
မြန်မာတစ်နိုင်ငံလုံးမှာ ပြည်သူ့ကာကွယ်ရေးတပ်တွေကို ဖွဲ့စည်းထားပြီဖြစ်တာကြောင့် ပြည်သူအားလုံး အကြမ်းဖက်စစ်အုပ်စုကို နှိမ်နင်းကြဖို့ အချိန်တစ်ခုရောက်ရင် တိုက်ပွဲခေါ်သံပေးမယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရက ပြောကြားလိုက်ပါတယ်။
ဇွန်လ ၄ ရက် ဒီနေ့ အွန်လိုင်းကနေ ပြုလုပ်တဲ့သတင်းစာရှင်းလင်းပွဲမှာ NUG ကာကွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါ်ခင်မမမျိုးက ပြောသွားတာပါ။
လက်ရှိမှာ စစ်ကောင်စီတပ်တွေကို နှိမ်နင်းတဲ့အခါမှာ ဘယ်သူက ဦးဆောင်နေတယ်ဆိုတာက အရေးမကြီးဘဲ ဘုံရန်သူ အကြမ်းဖက်စစ်အုပ်စုကို နှိမ်နင်းရေးက အဓိကဖြစ်ပြီး နေရာတိုင်းမှာ နှိမ်နင်းမယ့်အဖွဲ့တွေရှိနေရမှာဖြစ်တယ်လို့ဆိုပါတယ်။
လက်တလော ပြည်နယ်နဲ့တိုင်းတချို့မှာ ပြည်သူတွေက ရရာလက်နက်စွဲကိုင်ပြီး အကြမ်းဖက် စစ်အုပ်စုကို တော်လှန်တိုက်ခိုက်နေကြသလို တိုင်းရင်းသားလက်နက်ကိုင်တပ်တွေက လည်း ကချင်၊ ကရင်၊ ကယား၊ ချင်းနဲ့ ရှမ်းပြည်နယ်မှာ စတင်တိုက်ခိုက်နေပြီဖြစ်ပါတယ်။