Home
မြန်မာသတင်း
ကွတ်ခိုင်မြို့နယ်၌ အိုင်ဒီပီများ နေရာပြန်ချထားရေးနှင့် စခန်းပိတ်သိမ်းရေး ကော်မတီဖွဲ့စည်း
DVB
·
October 14, 2020
121114470_640825089951570_8083213279827449874_n
ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကွတ်ခိုင်မြို့နယ်မှာ စစ်ဘေးရှောင် ပြည်တွင်းနေရပ်စွန့်ခွာသူ (အိုင်ဒီပီ)များ ပြန်လည် နေရာချထားရေးနှင့် ယာယီခိုလှုံရေးစခန်းများပိတ်သိမ်းရေးဆိုင်ရာ မြို့နယ်ကော်မတီကို အောက်တိုဘာ ၁ နေ့က ဖွဲ့စည်းလိုက်တယ်လို့ စစ်ရှောင်စခန်းတာဝန်ခံက ပြောပါတယ်။ ၂၀၂၀-၂၀၂၁ အတွင်း နမ္မတူက စစ်ရှောင်စခန်း ၃ ခု၊ ကွတ်ခိုင်မြို့ပေါ်စခန်းထဲက ၂ခု စုစု‌ပေါင်း ၅ ခုမှာ နေထိုင်သူတွေကို ပြည်လည်နေရာချထားပြီး စခန်းတွေ ပိတ်သိမ်း အကောင်အထည်ဖော်ဖို့ ကော်မတီက လျာထားပါတယ်။  ရှမ်းပြည်နယ် လူမှုရေး၊ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန ညွှန်ကြားရေးမှူး ဦးစိုးနိုင်က “ပြည်ထောင်စု ဘတ်ဂျက်ရော ပြည်နယ်ရန်ပုံငွေနဲ့ပါ ဆောင်ရွက်ဖို့တင်ထားပြီးပါပြီ။ ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့် ကော်မတီတွေ ဖွဲ့ပြီးပါပြီ။ စစ်ရှောင်အားလုံး မူလနေရာ ပြန်သွားမယ့်လူရှိတယ် လုံခြုံရေးအရ အဆင်ပြေရင် ပြန်လို့ရမယ်။ နေရာသစ်မှာ ဆက်လက်နေထိုင်လိုသူရယ် နှစ်မျိုးမှာ သူတို့ ကိုယ်တိုင် ရွေးချယ်လို့ရမှာပါ။ ပွင့်လင်းမြင်သာအောင် ဆောင်ရွက်မှာပါ။ ကိုဗစ်ကာလမလုပ်သေးပါဘူး” လို့ ပြောပါတယ်။ စစ်ဘေးရှောင်ပြည်သူတွေဟာ မပြန်ရင် သူတို့ရွာကို ရွာပျက်စာရင်းသွင်းပြီး မြေယာအသုံးချ ခွင့် မရမှာစိုးရိမ်သိလို့ နေရပ်ပြန်သူတွေအတွက်ကတော့ နောင်တိုက်ပွဲထပ်ဖြစ်ပြီး ထပ်ပြေး လာရမှာ၊ ကလေးပညာရေးနဲ့ လူကြီးလူအိုကျန်းမာရေးအတွက် စိုးရိမ်ကြတယ်လို့ ကွတ်ခိုင်မြို့နယ် အရပ်ဖက်အဖွဲ့အစည်းက ကိုခွန်ဂျမ် က ပြောပါတယ်။ ရှမ်းမြောက် စစ်ရှောင်စခန်းအဖွဲ့ (Northen Shan IDPs Group) ရဲ့ တာဝန်ခံ ဦးနောင်လတ်ကတော့ "ရှမ်းမြောက်မှာ တိုက်ပွဲတွေဖြစ်နေဆဲပါ။ နယ်မြေမငြိမ်သက်သေးပါ။ ဒီကာလမှာ အကောင်အထည်မဖော်သင့်သေးပါဘူး။ စစ်ပွဲရပ်အောင်အရင်လုပ်ပါ လို့ ပြောပါတယ်။ အခုလို ကော်မတီဖွဲ့စည်းတာကို နောက်ကျမှ သိရတဲ့အတွက် စိတ်မကောင်းပါကြောင်းနဲ့ ကော်မတီမှာ စခန်း  ၁၈ ခုက  ကိုယ်စားလှယ် ၄-၅-၆ ယောက်လောက်ပါသင့်တယ်လို့လည်း ပြောပါတယ်။ သဘာဝသယံဇာတအရေး လှုပ်ရှားသူတစ်ဦးကတော့ ကွတ်ခိုင်စစ်ဘေးရှောင်တွေရဲ့ မူလ နေရပ်တွေဟာ တရုတ်နိုင်ငံရဲ့ရင်းနှီးမြုပ်နှံမှု ဖြစ်တဲ့ ပိုးလမ်းမစီမံကိန်း နဲ့ ရထားလမ်းဆောက်မယ့် ဧရိယာထဲပါနေတဲ့အတွက် အထူးဂရုစိုက်ရမယ့် နယ်မြေဖြစ်တယ် လို့ပြောပါတယ်။ ရှမ်းပြည်နယ် မြောက်ပိုင်းမှာ ကျောက်မဲမြို့နယ်အတွင်း ကျောက်မဲမှာ တိုက်ပွဲမဖြစ်ခင်ကအထိ မူဆယ်ခရိုင်၊ ကွတ်ခိုင်မြို့နယ်၊ နမ့်ဖတ်ကာ၊ နမ့်ခမ်း၊ နမ္မတူ စတဲ့ ဒေသတွေမှာ အစိုးရအသိအမှတ်ပြု စခန်း ၂၃ ခု နဲ့ အသိအမှတ်မပြုတဲ့ စခန်းတွေ အပါအဝင် စခန်းပေါင်း ၃၀ ကျော်ရှိပြီး  စစ်ဘေးရှောင်ဦးရေ ၁၀၀၀၀ လောက် ရှိနေပါတယ်။ သတင်း - နန်းစပယ်
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024