
မကွေးတိုင်း ထီးလင်းမြို့နယ်မှာ ဧပြီ ၂၅ ရက်နေ့ မနက်ပိုင်းက ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲမှာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၁ ဦး ဖမ်းမိပြီး လက်နက်ခဲယမ်းတွေ သိမ်းဆည်းရမိခဲ့တယ်လို့ YDF က ဒီကနေ့ နေ့လယ်ပိုင်းမှာ ထုတ်ပြန်ပါတယ်။
ဂန့်ဂေါမြို့ကနေ ထီလင်းဘက်ကို စစ်ကြောင်းထိုးလာတဲ့ တပ်မ ၁၁ စစ်ကြောင်းကို ဧပြီ ၂၅ ရက်နေ့ မနက် ၇ နာရီလောက်က အကြည်ဝါးဘင်းရွာနားမှာ တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီဘက်က ထိခိုက်သေဆုံးသူရှိနိုင်တယ်လို့ YDF-ထီးလင်း ရဲ့ ခေါင်းဆောင်က ဒီဗွီဘီကိုပြောပါတယ်။
အဲဒီတိုက်ပွဲမှာ စစ်ကောင်စီတပ်သား နိုင်လင်းအောင်ကို YDF က အရှင်ဖမ်းမိခဲ့ပြီး နိုင်းလင်းအောင်ဆီက MA3 သေနတ် ၁ လက်၊ MA3 ကျည်ဘောက် ၃ ခု၊ နင်းမိုင်း ၁ လုံး၊ လက်ပစ်ဗုံး ၁ လုံး၊ RPG2 ဗုံးသီး ၁ လုံး၊ ၅.၅၆ ကျည် ၂၁၉ တောင်နဲ့ တခြားအသုံးဆောင် ပစ္စည်းတွေ သိမ်းဆည်းရမိခဲ့တယ်လို့ ဆိုပါတယ်။
“စစ်ကောင်စီဘက်က အင်အား ၉၀ လောက်ပါတယ်ဗျ။ အကြည်ဝါးဘင်း ရွာဘက်က ထွက်လာတဲ့ အချိန် တိုက်ပွဲ စဖြစ်တာ။ သူတို့ဘက်က ထိခိုက်သေဆုံးသူတွေကို ထမ်းပြီး အကြည်ဝါးဘင်းရွာဘက်ကို ဆုတ်ပြေးသွားတာတွေ့ရတယ်။ အပြန်အလှန် တိုက်ပွဲဖြစ်ပွားချိန် ၄၅ မိနစ်လောက်ကြာခဲ့ပြီး ကျနော်တို့ YDF ရဲဘော်တွေ အထိခိုက် အကျဆုံးမရှိ ဆုတ်ခွာနိုင်ခဲ့ ကြတယ်” လို့ ပြောပါတယ်။
အဲဒီတိုက်ပွဲကို YDF တပ်ရင်း ၆၊ တပ်ရင်း ၇ နဲ့ တပ်ရင်း ၁၄ တို့က လက်ရွေးစင်တပ်သားတွေ စောင့်ကြိုတိုက်ခိုက်ခဲ့တာဖြစ်ပြီး ဖမ်းဆီးရမိထားတဲ့ စစ်ကောင်စီတပ်သား နိုင်လင်းအောင်ကို စစ်သုံ့ပန်း ဥပဒေနဲ့ အညီဆောင်ရွက်သွားမယ်လို့ ဆိုပါတယ်။
တိုက်ပွဲနဲ့ပတ်သက်ပြီး ထိခိုက်သေဆုံးတဲ့ အခြေနေကို စစ်ကောင်စီတပ်ဘက်က သတင်းထုတ်ပြန်တာမရှိသေးပါဘူး။