ဖူးခက်မြို့တွင် ပိတ်မိနေသည့် မြန်မာအလုပ်သမား ၁၂၀ ကျော် ကော့သောင်းနယ်စပ် ပြန်ရောက်
DVB
·
May 30, 2020

ကိုဗစ်-၁၉ ရောဂါကြောင့် ထိုင်းနိုင်ငံတောင်ပိုင်း ဖူးခက်မြို့မှာ ပိတ်မိနေတဲ့ မြန်မာအလုပ်သမား ၅၀၀ ကျော်ရှိပြီး မေ ၂၉ ရက်နေ့ နေ့လယ်ပိုင်းက အလုပ်သမား ၁၂၀ ကျော် ရနောင်းမြို့မှတဆင့် ရေလမ်းခရီးနဲ့ ကော့သောင်းနယ်စပ်ဂိတ်ကို ရောက်ရှိလာခဲ့ကြပါတယ်။
ရောက်ရှိလာတဲ့ မြန်မာရွှေ့ပြောင်းအလုပ်သမားတွေကို လ.ဝ.က က နိုင်ငံသားဟုတ်မဟုတ် စိစစ်ပြီး ပြည်သူ့ ကျန်းမာရေးဦးစီးဌာနက ကျမ်းမာရေးစစ်ဆေးပေးတာ၊ ကိုယ်ပူချိန်တိုင်းတာတွေ ပြုလုပ်ခဲ့ကြပါတယ်။
ပြန်လည်ရောက်ရှိလာသူတွေဟာ ဖူးခက်မြို့ရှိ ဟိုတယ်တွေနဲ့ စားသောက်ဆိုင်တွေမှာ လုပ်နေတဲ့သူတွေဖြစ်ပြီး ကိုဗစ်-၁၉ ကြောင့် အလုပ်ပိတ်လိုက်ထားလို့ စာဝတ်နေရေး အခက်အခဲဖြစ်ပြီး ပြန်လာကြတာပါ။
အကူအညီပေးနေတဲ့ အလုပ်သမား ပညာရေးစင်တာမှ ကိုမိုးဝေက “ဖူးခက်မှာ ကျနော်တို့အဖွဲ့ကသူတွေ အပြောအရ မြန်မာအလုပ်သမား ၅၆၀ ကျော်လောက် ရှိသေးတယ်။ ဒီအထဲမှာ တရားမဝင်အလုပ်သမားက ၅၀၀ လောက်ရှိတယ်လို့ သိရတယ်။ ဒီလူတွေ ပြန်လာဖို့ အခက်အခဲတွေ ဖြစ်နေသေးတယ်။ မြန်မာနိုင်ငံကနေ သွားလုပ်တဲ့ အလုပ်သမားတွေက ခရီးသွားလုပ်ငန်းတွေမှာ လုပ်တာများတယ်။ အခုလုပ်ငန်းပိတ်လိုက်တာကြောင့် အခက်အခဲဖြစ်ပြီး ပြန်လာကြတာ များတယ်” လို့ ပြောပါတယ်။
အခုရောက်လာသူတွေဟာ တနင်္သာရီတိုင်း ကော့သောင်း၊ မြိတ်၊ ထားဝယ်မြို့နဲ့ တိုင်းနဲ့ပြည်နယ်အချို့က ဖြစ်ပြီး နေထိုင်ရာဒေသတွေကို ပို့ဆောင်ပေးကာ Quarantine ဝင်ရမယ်လို့ ဆိုပါတယ်။
လတ်ကိုကိုဦး