Home
ဆောင်းပါး
ပြာပုံထဲကခုန်ထွက် ဖက်ဒရယ်ပြည်သစ်ဆီ ပျံတက်‌နေတဲ့ အညာဒေါင်းငှက်များ
DVB
·
May 31, 2022
Article 1

ခြေထောက်တဖက် ကွေးညွှတ်ကနေတဲ့ နတ်သမီးတစ်ပါးလို ပုံသဏ္ဌာန်နဲ့ မြန်မာပြည်ဟာ တောင်နဲ့ မြောက် စီးဆင်းသွယ်တန်းနေတဲ့ မြစ်ချောင်းတွေ၊ တောင်တန်းကြီးတွေနဲ့ လှပစွာ ဝိုင်းရံတည်ရှိနေတဲ့နိုင်ငံ ဖြစ်ပါတယ်။ နိုင်ငံရဲ့အလယ်ဗဟို နှလုံးသားနေရာမှာ သမိုင်းအစဉ်အလာ ကြီးမားတဲ့ ဧရာဝတီမြစ်ရဲ့အထက် အညာဒေသ တည်ရှိပါတယ်။ 

အညာရဲ့ရင်ခွင်မှာ ရွှေရောင်ပုထိုးတွေနဲ့ ယဉ်ကျေးမှုမြင့်မားတဲ့ ဟန်လင်း၊ တကောင်း သရေခေတ္တရာ၊ ဗိဿနိုး၊ ပုဂံ၊ အင်းဝ မန္တလေး အမရပူရ စတဲ့ မြို့ပြနိုင်ငံကြီးတွေ၊ အရှေ့တောင်အာရှတခွင်လုံး ခန့်ညားကြရတဲ့ အင်ပါယာကြီးတွေ ပေါ်ထွန်းခဲ့ပါတယ်။

အဲဒီ အညာဒေသက မုံရွာမြို့နယ်နဲ့ ချောင်းဦးမြို့နယ်ကြား မုံရွေးကျေးရွာ အရှေ့ဘက် ရွှေမြင်တင် တောင်တန်း နွယ်ခွေကျေးရွာအနီးမှာ လူရိုးကျောက်ဖြစ်ရုပ်ကြွင်းဖြစ်တဲ့ အံသွား၊ ရှေ့သွားနဲ့ အပေါ်မေးရိုးတွဲလျက် တွေ့ရှိခဲ့ရလို့ နွယ်ခွေလူသား အသီယံကားလ်ချား၊ အညာသားယဉ်ကျေးမှု၊ ဘာမားမန်းလို့လည်း ခေါ်ကြတဲ့ အဆင့်မြင့်လူဟာ ပီကင်းလူ (ပီကင်းမန်း) ထက်တောင် သက်တမ်းရှည်နိုင်ပါတယ်။ 

ဘာကြောင့်လို့လဲဆိုတော့ အဲဒီအညာအရပ်က ပုံတောင်ဒေသမှာဘဲ တရုတ်ပြည်မှာတောင် မတွေ့ရသေးတဲ့ အခြေခံအဆင့်မြင့် ပရိုင်းမိတ်အမျိုးအစား လူဝံမျိုးနွယ်ပရိုင်းမိတ်၊ ပုံတောင် ဂျီးယားကော်တာရိုင်း၊ အင်ဖီပိသိကပ် မိုးကောင်း ဂျင်းနစ်တွေကို တွေ့ရှိခဲ့ပါတယ်။ အညာဒေသရဲ့ ဘူမိသက်တမ်းဟာ နှစ်ပေါင်းသန်း ၄၀ ခန့်ရှိနေပြီး‌တော့ ကမ္ဘာပေါ်မှာ အစောဆုံး အဆင့်မြင့် ပရိုင်းမိတ်အမျိုးအစားကို တွေ့ရတာကြောင့် ဖြစ်ပါတယ်။  

အဲဒီလို ကြီးကျယ်ခံ့ညားတဲ့ သမိုင်းကြောင်းအထွေထွေနဲ့ ဂုဏ်ရှိန်ဝါကြီးတဲ့ အညာဒေသဟာ ခေတ်အဆက်ဆက်မှာလည်း မတရားမှုကို ဆန့်ကျင်တွန်းလှန်ရာမှာ ဘယ်သောအခါမှ နောက်ကျလေ့မရှိဘဲ ရှေ့တန်းမှာ အမြဲတမ်း ရွပ်ရွပ်ချွံချွံနဲ့ ပါဝင် တာဝန်ကျေခဲ့ကြတာကို ၁၉ ရာစု အစပိုင်းမှာဖြစ်ပွားခဲ့တဲ့ ဗြိတိသျှ ကိုလိုနီနယ်ချဲ့ဆန့်ကျင်ရေးတိုက်ပွဲ အောက်ပါ သမိုင်းကြောင်းတွေက သက်သေထူနေပါတယ်။ 

လက်နက်အားကိုးနဲ့ လူလူချင်း ကျွန်ပြုခဲ့ကြတဲ့ အင်္ဂလိပ်ကိုလိုနီနယ်ချဲ့ယုတ်‌တွေကို မြန်မာနိုင်ငံ အနှံ့အပြား ဒေသပေါင်းစုံမှာ ထကြွတော်လှန်ခဲ့ကြရာမှာ မြင်းခြံနယ်က ဗိုလ်ချို၊ ဗိုလ်ဖိုးဆင်၊ ဗိုလ်ဖိုးဝင်း၊ ပုပ္ပားနယ်က ဗိုလ်နက်ကျော်၊ ရွှေဘိုနယ်က ထိပ်တင်မှတ်၊ ဝန်သိုစော်ဘွားကြီး ဦးအောင်မြတ်၊ အင်းဝနယ်က ထိပ်တင်စောရန်ပိုင်၊ ဆင်ဖြူကျွန်း၊ ပွင့်ဖြူလယ်ကိုင်းက ဗိုလ်ဥတ္တမ၊ သရက်နယ်က ဗိုလ်ဆွဲ၊ မင်းလှနယ် ဗိုလ်ကျား၊ တောင်တွင်းကြီးနယ် နတ်မောက်က ဗိုလ်ချုပ်အောင်ဆန်းရဲ့ အဘိုး ဗိုလ်မင်းရောင်၊ မင်းဘူးနယ်က ဗိုလ်ဥတ္တမ၊ ချင်းတောင်ဘက်မှာ ကြွမ်ဘိခ် ဗိုလ်ဆွန်ပက်၊ ရွှေချိုးဖြူမင်းသား၊ ကရင်နီပြည်တွင် စောလဖော်၊ ရှမ်းပြည်တွင် လင်းပင်မင်းသား ခေါင်းဆောင်တဲ့ ရှမ်းစော်ဘွားတွေ၊ ကချင်ပြည်နယ်က ဖုန်ကန်ဒူဝါး၊ ဗိုလ်ဖိုးစော၊ ဆမားဒူးဝါး၊ ဆိုင်ဆင်ဒူးဝါး၊ မာရ်အောင် ဗိုလ်သိန်း၊ ရမ်းဗြဲဗိုလ်ကျန်၊ ဇီးပင်ကြီးက မြင်စိုင်းမင်းသား၊ ကျောက်ဆည်နယ်က ဗိုလ်သာကျန်၊ မန္တလေးက ဗိုလ်တိုး၊ ဗိုလ်ဇေယျ၊ ကသာမိုးကောင်းဘက်က ဗိုလ်ဖိုးစော၊ ဗိုလ်ရွှေသာ ဗန်းဗော်နယ်ကစောရန်ပိုင်၊ စောရန်နိုင်၊ သောင်းထွတ်နယ်မှ စောဖာကြီး၊ ဝနယ်က စောမဟာ‌နော်ခမ်းဦး၊ ပျဉ်းမနား ရမည်းသင်းဘက်က ဗိုလ်သာမှန်၊ ဗိုလ်လှိုင်၊ ဗိုလ်သဲ၊ ဗိုလ်လူကလေးတို့ဟာ ရရာလက်နက်စွဲကိုင် တော်လှန်ခဲ့ကြတဲ့ မြန်မာပြည်သား မျိုးချစ်သူရဲကောင်းတွေ ဖြစ်ကြပါတယ်။

အခုလည်း ဖက်ဆစ်စစ်ဘီလူး အာဏာရူးမင်းအောင်လှိုင်ရဲ့ နိုင်ငံကို ထပ်မံစစ်ကျွန်ပြုတဲ့ မတရားမှုကို ဆန့်ကျင်တော်လှန်ကြတဲ့ မြန်မာပြည်သူတွေရဲ့ နွေဦးတော်လှန်ရေးမှာ နိုင်ငံရဲ့ ဆီအိုးကြီးအဖြစ် တင်စားရတဲ့ မကွေးတိုင်း၊ နိုင်ငံရဲ့သယံဇာတသိုက်ကြီးဖြစ်တဲ့ စစ်ကိုင်း၊ နိုင်ငံရဲ့ အနုသုခုမ ယဉ်ကျေးမှုသိုက်ဖြစ်တဲ့ မန္တလေးတိုင်း စတဲ့ အညာဒေသဟာ သူ့ရဲ့ ကြီးမြတ်တဲ့ အစဉ်လာမပျက်ဘဲ နီမောင်းရဲရင့်စွာ သမိုင်းမော်ကွန်းထိုးနေကြတာပဲ မဟုတ်လား။

ကချင်ပြည်နယ်၊ ချင်းပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်၊ ရှမ်းပြည်နယ်၊ တနင်္သာရီတိုင်း၊ ရန်ကုန်တိုင်း၊ ပဲခူးတိုင်း၊ ဧရာဝတီတိုင်းတို့ အမှန်တရားကို မြတ်နိုးမှုနဲ့ စစ်ကျွန်မခံလိုစိတ် ပြင်းထန်သလို အထက်အညာဒေသ စစ်ကိုင်းတိုင်း၊ မကွေးတိုင်း မန္တလေးတိုင်းက ကလေး၊ တမူး မုံရွာ၊ မုံရွေး၊ ယင်းမာပင်၊ ကသာ၊ အင်းတော်၊ ကောလင်း၊ ထီးချိုင့်၊ ကနီ၊ မြင်းမူ၊ ရေဦး၊ ခင်ဦး၊ တန့်ဆည်၊ ဘုတလင်၊ ဝက်လက်၊ ချောင်းဦး၊ ရွှေဘို၊ ဒီပဲရင်း၊ ပခုက္ကူ၊ ရေစကြို၊ မြိုင်၊ မြောင်၊ မန္တလေး၊ ကျောက်ဆည်၊ မြစ်ငယ် မြစ်သား မြင်းခြံ၊ နွားထိုးကြီး၊ တောင်သာ၊ ကျောက်ပန်းတောင်၊  နေပြည်တော်၊ ပုဂံညောင်ဦး၊ ပုလဲ၊ လောင်းရှည်၊ ဂန့် ဂေါ၊ ယော၊ ဆော၊ ပေါက်၊ နတ်မောက်၊ ထီးလင်း စတဲ့အညာမြို့တွေဟာ စစ်အာဏာမတည်နိုင်အောင် သတ္တိပြောင်စွာနဲ့ စစ်ဘီလူးတွေကို တလုံးထိုး လက်လုပ်သေနတ်တွေ၊ ရရာလက်နက်တွေ စွဲကိုင်တွန်းလှန်ခဲ့ကြပါတယ်။ 

ဒါကြောင့်မို့လို့လည်း   အကြမ်းဖက်စစ်ကောင်စီဟာ ကျားနာတစ်ကောင်လို ၂၀၂၁ ခု၊ ဖေဖော်ဝါရီ ၁ ရက်နေ့ကနေ အခုနှစ် ဧပြီ ၃၀ ရက်အထိ နိုင်ငံတဝန်းမှာ စစ်ကောင်စီတပ်နဲ့ လက်ပါး‌စေ အဖွဲ့အစည်းတွေက မီးရှို့ဖျက်ဆီးလို့  ပြာပုံဖြစ်သွားတဲ့ လူနေအိမ်ပေါင်း ခန့်မှန်းခြေ ၁၁,၄၁၇ လုံးရှိပြီး စစ်ကိုင်းတိုင်း တတိုင်းထဲက အိမ်ခြေ ၇၅၀၀ ကျော်နဲ့ မကွေးတိုင်းအတွင်း ၂ ထောင်ကျော် (၂၁,၃၁)  ဖြစ်တယ်လို့ Data for Myanmar ရဲ့ ထုတ်ပြန်ချက်အရ သိရှိခဲ့ရပါတယ်။

ချင်းပြည်နယ် ထန်တလန်မြို့ဟာ ၂၈ ကြိမ် မီးရှို့ခံခဲ့ရသလို၊ မကွေးတိုင်းနဲ့ စစ်ကိုင်းတိုင်းအတွင်းမှာ ရာနဲ့ချီပေါ်လာတဲ့ PDF တပ်ဖွဲ့တွေကို နှိမ်နင်းဖို့ ဖက်ဆစ်စစ်တပ်ရဲ့ ပြည်သူတွေအပေါ် အကြမ်းဖက်မှု၊ ရပ်ရွာနေအိမ် မီးရှို့မှုနဲ့ စစ်ရေးပဋိပက္ခတွေကြောင့် နေရပ်ကနေ စွန့်ခွာ ထွက်ပြေးနေရသူ ၃ သိန်းကျော်ရှိခဲ့ပြီး ကျေးရွာပေါင်း ၁၈ ရွာရှိတဲ့ ဂန့်ဂေါမြို့နယ်ကို စစ်တပ် မီးရှို့ခဲ့တာကြောင့် အိမ်ခြေ ၆၈၀ ကျော် မီးလောင်ဆုံးရှုံးခဲ့ရပါတယ်။ 

ဂန့်‌ဂေါနယ်အတွင်း စစ်ရှောင်ပြည်သူတွေကို ထောက်ပံ့ဖို့ အမျိုးသားညီညွတ်ရေးအစိုးရ - NUG ကနေ ထောက်ပံ့ကြေးငွေ ကျပ်သိန်း ၉ ရာကျော် (၉၀၁၁၂၈၀၀) ထိ ရရှိခဲ့တယ်လို့ ဂန့်ဂေါမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ၂၀၂၂ ခုနှစ်၊ ဧပြီလ ၂၂ ရက်နေ့မှာ ထုတ်ပြန်ကြေညာထားခဲ့ပါတယ်။

ဧပြီလထဲမှာပဲ စစ်‌ဘေးသင့် စစ်ကိုင်းတိုင်းက ကျေးရွာ ၂၇ ရွာ၊ မကွေးတိုင်းက ကျေးရွာ ၁၁ ရွာ စုစုပေါင်း ကျေးရွာ ၃၈ ရွာ၊ လူဦးရေ ၁၁၉၀၃၂ အတွက် စားနပ်ရိက္ခာနဲ့ အခြားထောက်ပံ့မှုအဖြစ် ကျပ်သိန်း ၇၈၆၂၀၀၀၀ ကို ထောက်ပံ့ခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရရဲ့ လူသားချင်း စာနာထောက်ထားရေးနဲ့ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။ 

ဒီဆောင်းပါးကို နိဂုံးချုပ်ရရင် ယုတ်ညံ့တဲ့ စစ်အာဏာရှင်စနစ်ကို အပြီးဖျက်သိမ်းဖို့ မြန်မာတနိုင်ငံလုံးက မြေပြန့်တောင်ပေါ် တောရော မြို့ပါမကျန် အသက်ဘဝ၊ အိုးအိမ်စည်းစိမ် များစွာ ကြီးမားစွာ ရင်းနှီး‌ပေးဆပ်လို့ တိုက်ပွဲဝင်နေကြရာမှာ တိုင်းရင်းသားလူမျိုးအားလုံးနဲ့ တစိတ်တဝမ်းတည်း စစ်ဖိနပ်အောက်က လွတ်မြောက်လိုတဲ့ အညာဒေသဟာ ဂုဏ်ရှိန်ဝါကြီးမားတဲ့ သမိုင်းအစဉ်အလာအတိုင်း ဖက်ဆစ်စစ်ဘီလူးတွေရဲ့ ရက်စက်ကြမ်းကြုတ်မှုကို ခေါင်းငုံ့အညံ့မခံဘဲ မြင့်မြတ်ရဲရင့်စွာ တွန်းလှန်နေကြပြီး ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စုသစ် နိုင်သည့်အထိ မမှိတ်မသုန် ခရီးဆက်ကြဖို့လည်း ပိုင်းဖြတ်ထားပြီးကြပြီး ဖြစ်ပါတယ်။

ဒါကြောင့် အချိန်တိုတိုအတွင်း မိစ္ဆာစစ်ဘီလူးတွေကို လူ့အဖွဲ့အစည်းနေ ရှင်းလင်းနိဂုံးသပ်ချင်တယ်၊ ဖက်ဒရယ်ပြည်ထောင်စုသစ်ကြီး အမြန်ဆုံး‌ပေါ်ထွန်းလိုတယ်ဆိုရင် ပြာပုံထဲက ခုန်ထွက်ပြီး ပျံသန်းနေတဲ့ မီးငှက် သို့မဟုတ် အညာကို မြန်မာနိုင်ငံသားတိုင်းက လှမ်းကူဖေးမ ဝိုင်းရံကြဖို့ လိုပါတယ်။

ညိုပြောင်နေတဲ့ အညာသားတွေရဲ့ ကျောကုန်းကို ရွှေမချနိုင်ရင်တောင် စစ်ကိုင်း၊ မကွေး၊ မန္တလေးက ရာနဲ့ချီတဲ့ PDF ပြည်သူ့ကာကွယ်ရေးတပ်ရင်းတွေကို လက်နက် ရိက္ခာ ဆေးဝါး လိုအပ်ရာရာတွေကို အစွမ်းရှိသ၍ ဝိုင်းဝန်းဖြည့်ဆည်းကြမယ်ဆိုရင် မြန်မာပြည်ဝမ်းကြာတိုက်ကို တခဏအတွင်း သိမ်းယူနိုင်ပြီး စစ်အာဏာရှင် အဆိပ်ပင်ကြီး အမြစ်ကွဲလို့ ဗုန်းဗုန်းလဲရမှာ မုချဧကန်အမှန် ဖြစ်ပါကြောင်း။ 

မင်းကောင်းချစ်

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024