Home
မြန်မာသတင်း
ချင်းမိုင်တွင် ဆိုင်ကယ်စီး မြန်မာ ၁ ဦး ရဲကိုရှောင်ပြေးရာက ကော်ဖီဆိုင်နှင့် ခေါက်ဆွဲဆိုင်များကို ဝင်တိုက်
နန်းမြနဒီ
·
November 7, 2019
588736-696x464
588735-696x464
588733-696x338
588730-696x520
588727-696x520
588726-696x520
ထိုင်းမြောက်ပိုင်း၊ ချင်းမိုင်ခရိုင်၊ ဆန်ဆိုင်းမြို့နယ်ထဲမှာ မနေ့ မနက်အစောပိုင်းက ဆိုင်ကယ်စီး မြန်မာလူငယ်တဦး ရဲစစ်ဆေးရေးဂိတ်ကို တိမ်းရှောင်ထွက်ပြေးရာက လမ်းပေါ်က အခြားဆိုင်ကယ် တစီး၊ ကော်ဖီဆိုင်နဲ့ ခေါက်ဆွဲဆိုင်တွေပါ ပျက်စီးအောင် ဝင်ရောက်တိုက်မိခဲ့တယ် လို့ ချင်းမိုင်နယူးစ်သတင်းမှာ ဖော်ပြပါတယ်။  အသက် ၂၃ နှစ်အရွယ် နိုင်းဝမ်းဆိုသူ မြန်မာနိုင်ငံသား ၁ ဦးဟာ နိုဝင်ဘာ ၅ ရက်ညက သူငယ်ချင်းဆီက ဆိုင်ကယ်ငှားပြီး မြို့တွင်းသို့ လျှောက်လည်ခဲ့ပါတယ်။ ဒီနောက် သန်းခေါင်ကျော် အိမ်ပြန်ချိန် ချင်းမိုင် - ဒွိုင်စကစ်လမ်းမကြီးပေါ်မှာ လုံခြုံရေးရဲတွေကိုတွေ့ရှိပြီး ယာဉ်မောင်း လိုင်စင်မရှိတာကြောင့် လမ်းပြောင်းပြန်မောင်းကာ ရဲတွေကို ရှောင်တိမ်းခဲ့တယ်လို့ ကာယကံရှင်က ပြောပါတယ်။ မူမမှန်တဲ့သူ့နောက်ကို ရဲတွေကလိုက်လာတဲ့အတွက်  ဆိုင်ကယ်ကို အရှိန်မြှင့်မောင်းခဲ့ရာမှာ ရှေ့ကနေ လမ်းကြောင်းမှန်မောင်းလာတဲ့ ဆိုင်ကယ် ၁ စီးကို အရင်ဝင်တိုက်မိပြီးနောက်   လမ်းဘေးက ကော်ဖီဆိုင် ၁ ဆိုင်၊ ခေါက်ဆွဲဆိုင် ၁ ဆိုင်တို့ကိုပါ ဝင်တိုက်မိခဲ့တာပါ။ ဒီဖြစ်စဉ်မှာ ဆိုင်ကယ်မောင်းသူ နိုင်းကျရွန်းကျလယ် (၅၈ နှစ်) ဒဏ်ရာရခဲ့ပြီး ကော်ဖီဆိုင်နဲ့ ခေါက်ဆွဲဆိုင်ထဲက ပုလင်းတွေ၊ ပန်းကန်တွေ၊ ထိုင်ခုံတွေပါ ကွဲကျပျက်စီးခဲ့တယ်လို့ ဆိုင်ရှင်နဲ့ မျက်မြင်သက်သေတွေက ရဲကိုပြောပါတယ်။  နိုင်းဝမ်းကတော့ ဆန်နားမိုင်းလမ်းကြားထဲထွက်ပြေးစဉ် တာဝန်ရှိသူတွေက သူ့ကို လိုက်လံရှာဖွေရာမှာ  သူကိုယ်တိုင် မှောင်ထဲက ထွက်လာပြီး အဖမ်းခံခဲ့ပါတယ်။ နိုင်းဝမ်းကတော့ ထိခိုက်ဒဏ်ရာအနည်းငယ်ရခဲ့ပြီး ရဲကသူ့ကို အယ်လ်ကိုဟောပမာဏ စစ်ဆေးရာမှာ အရက်သောက်ထားတာကို စစ်ဆေးတွေ့ရှိရပါတယ်။ ဆိုင်ကယ်သမား နိုင်းဝမ်းကို လိုင်စင်မရှိဘဲ ယာဉ်မောင်းမှု၊ တပါးသူ ထိခိုက်ဒဏ်ရာရအောင် မဆင်မခြင်ယာဉ်မောင်းမှု၊ တပါးသူ ပစ္စည်းဥစ္စာ ဆုံးရှုံးအောင် မဆင်မခြင် ယာဉ်မောင်းမှု၊ အရက်သောက်ပြီး ယာဉ်မောင်းမှု စတာတွေနဲ့အရေးယူသွားမယ်လို့ တာဝန်ကျရဲ တပ်ဖွဲ့ဝင်က ပြောပါတယ်။  ကိုးကား- Chiangmai news
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024