Home
ဆောင်းပါး
ဗမာ့နိုင်ငံရေး ကသောင်းကနင်းများ အခန်းဆက် (အပိုင်း ၂)
DVB
·
September 22, 2017
20170912 MinnKaungChit myanmar politic part 2
(The Political Turmoil In Burma ဟူသော အမည်ဖြင့် သမိုင်းစာစုကို ဆရာဦးဟန်ထွန်းက အင်္ဂလိပ်ဘာသာဖြင့် ရေးသားခဲ့ပြီး မင်းကောင်းချစ်မှ “ဗမာ့နိုင်ငံရေး ကသောင်းကနင်းများ” အမည်နဲ့ မြန်မာဘာသာ ပြန်ဆိုရေးသားပါတယ်။) (၄) ဒုတိယ-ဗမာနိုင်ငံတော် ပုဂံအင်ပါယာကြီး ပြိုကွဲသွားခဲ့ရတဲ့နောက် ပေါ်ထွန်းလာတဲ့ ဗမာ၊ မွန်၊ ရှမ်းလူမျိုး အသီးသီးတို့ရဲ့ ခေတ်ပြိုင်မြို့ပြနိုင်ငံငယ်တွေကြားမှာ တောင်ငူမှာရှိတဲ့ မြန်မာတွေဟာ အိမ်နီးချင်း မြို့ပြနိုင်ငံများနဲ့ သင့်မြတ်စွာ ဆက်ဆံနေထိုင်ရင်း တိတ်ဆိတ်စွာ အင်အားစုဆောင်းနေခဲ့ကြတယ်။ သူတို့ဟာ ပဲခူးက မွန်လူမျိုးတွေ၊ အယုဒ္ဒယက ထိုင်းလူမျိုးတွေနဲ့သာမက အင်းဝက မြန်မာတွေနဲ့ ဆန့်ကျင်ဘက် မပြုခဲ့ကြပါဘူး။ မင်းကြီးညိုဟာ တောင်ငူရဲ့ ပထမဆုံးမင်းအဖြစ် အေဒီ ၁၄၈၆ မှာ နန်းတက်ခဲ့တယ်။ မင်းကြီးညိုဟာ တောင်ငူမြို့ကို အုတ်ရိုးပတ် ကာရံခဲ့တယ်။ ဒီအတွက်ကြောင့်ပဲ အိမ်နီးချင်း အခြားမြို့ပြနိုင်ငံတွေရဲ့ အသိအမှတ်ပြုတာ ခံခဲ့ရတယ်။ အင်းဝဟာ သိုဟန်ဘွား ဦးဆောင်တဲ့ မောရှမ်းလူမျိုးတွေရဲ့ သိမ်းပိုက်မှုအောက် ကျဆုံးခဲ့ရပြီး ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးများ အပါအဝင် လူအမြောက်အမြား သတ်ဖြတ်သုတ်သင်ခြင်း ခံခဲ့ရတယ်။ မင်းကြီးညိုဟာ အဲဒီသတ်ဖြတ်မှုကို လက်တုံ့ပြန်ဖို့ ကြိုးပမ်းရင်း အေဒီ ၁၅၃၁ ခုနှစ်မှာ ရုတ်တရက် နတ်ရွာစံတဲ့အချိန်မှာတော့ ထီးနန်းဆက်ခံမယ့် သားတော် တပင်ရွှေထီးဟာ (ရွှေထီးဘုရားဘွဲ့ခံ) ဟာ သက်တော် ၁၄ နှစ်သားအရွယ်သာ ရှိသေးတယ်။ တပင်ရွှေထီးဟာ တောင်ငူထီးနန်းဆက်ခံဖို့ မြင်းစီးသူရဲကောင်းတွေနဲ့အတူ ရန်ဘက်မြို့ပြနိုင်ငံဖြစ်တဲ့ မွန်တိုင်းဌာနီ မြို့တော်ပဲခူးကို သွားရောက်ပြီး ရွှေမော်ဓောဘုရား ရင်ပြင်မှာ နားထွင်းမင်္ဂလာ ခံယူတော်မူပြီးမှ တောင်ငူမြို့တော်ကို ပြန်ခဲ့တယ်။ တပင်ရွှေထီးရဲ့ ရဲတင်းလွန်းတဲ့ အဆိုပါသတင်းဟာ နိုင်ငံတဝန်းလုံးမှာ အုတ်အော်သောင်းတင်း ပျံ့နှံ့ခဲ့တယ်။ မွန်စစ်သူရဲတွေကိုယ်တိုင် သူတို့ကို ဖြတ်ကျော်သွားရဲတဲ့ တပင်ရွှေထီးကို အံ့အားသင့်ရင်း လူကိုယ်တိုင် မြင်ဖူးချင်ခဲ့ကြတယ်။ အဆိုပါ သမိုင်းတွင်ခဲ့တဲ့ စွန့်စားခန်းမှာ ရှင်ရဲထွဋ် အမည်ရှိတဲ့ ငယ်ရွယ်နုပျိုတဲ့ တပ်မှူးငယ်တဦး ရဲရင့်ပြောင်မြောက်စွာ အစွမ်းပြခဲ့တယ်။ နောင်မှာ အဲဒီတပ်မှူးငယ်ဟာ တပင်ရွှေထီးရဲ့ ဘုရင့်ယောက်ဖတော် ဖြစ်လာပြီး ဘုရင့်နောင်ကျော်ထင်နော်ရထာဘွဲ့နဲ့ ထင်ရှားခဲ့တယ်။ အေဒီ ၁၅၃၈ ခုနှစ်မှာတော့ တပင်ရွှေထီးဟာ ပဲခူးကို ချီတက်တိုက်ခိုက်ရာမှာ အခက်အခဲမရှိဘဲ လွယ်လင့်တကူ သိမ်းယူနိုင်ခဲ့တယ်။ တောင်ငူခေတ်ရဲ့ ထင်ရှားကျော်ကြားတဲ့ နောင်ရိုးတိုက်ပွဲဟာ သမိုင်းတင် ကျန်ရစ်ခဲ့တယ်။ ပြည်မြို့မှာ အလုံးအရင်းနဲ့ အင်အားတောင့်တင်းစွာ တပ်စွဲထားတဲ့ ပြိုင်ဘက်တွေကို လုပ်ကြံနိုင်အောင် တပင်ရွှေထီးက သူ ရောက်အလာကို စောင့်ဖို့ ဘုရင့်နောင်ဆီကို အကြောင်းကြားခဲ့တယ်။ ထီးဘုရားရဲ့ ဘုန်းတော်ကြောင့် ရန်သူ မြို့ကိုစီးနင်းလို့ တိုက်ပွဲအောင်နိုင်ပြီးကြောင်း ဘုရင့်နောင်က အကြောင်းပြန်စေခဲ့တယ်။ လက်အောက်ခံတပ်မှူးတွေက တိုက်မယ့်စစ်ပွဲ ရှုံးနိမ့်ခဲ့ရင် ဘုရင်ကို ဘယ်လိုရင်ဆိုင်ရမလဲလို့ စောဒကတက်ကြတော့ စစ်ပွဲကို နိုင်သော် ဘုရင်မင်းတရားသည် ငါတို့အား အပြစ်မဆိုနိုင်ရာ၊ စစ်ရှုံးသော်ငြားလည်း သေလွန်ပြီမို့ အပြစ်မတင်နိုင်ရာဟု စကားဆိုလျက် နောက်မတွန့်စေရန်အလို့ငှာ မြစ်ကူးရန် ပြုလုပ်ခဲ့သည့် ဖောင်များကို ဖျက်ဆီးစေခဲ့တယ်။ အဲဒီနောက် ဘုရင့်နောင်ဟာ ပဲခူးနဲ့ ပြည် နှစ်တပ်ပေါင်းထားလို့ အင်အားအလုံးအရင်းရှိတဲ့ ရန်သူတွေကို ရွပ်ရွပ်ချွံချွံ ထိုးနှက် တိုက်ပွဲဝင်ခဲ့တယ်။ ဘုရင့်နောင်ရဲ့ ထက်မြက်တဲ့ ခေါင်းဆောင်မှုအောက်မှာ တောင်ငူတပ်တွေဟာ တပင်ရွှေထီး ရောက်မလာခင် ရန်သူမြို့ကို သိမ်းယူနိုင်ခဲ့တယ်။ အဲဒီနောက်ပိုင်း ခေါင်းဆောင်နှစ်ဦးရဲ့ ဦးဆောင်မှုအောက်မှာ တောင်ငူတပ်တွေဟာ အရေးပါတဲ့ ပြိုင်ဘက် မြို့တော်တွေ တမြို့ပြီးတမြို့ သိမ်းပိုက်နိုင်ခဲ့လို့ အေဒီ ၁၅၄၁ ခုနှစ်မှာ မုတ္တမကို ရခဲ့ပြီး ပြည်မြို့နဲ့ ရခိုင်ကို အေဒီ ၁၅၄၂ ခုနှစ်မှာ သိမ်းယူနိုင်ခဲ့တယ်။ ဗမာနိုင်ငံအထက်ပိုင်းကို သိမ်းပိုက်ဖို့ အသွားလမ်းမှာ ရှမ်းတွေကို တပါတည်း သိမ်းသွင်းပြီး ပုဂံကို ချီတက်ခဲ့တယ်။ အဲဒီမှာ တပင်ရွှေထီးဟာ ဗမာနိုင်ငံရဲ့ ကြီးမြတ်တဲ့ ဧကရာဇ်ဘုရင်တပါး ဖြစ်လာခဲ့တယ်။ ပဲခူးမှာ တပင်ရွှေထီးဟာ မွန်ထုံးတမ်းစဉ်လာနဲ့ ဘိသိက်ခံပြီး မွန်မင်းသမီးတပါးကို မိဖုရားခေါင်ကြီးအဖြစ် တင်မြှောက်ခဲ့တယ်။ ပြီးတော့ မွန်လူမျိုးတွေကိုလည်း သူ့ရဲ့အုပ်ချုပ်ရေးမှာ အဆင့်အမြင့်ဆုံး မှူးမတ်အကြီးအကဲ ရာထူးတွေမှာသာမက စစ်တပ် ထိပ်ပိုင်းနေရာတွေမှာပါ ခန့်အပ်ထားခဲ့တယ်။ ဒါပေမယ့်လည်း တပင်ရွှေထီးဟာ စစ်တောင်းမြို့စားနဲ့အတူ ဆင်ဖမ်းထွက်ရင်း ညတညမှာ စက်တော်ခေါ်နေတုန်း စစ်တောင်းမြို့စားရဲ့ လုပ်ကြံမှုခံခဲ့ရပြီး ကံတော်ကုန်ခဲ့ရတယ်။ ဒီသတင်းဟာ တမဟုတ်ချင်း ပျံ့နှံ့ဂယက်ထသွားပြီး တိုင်းပြည်ကို ရုတ်ခြည်း မငြိမ်မသက် ဖြစ်စေခဲ့တယ်။ စစ်တောင်း၊ မုတ္တမ၊ တောင်ငူ၊ ပဲခူးနဲ့ ပြည်မြို့ အစရှိတဲ့ ဒေသဆိုင်ရာ မြို့စား နယ်စားတွေဟာ သူတို့ပိုင်နယ်တွေကို လွတ်လပ်တဲ့ မြို့ပြနိုင်ငံများအဖြစ် အသီးသီး ကြေညာလို့ ပုန်ကန်ထကြွခဲ့ကြတယ်။ အဲဒီမှာ ဘုရင့်နောင်ရဲ့ ပခုံးထက်ပေါ် ကြီးလေးတဲ့ တာဝန်ကြီးတရပ် ကျရောက်လာခဲ့ပါတော့တယ်။ ဖရိုဖရဲဖြစ်နေတဲ့ တိုင်းပြည်ကို ပြန်လည်စုစည်းဖို့ ဘုရင့်နောင်ဟာ အစပိုင်းမှာ သံတမန်နည်း၊ စစ်ရေးနည်းမျိုးစုံ ကျင့်သုံးခဲ့ရတယ်။ ဦးစွာပထမ တောင်ငူဟာ ဘုရင့်နောင်နဲ့ လာရောက်ပူးပေါင်းခဲ့တယ်။ အဲဒီနောက် ပဲခူးကို ထိုးစစ်ဆင်ခဲ့တယ်။ မွန်ဘုရင်ဟာ ဘုရင့်နောင်ကို စီးချင်းထိုးဖို့ စိန်ခေါ်ခဲ့သေးပေမယ့် နောက်ဆုံးတော့ တပ်ပျက်ပြီး ထွက်ပြေးသွားခဲ့ရတယ်။ ဘုရင့်နောင်ဟာ အကျအဆုံး အနည်းငယ်နဲ့ပဲ ပဲခူးကို ရခဲ့တယ်။ မွန်ဘုရင်ကို လက်ရဖမ်းမိခဲ့ပြီး သုတ်သင်နိုင်ခဲ့တယ်။ ပဲခူးကို အောင်ပြီးတဲ့နောက် နန်းတက်ဘိသိက်ခံပြီး ဘုရင့်နောင်ဟာ ဗမာဘုရင် ဖြစ်လာခဲ့တယ်။ အထွေထွေလွတ်ငြိမ်းခွင့်နဲ့အတူ မွန်လူမျိုးအများစုကို မူလရာထူး ဌာနန္တရတွေ ပြန်လည်အပ်နှင်းခဲ့တယ်။ သူ့ရဲ့ညီတော်တွေကို တောင်ငူ၊ ပြည်၊ မုတ္တမ အစရှိတဲ့ အရေးပါတဲ့ မြို့တော်တွေရဲ့ ဘုရင်ခံတွေအဖြစ် ခန့်ထားခဲ့တယ်။ အဲဒီနောက်တော့ အထက်ဗမာပြည်မှာ အင်းဝနဲ့ အရှေ့ပိုင်းမှာ ရှမ်းနယ်တွေသာ ကျန်ပါတော့တယ်။ ဘုရင့်နောင်ဟာ နယ်ပယ်ချဲ့ထွင်တဲ့ စစ်ပွဲတွေ ဆက်လက်ဆင်နွှဲပြီး အဆိုပါနယ်တွေကို အေဒီ ၁၅၅၅ နဲ့ ၁၅၅၇ ခုနှစ်တွေမှာ အခက်အခဲမရှိဘဲ သိမ်းပိုက်နိုင်ခဲ့တယ်။ အေဒီ ၁၅၅၈ ခုနှစ်မှာ ဘုရင့်နောင်ဟာ ချင်းမိုင်ဆီကို စစ်ချီခဲ့တယ်။ ထိုင်းဘုရင်က လက်နက်ချခဲ့တာကြောင့် လက်အောက်ခံဘုရင်အဖြစ် ပြန်လည်ခန့်ထားပေးခဲ့တယ်။ ပြည်တော်အပြန်မှာ ကချေသည်၊ အဆိုပညာရှင်၊ ယွန်းထည်ပညာရှင်နဲ့ မြောက်မြားစွာသော အနုပညာရှင်၊ လက်မှုပညာရှင်တွေကို တပါတည်း ခေါ်ဆောင်ခဲ့လို့ ပဲခူးနေပြည်တော်မှာ နေရာချထားပြီး နေထိုင်စေခဲ့တယ်။ အဲဒီအောင်ပွဲသတင်းကြောင့်မို့ တရုတ်-မြန်မာ နယ်စပ်တလျှောက်က ရှမ်းစော်ဘွားတွေနဲ့တကွ မဏိပူရ၊ အာသံနယ်တွေက ဘုရင်တွေဟာ ဘုရင့်နောင်ထံ သစ္စာခံလာကြတယ်။ အဲဒီအချိန်ကစလို့ ဘုရင့်နောင် ထူထောင်ခဲ့တဲ့ ဒုတိယဗမာနိုင်ငံတော် အင်ပါယာကြီးဟာ အောင်မြင်မှု အထွတ်အထိပ်ကို ရောက်ရှိခဲ့တယ်။ သီဟိုဠ်၊ အိန္ဒိယ၊ တရုတ်ပြည်တို့နဲ့ သံတမန် အဆက်အသွယ်တွေ ရလို့ ဘုရင့်နောင်ဟာ အနော်ရထာနဲ့ ကျန်စစ်သားခေတ် နောက်ပိုင်းမှာ အရှေ့တောင်အာရှ တခုလုံးရဲ့ ထေရဝါဒဗုဒ္ဓဘာသာကို ဦးဆောင်ဦးရွက်ပြုတဲ့ မင်းတပါး ဖြစ်လာခဲ့တယ်။ ထိုင်းလူမျိုးတွေကတောင် ဘုရင့်နောင်ကို ကြီးကျယ်မြင့်မြတ်တဲ့ ဧရာဝတီသားကြီးလို့ အမြတ်တနိုး ခေါ်တွင်ပြီး ချစ်ခင်လေးစားခဲ့ကြတယ်။ ဒီလိုနဲ့ ဘုရင့်နောင် ကွယ်လွန်ပြီးတဲ့နောက်မှာတော့ ဒုတိယ ဗမာအင်ပါယာကြီးဟာ အာဏာလုပွဲ၊ နယ်မြေလုပွဲတွေ စတင်လာခဲ့ပြန်တယ်။ ဘုရင့်နောင်ရဲ့ သားတော် နန္ဒဘုရင်ဟာ ထက်မြက်တဲ့မင်းတပါး ဖြစ်မလာခဲ့ပါဘူး။ ဘုရင့်နောင်ရဲ့ သားတော်တပါး ဖြစ်တဲ့ ညောင်ရမ်းမင်းဟာ အင်းဝကို လွတ်လပ်တဲ့နိုင်ငံအဖြစ် ထူထောင်ခဲ့တယ်။ သားတော် အနောက်ဘက်လွန်မင်းဟာ တောင်ငူနဲ့ ပြည်ကို အေဒီ ၁၆၁၀ ပြည့်နှစ်မှာ သိမ်းယူခဲ့တယ်။ ကဗျာအကျော် စာဆိုတော် နတ်သျှင်နောင်ကို တောင်ငူမြို့စားအဖြစ် ခန့်ထားရစ်ခဲ့တယ်။ ရှမ်းတွေကလည်း တရုတ်ပြည် အကူအညီရှာဖွေခဲ့ပေမယ့် အရာမထင်ခဲ့ပါဘူး။ အနောက်ဘက်လွန်မင်းဟာ အေဒီ ၁၆၁၃ ခုနှစ်မှာ သန်လျင်ကို ဝန်းရံတိုက်ခိုက်ခဲ့တယ်။  ပြင်းထန်စွာခုခံလို့ တိုက်ပွဲတွေ ဖြစ်ပွားပြီးတဲ့နောက် မြို့ကို ရခဲ့တယ်။ ပေါ်တူဂီလူမျိုး ငဇင်ကာနဲ့တကွ လူမျိုးခြားနဲ့ပေါင်းပြီး အမျိုးသားရေးကို သစ္စာဖောက်ခဲ့တဲ့ နတ်သျှင်နောင်ကို ကွပ်မျက်ခဲ့တယ်။ ပေါ်တူဂီစစ်သားတချို့နဲ့ သူတို့ရဲ့ မိသားစုတွေကို ရွှေဘိုနယ်ဘက်မှာ နေရာချထားပေးခဲ့တယ်။ အဲဒီမှာ ရခိုင်၊ မုတ္တမနဲ့ ထိုင်းနိုင်ငံတွေဟာ စစ်နိုင်ဘုရင် အနောက်ဘက်လွန်မင်းထံ သစ္စာပြန်ခံလာကြလို့ သူတို့ကို အသီးသီး တန်းတူညီမျှ အခွင့်အရေးတွေပေးလို့ ဆက်ဆံခဲ့တယ်။ သူဟာ သီဟိုဠ်နဲ့ ကုန်သွယ်ရေး၊ ဘာသာရေး အဆက်အဆံ ပြန်လည်ထူထောင်လို့ ဗုဒ္ဓဘာသာ ပြန့်ပွားထွန်းကားစေခဲ့တယ်။ အဲဒီနောက် အနောက်ဘက်လွန်မင်းကို သာလွန်မင်းက အေဒီ ၁၆၂၉ မှာ ဆက်ခံခဲ့တယ်။ သာလွန်မင်းတရားဟာ စစ်ကိုင်းမြို့နားက ဗုဒ္ဓဘာသာဝင်တွေ အမြတ်တနိုး ကြည်ညိုရာ နာမည်ကျော် ကောင်းမှုတော်စေတီကို တည်ထား ကိုးကွယ်တော်မူခဲ့တယ်။ ဒီလိုနဲ့ နောက်ထပ်တကြိမ် နိုင်ငံ ကသောင်းကနင်းဖြစ်မှုကြီး ပေါ်လာရပြန်ပါတယ်။ တဖက်မှာ နန်းတော်တွင်း အာဏာလုပွဲနဲ့ လုပ်ကြံသတ်ဖြတ်မှုတွေ ဖြစ်ပွားနေပြီး အခြားတဖက်မှာ လုယက်သတ်ဖြတ်မှုတွေနဲ့ လူမျိုးစုတွေကြား လူမျိုးရေး ပွတ်တိုက်မှုတွေ၊ မကျေလည်မှုတွေ တိုးပွားလို့ မြင့်တက်လာနေတယ်။ ကွေ့ရှမ်းပြဿနာကို ဖြေရှင်းပြီး ကောင်းမွန်တဲ့ အုပ်ချုပ်ရေး ထူထောင်နိုင်ခဲ့တာရယ်၊ အောက်ဗမာပြည်မှာ တည်ငြိမ်အေးချမ်းမှု ရနေတာရယ်၊ ကောင်းမှုတော်ဘုရားကြီးကို တည်ထားနိုင်ခဲ့တဲ့ ဘာသာရေး၊ လူမှုရေး ယဉ်ကျေးမှုအပိုင်းမှာ ဖွံ့ဖြိုးတိုးတက်မှုတချို့ ရခဲ့ပေမယ့် အဓိကလူမျိုးစုကြီးတွေဖြစ်တဲ့ ဗမာ၊ မွန်၊ ထိုင်းလူမျိုးတွေကြားက အားပြိုင်မှုတွဟာ တိုင်းပြည်ကို ပိုမိုရှုပ်ထွေးလာစေတယ်။ နောက်ဆုံးတော့ ဒုတိယဗမာအင်ပါယာနိုင်ငံတော်ကြီးရဲ့ အကျပိုင်း စတင်ဝင်ရောက်လာခဲ့တယ်။ မဏိပူရဟာ နိုင်ငံရဲ့ အုပ်ချုပ်ရေး ယိမ်းယိုင်ချည့်နဲ့လာမှုကို အခွင့်ကောင်းယူလို့ သူတို့ကိုယ်သူတို့ လွတ်လပ်တဲ့နိုင်ငံအဖြစ် ကြေညာခဲ့ပြီး ဗမာပိုင်နယ်တွေကို ကျူးကျော်သိမ်းပိုက်ခဲ့တာ စစ်ကိုင်းနယ်နားထိ ရောက်ခဲ့တယ်။ ဥရောပနိုင်ငံသားတွေဖြစ်တဲ့ ပေါ်တူဂီ၊ ပြင်သစ်နဲ့ အင်္ဂလိပ်-အိန္ဒိယပိုင် ကုမ္ပဏီတွေဟာ သန်လျင်မှာ ကုန်သွယ်ရေးဆိပ်ကမ်းတွေ လာရောက်ဖွင့်လှစ်ခဲ့ကြတယ်။ ခရစ်ယာန်မစ်ရှင်အဖွဲ့တွေရဲ့ အကူအညီနဲ့ မွန်လူမျိုးတွေကလည်း သူတို့ကိုယ်သူတို့ လွတ်လပ်တဲ့နိုင်ငံအဖြစ် ကြေညာလို့ ဘုရင်သစ် ဗညားဒလ လက်အောက်မှာ အောက်ဗမာနိုင်ငံတခုလုံးကို စုစည်းခဲ့တယ်။ အဲဒီနောက်တော့ အေဒီ ၁၇၅၂ ခုနှစ်မှာ မွန်ဘုရင် ဗညားဒလဟာ အင်းဝကို တိုက်ခိုက်သိမ်းပိုက်ပြီး ဗမာဘုရင်ကို ဖမ်းဆီးခေါ်ဆောင်ပြီး ပဲခူးကို ပြန်အောင်ပွဲခံခဲ့တယ်။ ဒါဟာ ဒုတိယဗမာနိုင်ငံတော်ရဲ့ နိဂုံးဖြစ်ပါတယ်။ မင်းကောင်းချစ် အပိုင်း (၃) ဆက်ရန် ......
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024