
ကိုယ်က စစ်ရေးစစ်ရာနဲ့ နှစ်ဘဝမက ဝေးကွာလွန်းသူမို့ လုံခြုံရေးအရလို့ ထင်တာကလွဲရင် ဘယ်လို လုံခြုံရေးအရလဲဆိုတာကိုတော့ မပြောတတ်။ များသောအားဖြင့် စစ်တပ်တွေကို မြို့ပြင်လိုနေရာမျိုး၊ သို့မဟုတ် သာမန်ပြည်သူတွေ နေထိုင်ရာနဲ့ ခပ်လှမ်းလှမ်းလို နေရာမျိုးမှာ တွေ့ရလေ့ရှိတယ်။
ပြီးတော့ စစ်တပ်တွေထဲ သာမန်အရပ်သားတွေ အလွယ်တကူ ဝင်ထွက်လို့လည်း မရတာမို့ သာမန် ပြည်သူတွေနဲ့ စစ်တပ်အသိုင်းအဝိုင်းကြား စည်းတွေက အဲဒီလို ခြားထားပြီးသား။ တချို့ စစ်တပ်တွေက သိပ်ကြီးတော့ စစ်သားသားသမီးတွေအတွက် အခြေခံပညာအထက်တန်းကျောင်း အဆင့်ပင် တခါတည်း အတွဲလိုက်ပါပြီးသား။ စစ်တပ် တော်တော်များများကျတော့ စစ်တပ်နဲ့ အနီးဆုံးနေရာက သာမန်ပြည်သူတွေနေတဲ့ ကျောင်းမှာ အခြေခံပညာအထက်တန်းအဆင့်အထိ သွားတက်ကြရပေမဲ့ စစ်တပ်ကားနဲ့ ကျောင်းကြိုပို့လေ့ရှိပြီး ကျောင်းနဲ့ စစ်တပ်ကလည်း မနီးတာကြောင့် စစ်တပ်ပြင်ပသူငယ်ချင်းတွေနဲ့ ဆက်ဆံရေးကိုလည်း ကန့်သတ်ပြီးသား။ ပြောရမယ်ဆိုရင် စစ်တပ်ဆိုတာ ပြည်သူတွေနဲ့ သီးခြား။
သူတို့ကမ္ဘာကျဉ်းကျဉ်းလေးထဲမှာ သူတို့ဘာသာတင်းကျပ်ထားတဲ့ အထက်အောက် အာဏာဆက်ဆံ ရေးတွေနဲ့ မျက်မှောင်ကုတ်လို့။ ပြည်သူတွေနဲ့ မရောမထွေးဘဲ နေရတာကိုက သူတို့အတွက်အဓ အပ္ပါယ်တမျိုးလိုဖြစ်လာတယ်။ ပြီးတော့ အတူနေတွေအပေါ် ယုံကြည်စိတ်နဲ့ သံယောဇဉ်၊ အတူမနေသူတွေအပေါ် မယုံကြည်စိတ်နဲ့ သံယောဇဉ်မရှိတာတွေကလည်း အလိုလိုတွဲပါလာခဲ့တယ်။
ဒီကြားထဲစစ်သားဆိုတာ တခြားဘယ်နိုင်ငံ့ဝန်ထမ်းတွေနဲ့မှမတူဘဲ အသက်နဲ့ရင်းပြီး တိုင်းပြည်တာ ဝန်ထမ်းဆောင်ရတယ်ဆိုတဲ့ ဂျင်းအကြီးကြီးကိုလည်း စစ်တပ်ခေါင်းဆောင်တွေက အစဉ်အဆက် ကျွေးခဲ့တယ်။ အဲဒီတော့ စစ်သားဆိုတာ တိုင်းပြည်ကိုအသက်ပေးချစ်တာတွေ မြင့်မြတ်သူတွေအဖြစ် ကိုယ့်ဘာသာ ရင်ဘတ်ကြီးကော့လို့ သူတို့ဘာသာဖွင့်ဆိုကြပြန်တယ်။ ပြီးတော့ အဲဒီလို အကြောင်းခြင်းရာတွေကြောင့် စစ်သားဆိုတာ တခြားသူတွေအားလုံးရဲ့ အထက်မှာရှိပြီး အခွင့်ထူးခံထိုက်သူတွေအဖြစ်လည်း အရှက်အကြောက် ကင်းစွာနဲ့ ဖွင့်ဆိုကြပြန်တယ်။
ပထမအာဏာရှင်နေဝင်းက အာဏာသိမ်းလိုက်ပြီဆိုတော့ စစ်တပ်က ပိုဇောင်းကြွလာတော့တယ်။ ပြည်သူတွေရဲ့အထက်မှာ ငါတို့။ စစ်တပ်ဟာ အရှင်သခင်ဆိုတဲ့ စိတ်၊ စစ်တပ်ကသာ တိုင်းပြည်အုပ်ချုပ် မင်းလုပ်ရမယ်ဆိုတဲ့ စိတ်မျိုးကို နေဝင်းက စလို့ ဟိုး…အောက်ခြေစစ်သားအထိ အဆင့်ဆင့် ရိုက်သွင်းကြတော့တယ်။ စစ်သားတွေဟာ ဌာနဆိုင်ရာပေါင်းစုံကို မိုးကျရွှေကိုယ်အဖြစ် ရောက်ရှိကြပြန်တော့ စစ်တပ်တွင်း အောက်လက်ငယ်သားတွေကို အပေါ်စီးကနေ မိုးကြည့်ခွင့်ကနေ အရပ်သားဝန်ထမ်းတွေကိုပါ အပေါ်စီးကနေ ဆီးကြည့် မောက်မာခွင့်ရလာကာ တတိုင်းပြည်လုံးရဲ့အထက်မှာ ငါတို့ရှိတယ်ဆိုတာမျိုး စစ်တပ်တွင်း ခိုင်မာအားကောင်းခဲ့တယ်။
သူတို့ရဲ့ ဆီဦးထောပတ်တွေ စားခွင့်ရတဲ့ ကမ္ဘာကျဉ်းကျဉ်းလေးထဲမှာ ဆီဦးထောပတ်တွေ အတူစားရင်း အကျိုးစီးပွားတူ ညီလေး၊ အစ်ကိုကြီး ဆက်ဆံရေးဟာလည်း အစဉ်အဆက် တသွေးတမွေးဖြစ်လာခဲ့ကြတယ်။ တိုင်းပြည်ကို အုပ်ချုပ်ရမယ်ဆိုတဲ့စိတ်၊ ဆီဦးထောပတ်တွေကို စားသင့်စားထိုက်တယ်ဆိုတဲ့စိတ်နဲ့ ပြည်သူရဲ့အထက်မှာ ငါတို့ရှိတယ်ဆိုတဲ့စိတ်တို့ဟာ စစ်တပ်ကို ပုလင်းတူဘူးဆို့အဖြစ် ညီညွတ်စေတဲ့အရာတွေ ဖြစ်တယ်။
ဒါပေမဲ့ စစ်တပ်မှာ အာဏာကသာလျှင် အရာရာကို အဆုံးအဖြတ်ပေးတာမို့ အာဏာကြီးထွားရေးနဲ့ ပတ်သက်ပြီး အပြိုင်အဆိုင်ပွတ်တိုက်မှုတွေရှိကြတယ်။ ပြီးတော့ စစ်သားဆိုတာ အသက်ကိုလောင်းကြေးထပ်ထားရတာမို့ ကိုယ့်နီးစပ်ပတ်ဝန်းကျင်က တပည့်တွေဆရာတွေနဲ့ အပြန်အလှန်အသက်ချင်းထပ် ယုံကြည်မှုတည်ဆောက်ရင်း အတွင်းစည်းဆိုတာကို ကိုယ်စီတည်ဆောက်ကြတယ်။
အာဏာအတွက် အတွင်းစည်းချင်းကြား ခွက်စောင်းခုတ်၊ နောက်ကျော ဓားနဲ့ထိုးတာမျိုးတွေ ပြင်းပြင်းထန်ထန် ဖြစ်ပွားလေ့ရှိကြတယ်။ အုပ်စုချင်းကြား အပြန်အလှန် အပြုတ်တိုက်တာမျိုးတွေကို နေဝင်းလက်ထက်ကစလို့ အခုအာဏာရှင်ပေါက်စဘဝမှာတင် မျက်လုံးတွေလည်နေတဲ့ မင်းအောင်လှိုင်အထိ သောက်သောက်လဲ။
ပထမအာဏာရှင်နေဝင်းရဲ့ သူ့အာဏာတည်ဆောက်ရေးလုပ်ငန်းစဉ်ဟာ ပီပြင်လွန်းလှလေတော့ နောက်ပေါက် အာဏာရှင်တွေအတွက် အတုယူစရာ ဖြစ်ခဲ့တယ်။ နေဝင်းဟာ ပထမ သူ့ကို အချိန်မရွေးအာခံနိုင်တဲ့ သူနဲ့မတိမ်းမယိမ်းလူတွေကို အရင်ရှင်းပစ်တယ်။ ဗိုလ်ကျော်ဇော၊ ဗိုလ်အောင်ကြီး၊ ဗိုလ်မောင်မောင်….။ နောက်တမျိုးပြောရရင် နေဝင်းဟာ သူ့ကို အထင်မကြီးတဲ့ သူနဲ့ခေတ်ပြိုင်တွေအကုန်လုံးကို အခွင့်သာတာနဲ့ တန်းစီဖြုတ်ပစ်ရုံတင်မက ဗိုလ်အောင်ကြီးဆို ထောင်ထဲထိ ပို့ခဲ့သေးတယ်။
ပြီးတော့ နောက်တဆင့်မှာ သူနဲ့ အစ်ကိုကြီး၊ ညီလေး ဆက်ဆံရေးရှိတဲ့သူတွေထဲက သူစိတ်မချရတဲ့ သူတွေကို နောက်တသုတ်အနေနဲ့ ဆက်ရှင်းပြန်တယ်။ ၁၉၆၀ ပြည့်နှစ်ရွေးကောက်ပွဲမှာ တည်မြဲဘက် ဘက်လိုက်ခဲ့တယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ ဗိုလ်မှူးကြီးတင်မောင်တို့လို တပ်မှူးကြီးတွေကို စစ်တပ်ထဲကနေ ရှင်းထုတ်ပစ်လိုက်တယ်။ တကယ်တော့ နေဝင်းဟာ သူ့ကို အာခံနိုင်မယ်လို့ထင်တဲ့ အရည်အချင်းရှိသူတွေကို ရှင်းလိုက်တာ ဖြစ်တယ်။
အဲဒီနောက် နေဝင်း ပြောသမျှ ခေါင်းညိတ်ရတဲ့ ဆရာ-တပည့် ဆက်ဆံရေးရှိသူတွေ တဆင့်တက်ရာထူးရ ကာကွယ်ရေးဦးစီးချုပ် ဖြစ်လာတဲ့ ဗိုလ်ချုပ်ကြီးတင်ဦး(NLD)ဆိုရင် တိတိပပ ဆရာ-တပည့် ဆက်ဆံရေး ရှိခဲ့တာတောင် ဗိုလ်ချုပ်ကြီးတင်ဦးအပေါ် တပ်တွင်းထောက်ခံမှု ကြီးလာချိန်မှ နေဝင်းရဲ့ မနာလိုစိတ်တွေ ထိန်းမနိုင်သိမ်းမရ ဖြစ်လာတယ်။ တချိန်မှာ ဗိုလ်ချုပ်ကြီးတင်ဦးဟာ သူ့အာဏာကို ထိပါးလာနိုင်မလားဆိုတဲ့ အတွေးနဲ့တင် ရှင်းထုတ်ပစ်ခဲ့ရုံတင်မက ထောင်သွင်း အကျဉ်းချခဲ့သေးတယ်။
ဒုတိယအာဏာရှင် သန်းရွှေကလည်း နေဝင်းရဲ့ အာဏာတည်ဆောက်ပုံနဲ့ အာဏာနဲ့ပတ်သက်လာရင် ဘယ်သူ့မျက်နှာမှမကြည့်ဘဲ မြန်မြန်ပြတ်ပြတ် ရှင်းလင်းခဲ့တာကို အတုယူရုံတင်မက ပထမအာဏာရှင် နေဝင်းကိုပါ ဘာကိုမှ မထောက်ထားဘဲ ရှင်းပစ်ခဲ့တယ်။
ပထမ၊ ထွန်းကြည်၊ ကျော်ဘ၊ မြင့်အောင်….။ သန်းရွှေနဲ့က သိပ်မတိမ်းမယိမ်းတွေ။ ပြီးတော့ သူ့ဂိုဏ်းနဲ့သူ ရပ်တည်နိုင်စွမ်းရှိသူတွေဆိုတော့ အသံတချက် ထပ်မထွက်ရဲအောင်ကို သန်းရွှေက ရှင်းပစ်ခဲ့တယ်။ နောက်ပိုင်းမှာ သူနဲ့ပခုံးချင်းယှဉ်လာပြီဖြစ်တဲ့ ခင်ညွန့်ကိုတင်မက သူ့အာဏာကို ဒုက္ခပေးနိုင်ဖွယ်ရှိတဲ့ ခင်ညွန့်ဩဇာခံ ထောက်လှမ်းရေးအဖွဲ့ တဖွဲ့လုံးကိုလည်း စစ်တပ် ပရဝဏ်ကနေ အပြီးအပိုင် ရှင်းထုတ်ခဲ့တယ်။
နေဝင်းနဲ့မတူတဲ့ သန်းရွှေလက်ထက် ပြဿနာက စစ်တပ်တွင်းအကျိုးစီးပွား ပဋိပက္ခတွေ ပွတ်တိုက်မှု ပြင်းထန်လာခြင်းပါပဲ။ နေဝင်းနဲ့မတူတဲ့ သန်းရွှေရဲ့ လုပ်ဟန်က ဘယ်သူ့ကိုမဆို သူ့လုပ်ပိုင်ခွင့်ထဲကနေ အဂတိလိုက်စားခွင့်ပြုထားတာနဲ့ သန်းရွှေတခေတ်မှာ အဂတိလိုက်စားခွင့် ဧရိယာ ကျယ်ကျယ်ပြန့်ပြန့် ရှိနေတာပါပဲ။
သန်းရွှေက သူကိုယ်တိုင်လည်း အာဏာနဲ့ အကြီးအကျယ် သိုက်တူးခဲ့သလို သူ့အနားနဲ့ သူ့မလှမ်းမကမ်းက သူတွေရဲ့ သိုက်တူးတာတွေကို ထိုင်ကြည့်နေတယ်။ သူ့အောက်ကလူတွေ သိုက်တူးကြရင်း အကျိုးစီးပွားပဋိပက္ခ ဖြစ်နေအောင်လည်း ဖန်တီးထားပုံရတယ်။ သန်းရွှေ လက်ထက်မှာ စစ်သားတွေဟာ အာဏာနဲ့ သိုက်တူးနိုင်ခွင့် အကြီးအကျယ်ရရှိခဲ့လေတော့ လုပ်ပိုင်ခွင့်အာဏာရရှိရေးကိုလည်း အကြီးအကျယ်အားထုတ်ခဲ့ကြတယ်။ အဲဒီမှာ စစ်သားတွေအတွက် ပဓာနဖြစ်တဲ့ စစ်ရေးစွမ်းရည်ထက် အခွင့်အာဏာရရှိရေးအတွက် ကြံရည်ဖန်ရည်က အဓိကကျလာခဲ့တယ်။
ဒါပေမဲ့ အာဏာရှင် ဆိုတာ သူ့အာဏာတည်မြဲရေးကိုသာ ရာနှုန်းပြည့် ခေါင်းထဲထည့်တာမို့ တပ်တွင်း စစ်ရေးစွမ်းရည်ချို့တဲ့မှုနဲ့ အဂတိလိုက်စားမှုကြောင့် တပ်တွင်းဖရိုဖရဲဖြစ်မှုတွေကို ဘယ်ဂရုစိုက်ပါ့မလဲ။ ဒါ့ကြောင့် သန်းရွှေဟာ သူအနားယူတော့မယ်ဆိုတော့ သူနဲ့ သူ့မိသားစု လုံခြုံအေးချမ်းရေးအတွက်သာ သေချာပြင်ဆင်ခဲ့တယ်။
အာဏာရမ္မက် သိပ်မကြီးဘူးလို့ သူထင်တဲ့ သိန်းစိန်ကို သမ္မတ၊ ရည်မှန်းချက်ကြီးတဲ့ ရွှေမန်းကို ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ အချိန်မရွေး ဖိနပ်ခေါ်တိုက်ခိုင်းရင်တောင် ဝမ်းမြောက်ဝမ်းသာဖြစ်ရမယ့် မင်းအောင်လှိုင်လို ငချွတ်လေးကို ကာကွယ်ရေးဦးစီးချုပ်။ အဲဒီလို တပ်တွင်းစီနီယာဖြစ်မှုနဲ့ အရည်အသွေး ဆိုတာထက် သူ့အပေါ် ကျေးဇူးရှင်ကြီးသဖွယ် နောင်ဘဝထိတိုင် ကိုးကွယ်မယ်လို့ ထင်ရတဲ့ မင်းအောင်လှိုင်ကို (၂၀၀၈ အခြေခံဥပဒေအရ သမ္မတထက်ပင် အရေးပါတဲ့) ကာချုပ်နေရာ ထိုးအပ်ခဲ့တယ်။
အခုတော့ သန်းရွှေ မျက်စိကျလို့သာ ကာချုပ်ဖြစ်ခွင့်ရတဲ့ မင်းအောင်လှိုင်က သူ့ကိုယ်သူအာဏာရှင် ဖြစ်အောင် အားထုတ်ပြီ ဖြစ်တယ်။ ဒါကို နောက်တမျိုး ဆိုရသော် သန်းရွှေ လောင်းရိပ်အောက်ကနေ ရုန်းထွက်ကာ ကိုယ့်ဘာသာ တစင်ထောင်ခြင်း ဖြစ်တယ်။
မင်းအောင်လှိုင်ဟာ ဆရာ့ ဆရာတို့ရဲ့ နည်းစဉ်အတိုင်း သူ့ကို အာခံနိုင်မယ့်သူတွေ အကုန်လုံးကို ရှင်းထုတ်ပစ်တယ်။ စိန်ဝင်းတို့၊ ရဲအောင်တို့၊ မြထွန်းဦးတို့၊ မောင်မောင်ကျော်တို့လိုမျိုး အာဏာမရှိတဲ့ ရုပ်ပြတွေအဖြစ် ရွှေ့ထားလိုက်တာဟာ တပ်တွင်း သူ့အာဏာတည်မြဲရေးအတွက် တည်ဆောက်ခြင်းပါပဲ။
ပြီးတော့ တော်လှန်ရေးနေ့ ဂါရဝပြုပွဲမှာ သိန်းစိန်ကို လက်အုပ်ချီ ဆက်ဆံပြီး ရွှေမန်းကို မဖိတ်ကြားတာနဲ့ ခရိုနီသူဌေးခင်ရွှေနဲ့ သားဖြစ်သူကို လွန်ခဲ့တဲ့ ၃-၄ နှစ်လောက်က ဖွင့်ထားတဲ့ ပုဒ်မနဲ့ အခုမှ ကောက်ကာငင်ကာ ထောင်ထဲ ထည့်လိုက်တာဟာ မင်းအောင်လှိုင်အနေနဲ့ ပြတ်ပြတ်သားသား ဇာတ်တူသားစားနေပြီ ဖြစ်ကြောင်း သတင်းပေးပို့ချက်လည်း ဖြစ်ပါတယ်။
နေဝင်းနဲ့ သန်းရွှေတို့တုန်းကတော့ သူတို့ရဲ့ အာဏာတည်မြဲရေးအတွက် ရှင်းထုတ်လိုက်တယ် ဆိုပေမဲ့ အရှင်းခံရသူတွေ အာဏာနဲ့ တူးခဲ့သမျှ ကြွယ်ဝမှုတွေကိုတော့ မတို့မထိဘဲ လွတ်ငြိမ်းခွင့် ပေးခဲ့ပါတယ်။ အလိုရမ္မက်ကြီးတဲ့ မင်းအောင်လှိုင်လက်ထက်မှာရော အရှင်းခံရတဲ့လူတွေရဲ့ ပိုင်ဆိုင်မှုတွေကို ချမ်းသာပေးမလားဆိုတာ မသေချာပါဘူး။
ခင်ရွှေကို ရှင်းထုတ်လိုက်တာရဲ့ နောက်မှာ သူ့ပိုင်ဆိုင်မှုတွေကိုပါ အပိုင်သိမ်းနိုင်တယ်ဆိုတဲ့ ခန့်မှန်းချက်တွေနဲ့ သိန်းစိန်လက်ထက်က နေပြည်တော် သရက်ခြံစီမံကိန်း အကြောင်းပြချက်နဲ့ မနိုင်မနင်း သိမ်းထားတဲ့ မြေတွေထဲက ဘာကောင်မှမဟုတ်တော့သူတချို့ရဲ့ မြေတွေကို မင်းအောင်လှိုင် အုပ်စုက ပြန်သိမ်းတယ်ဆိုတဲ့ သတင်းတွေက ဆန့်ထုတ် စဉ်းစားစရာတွေ ဖြစ်လာပါတယ်။
မင်းအောင်လှိုင်ရဲ့ ဇာတ်တူသားစားခြင်းမှာ သူ့အာဏာတည်မြဲရေးတင်မက ပစ္စည်းဥစ္စာတွေကိုပါ မောင်ပိုင်စီးခြင်းတွေ ပါလာပြီလို့လားလို့ ထပ်တွေးချင်စရာပါ။ ပြီးတော့ မင်းအောင်လှိုင်ရဲ့ တပ်တွင်းအာဏာတည်ဆောက်မှုဟာ ဘယ်လောက်ထိ အလုပ်ဖြစ်နိုင်မှာလဲ။ အခု မင်းအောင်လှိုင် အာဏာတည်မြဲရေးအတွက် ငါတို့ အသေခံပေးရမှာလားဆိုတဲအသံ အောက်ခြေ တပ်ရင်း တပ်ဖွဲ့တွေကြား ကျယ်ပြန့်လာခြင်းနဲ့ တပ်စီဒီအမ် များပြားလာတာတွေက မင်းအောင်လှိုင်ခေါင်းမှာ တောက်နေတဲ့ မီးတစ ဖြစ်နေပါတယ်။
စစ်သားတွေကြား လုပ်ပိုင်ခွင့်အာဏာတစ်ခုခုကြောင့် ကြီးပွားနေတဲ့ စစ်သားနဲ့ ဘာလုပ်ပိုင်ခွင့်မှ မရှိလို့ တိုင်ပတ်နေတဲ့ စစ်သားဆိုပြီး နက်ရှိုင်းစွာ ကွဲပြားနေခြင်းက ကြာပြီဖြစ်သလို အဲဒီလို ကွဲပြားခြင်းရဲ့အဆက် တပ်တွင်းစည်းလုံးမှု လျော့ရဲနေတာလည်း ကြာပြီလို့ ထင်ပါတယ်။ အဲဒီလို လျော့ရဲလာဖို့ရာ နှစ်အတန်ကြာ အချိန်ယူ ဖြစ်ချင်တိုင်း ဖြစ်ခဲ့ရတာမို့ ချက်ချင်း ပြန်တည်ဆောက်နိုင်ဖို့ရာ ဘယ်လိုမှ မဖြစ်နိုင်ပါဘူး။
အဲဒါကြောင့် သူ ရထားတဲ့ အာဏာနဲ့ လတ်တလော လုပ်လို့ရနိုင်သလောက် သူ့အာဏာ တည်ဆောက်ရေးကိုသာ ဆက်လက်လုံးပန်းပါလိမ့်မယ်။ မင်းအောင်လှိုင်ရဲ့ အာဏာတည်ဆောက်ရေးမှာ သူ့ဆရာသန်းရွှေ ဆိုတာလည်း နေဝင်းဝဋ် အချိန်မရွေး ပြန်လည်နိုင်တာမို့ အခုဆို ဘယ်နေ့မှာ အကျယ်ချုပ်ဘဝ ရောက်မလဲလို့ တွေးပူနေရပြီလို့ ထင်ပါတယ်။ မင်းအောင်လှိုင်သာ သက်ဆိုးရှည်မယ်ဆိုရင် ဇာတ်တူသားစားခြင်း ပြဿနာဟာ ပိုဆိုးလာမယ်လို့ ထင်ရပါတယ်။
အာဏာရှင်တွေမှာ အာဏာရရှိရေးအတွက် ဘယ်သူ့ကိုမဆို စတေးရဲကြပါတယ်။
ထွန်းလင်း