားရတဲ့ အာဏာရှင် ဗိုလ်နေဝင်းရဲ့ နောက်ဆုံးနေ့ကို ဆရာဝန်ရဲ့ ကြိုတင်ခန့်မှန်းထားတဲ့ရက်မှာ သူမွေးတဲ့မျောက်အုပ်စုဟာ အထက်အညာသို့ ဘုရားဖူးသွားတယ်ဆိုပြီး ရန်ကုန်မှာမနေတော့ဘဲ ခဏရှောင်ထွက်သွားခဲ့ကြပြီး စစ်ရုံးချုပ်မှာ အရက်သမား တဇောက်ကန်း စစ်သားဆိုး ဗိုလ်မောင်အေးတယောက်ပဲ ကျန်ရှိပြီး မြန်မာနိုင်ငံကို စစ်ဖိနပ်အောက်စသွင်းပြီး ကျွန်ပြုခဲ့တဲ့ အာဏာရှင်ဗိုလ်နေဝင်းရဲ့ နောက်ဆုံးဈာပနကို သူ့သမီး စန္ဒာဝင်း အပါအဝင် လူ ၂၅ ယောက်သာ တက်ရောက်ခွင့်ပေးပြီး ဇာတ်တူသား စားခဲ့ပါတော့တယ်။
အခုလက်ရှိ ဆက်လက်မိုက်မဲ ဆိုးသွမ်းနေဆဲ စစ်အာဏာရှင်လက်သစ် မင်းအောင်လှိုင်နဲ့ လက်ပါးစေ နောက်လိုက်မျောက်တွေရော၊ ပြည်သူရှေ့မှောက် ခေါင်းမပြူဝံ့တော့ဘဲ ဇာတ်တူသားစားပြီး ပုန်းကွယ်အနားယူနေကြတဲ့ ပင်စင်စား စစ်ဓားပြတွေရဲ့ နိဂုံးသပ်ကို ပြည်သူလူထု တရပ်လုံးက ဘယ်လိုအဆုံးသပ်ပေးမှာလဲဆိုတာ ငွေရောင်သမိုင်းပိတ်ကားပေါ်မှာ မကြာခင် မြင်ကြရတော့မှာ ဖြစ်ပါကြောင်း။
မင်းကောင်းချစ်