Home
မြန်မာသတင်း
ထားဝယ်တက္ကသိုလ်ကျောင်းသား ၅ ဦး ပြစ်ဒဏ်စီရင်ခံရ
နော်နိုရင်း
·
July 9, 2015
1800459_843409532364215_6498196129376133533_n-622x467
အမျိုးသားဥပဒေကို ကန့်ကွက်ဆန္ဒပြခဲ့တဲ့ ထားဝယ်မြို့နယ်က တက္ကသိုလ်ကျောင်းသား ၅ ဦးကို ထားဝယ်မြို့ရဲတပ်ဖွဲ့က ပုဒ်မ ၁၈ နဲ့ တရားစွဲဆိုထားပြီး မနေ့ ဇူလိုင်လ ၈ ရက်နေ့မှာ ပြစ်ဒဏ်စီရင်လိုက်ပါတယ်။ ထားဝယ်တက္ကသိုလ်ကျောင်းသားသမဂ္ဂအဖွဲ့က ကိုမင်းလွင်ဦး၊ ကိုဇင်မောင်ဖြိုး၊ ကိုဇော်လွင်အောင်၊ မယုဝါလွင်နဲ့ ကိုသူရနိုင်တို့ ၅ ဦးကို ထားဝယ်မြို့နယ်တရားရုံးက ပုဒ်မ ၁၈ နဲ့ ထောင်ဒဏ် ၁ လ (သို့မဟုတ်) ဒဏ်ငွေ ကျပ် ၃ သောင်း ပေးဆောင်ဖို့ အမိန့်ချမှတ်ခဲ့တာပါ။ ဒါကြောင့် သူတို့အနေနဲ့ ဒဏ်ငွေ ၃ သောင်း ပေးဆောင်ခဲ့တယ်လို့ ထားဝယ်တက္ကသိုလ် ကျောင်းသားသမဂ္ဂအဖွဲ့က ကိုမင်းလွင်ဦးက ပြောပါတယ်။ “ကျနော်တို့ ၅ ယောက်ကို ဒဏ်ငွေ ၃ သောင်းစီပြစ်ဒဏ်ချတယ်။ ဒဏ်ငွေ ၃ သောင်းစီ မဆောင်လို့ရှိရင် ထောင်ဒဏ် ၁ လစီ ကျခံရမယ် အဲလိုပြောတယ်။ အဲတော့ ကျနော်တို့က ဒဏ်ငွေ ဆောင်လိုက်တယ်။ နောက် ထပ်လုပ်မယ်ဆိုရင် ကျနော်တို့ကို ခွင့်ပြုချက်ယူဖို့ဘာဖို့ အဲလို ပြောတယ်ပေါ့။” ပြီးခဲ့တဲ့ မတ်လ ၂၇ ရက်နေ့က ထားဝယ်ခရိုင် တက္ကသိုလ်ကျောင်းသားများ သမဂ္ဂအဖွဲ့ဝင် ကျောင်းသား ၂ဝ ကျော်ဟာ အမျိုးသားပညာရေးဥပဒေကို ပြင်ဆင်ပေးဖို့နဲ့ လက်ပံတန်းမြို့မှာ ကျောင်းသားသပိတ် အကြမ်းဖက်ဖြိုခွင်းခံရတာကို ကန့်ကွက်ဆန္ဒပြခဲ့တာဖြစ်ပါတယ်။ ဒီလို ကန့်ကွက်ဆန္ဒပြခဲ့တဲ့အတွက် ထားဝယ်မြို့နယ်ရဲမှူးက တရားလိုလုပ်ပြီး တရားမဝင် စီတန်းလှည့်လည်မှု ပုဒ်မ ၁၈ နဲ့ အမှုဖွင့်ခဲ့တာဖြစ်ပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024