မန္တလေးမြို့၊ ပြည်ကြီးတံခွန်မြို့နယ်၊ (က) ရပ်ကွက်၊ လမ်း ၇၀ နှင့် ၇၄ လမ်းကြား၊ မြဝတီမင်းကြီးလမ်းရဲ့ မြောက်ဘက်၊ မန္တလေး-လားရှိုး သွားရထားသံလမ်းမှာ ဇန်နဝါရီ ၉ ရက် မနက် ၈ နာရီကျော်အချိန်က မီးရထားတစ်စီး မိုင်းခွဲတိုက်ခိုက်ခံခဲ့ရပါတယ်။
မီးရထားဟာ မန္တလေး စည်ပင်သာယာ ကျူးရှင်းလင်းရေးအဖွဲ့တွေကို တင်ဆောင်လာတဲ့ တွဲ ၅ တွဲပါ ရထားဖြစ်ပြီး ပေါက်ကွဲမှုဖြစ်တာကြောင့် ရဲတပ်ဖွဲ့ဝင်က ဆင်းကြည့်ရာ ထပ်မံပေါက်ကွဲခဲ့တာလို့ ပြည်ကြီးတံခွန်မြို့နယ်နေ ပြည်သူတဦးက ပြောပါတယ်။
“ရထားလမ်းမှာ မိုင်းခွဲခံရတာ။ ချိန်ကိုက်မိုင်းဖြစ်နိုင်တယ် ရထားလာမှ ခွဲတာဆိုတော့။ ရထားက ရိက္ခာရထားလို့လည်း ပြောကြတယ်။ ကျူးရှင်းလင်းရေးအဖွဲ့ကလို့လည်း ပြောကြတယ်။ ဒဏ်ရာရတာရှိနိုင်တယ်။”
ပေါက်ကွဲမှုကြောင့် မီးရထားသံလမ်း ပျက်စီးသွားပြီး ရထားတွဲချော်ကျသွားတဲ့အပြင် ရဲတပ်သားညီညီအောင်ရဲ့ လည်ပင်း မိုင်းစထိမှန် ဒဏ်ရာရရှိခဲ့ကာ အသက်အန္တရာယ်စိုးရိမ်ရတယ်လို့ သိရပါတယ်။
ဒါ့အပြင် မနက် ၁၀ နာရီကလည်း ပြည်ကြီးတံခွန်မြို့နယ်၊ (ဃ)ရပ်ကွက်၊ ၅၈ လမ်း နဲ့ ၅၆ လမ်းကြားမှာလည်း ရထားသံလမ်းဘေး လက်လုပ်မိုင်းကွဲခဲ့ပြီး ထိခိုက်ပျက်စီးတာမရှိခဲ့ပါဘူး။