Home
ဆောင်းပါး
အရည်ကုန်သွားသော ကြံကြိတ်ဖတ်များ
DVB
·
May 8, 2024

၂၀၂၄၊ ဧပြီလ ၁၇ ရက်၊ စစ်ကောင်စီ၏ လွတ်ငြိမ်းချမ်းသာတွင် လက်ရှိကျခံနေသော ပြစ်ဒဏ်၏ ၆ ဖို့ ၁ ဖို့ ခံစားခွင့် အကျုံးဝင်သည်ဟု သတင်းများ ထွက်ပေါ်လာပြီးနောက် ထောင်ကျနေသည့် ပြည်မြို့မှ စစ်တပ်ထောက်ခံသူများအား ‘ဟင်’ခနဲ ဖြစ်သွားစေသည်။

၂၀၂၃ ခုနှစ်အတွင်း လွတ်ငြိမ်းအမျိုးမျိုးတွင်လည်း ၎င်းတို့အမည် ပါမလာခဲ့ပါ။ အခြားသော စစ်အာဏာရှင် ဆန့်ကျင်ခဲ့သူများသာ လွတ်မြောက်သွားခဲ့သော်လည်း ၎င်းတို့ထောက်ခံခဲ့ပြီး အလုပ်လုပ်ပေးခဲ့သော စစ်တပ်မှ ဆက်လက် အကျဉ်းချထားခဲ့သည်။

ထို့ကြောင့် ၎င်းတို့မှာ လွတ်ရက်စေ့မှသာ ထောင်မှလွတ်မြောက်တော့မည် ဖြစ်သည်။ ၎င်းတို့အဖြစ်သည် အရည်ကုန်အောင် ညှစ်ထုတ်ခံရပြီးနောက် လွှင့်ပစ်ခံလိုက်ရသည့် ကြံကြိတ်ဖတ်များပမာ။

ပြီးခဲ့သည့် ၂၀၂၃ ခုနှစ်၊ ဇူလိုင်လ ၉ ရက်တွင် Telegram မှ စစ်ကောင်စီ လော်ဘီချယ်နယ်တခု ဖြစ်သည့် အံ့ဘုန်းသွင် ချယ်နယ်နှင့် ဘိုးစင်္ကြာ ချယ်နယ်ပိုင်ရှင် ပြည်မြို့မှ ဘုန်းကြီးတပါးအား ဒေသကွပ်ကဲမှုစစ်ဌာနချုပ်-ပြည်(ဒကစ)မှ ဖမ်းဆီးလိုက်သည်။ ဖမ်းဆီးခံရသူ ဦးဇင်းမှာ ပြည်မြို့တွင် ခေတ်အဆက်ဆက် သာသနာသန့်ရှင်းရေး ဥက္ကဋ္ဌအဖြစ် တာဝန်ယူခဲ့ပြီး အာဏာပိုင်များအပေါ် ဩဇာရှိကာ ဘုန်းကြီးအချင်းချင်း နေရာမရှောင်ဘဲ ထိုးကြိတ် ရိုက်နှက်တတ်၍ တရားစွဲ အရေးယူခဲ့သူ ရွှေမောင်းတုန်းဆရာတော်၏ တပည့်၊ ပြည်မြို့၊ ရွှေဟင်္သာအရှေ့ပေါက်ရှိ ရွှေမောင်းတုန်းကျောင်းမှ ပြည်သိင်္ခဘုန်းကြီး (ခေါ်) သူရဓဇ ဖြစ်သည်။

သူရဓဇသည် ၎င်းအား ဖမ်းဆီးမည်ဟု ကြိုတင်သတင်းရသဖြင့် ရှောင်တိမ်းရာမှ မကွေးတိုင်း၊ အောင်လံမြို့တွင် ဇူလိုင်လ ၉ ရက်နေ့တွင် ဖမ်းဆီးခံရခြင်းဖြစ်ပြီး ထိုနေ့တွင် ခံဝန်ဖြင့် လွှတ်ပေးခဲ့သော်လည်း နောက်တနေ့ ဇူလိုင်လ ၁၀ ရက်၊ မနက်ပိုင်းတွင် ၎င်းနေထိုင်ရာ ရွှေမောင်းတုန်းကျောင်းအား ပြည် ဒကစမှ စစ်သားအမြောက်အမြားဖြင့် ကျောင်းအား ပိတ်ဆို့ကာ ဖမ်းဆီးခဲ့သည်။

၎င်းအား ၎င်းပိုင်ချယ်နယ်တွင် စစ်ကောင်စီ ထိပ်တန်းတချို့ ကိုးကွယ်သည့် ပြည်မြို့မှ ဓမ္မသိင်္ဂီမင်းကျောင်း ဆရာတော်အား ဝေဖန်ပြောဆိုခဲ့မှုကြောင့် ဖမ်းဆီးခဲ့ခြင်း ဖြစ်သည်။

လတ်တလောတွင် တပ်မတော်သားတဦး၏ အသက်မပြည့်သေးသည့် ကလေးငယ်အား အဓမ္မကျင့်မှုဖြင့် ထွက်ပြေးတိမ်းရှောင်နေသည့် ပြည် ဒကစမှ စစ်ကြောရေးအရာရှိ၊ ပြည်မြို့နယ် စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင် ဗိုလ်မှူးစိုပြေလင်း၏ ကိုးကွယ်ခံဖြစ်သူ ပဲခူးတိုင်း၏ ဟန်ငြိမ်းဦးဟု တင်စားခံရသည့် သူရဓဇနှင့် နစက ထိပ်တန်းအရာရှိများ၏ ကိုးကွယ်ခံ ဓမ္မသိင်္ဂီ မင်းကျောင်းဘုန်းကြီးမှာ ကျောင်းတော်မှ ရန်စရှိသူများဖြစ်ပြီး စစ်ကောင်စီနောက်ခံများ အားကိုးဖြင့် အားစမ်းရာမှ နောက်ခံနည်းသူ ကျရှုံးသွားခြင်း ဖြစ်ကြာင်း ပြည်မြို့ခံများမှ ဆိုကြသည်။

အထက်တွင်ဆိုခဲ့သည့် သူရဓဇ၏ ဆရာဖြစ်သူ သာသနာသန့်ရှင်းရေးဥက္ကဋ္ဌ ရွှေမောင်းတုန်း ဘုန်းကြီးအား ဓမ္မသိင်္ဂီမင်းကျောင်းဘုန်းကြီးမှ မြေယာကိစ္စများဖြင့် တရားစွဲဆိုထားသဖြင့် အမှုရင်ဆိုင်နေရခြင်းသည် ယခုဖြစ်စဉ်၏ အစဟုလည်း ပြည်မြို့ခံများမှ သုံးသပ်ကြသည်။

သူရဓဇအား ဖမ်းဆီးပြီးနောက် ပြည်မြို့မရဲစခန်း (အမှတ်-၂) ရဲစခန်းမှ နယ်ထိန်းခေါင်းဆောင် ဒု-ရဲအုပ်သန့်ဇင်မှ တရားလိုအဖြစ် ပုဒ်မ-၄၂၀၊ ၆၆(ဃ)၊ ၅၀၅-ကတို့ဖြင့် တရားစွဲဆိုပြီး အမှုတည်ဆောက်နေဆဲမှာပင် ပြည်မြို့နယ် သာသနာရေးဦးစီးဌာနမှ သာသနာညှိုးနွမ်းစေမှု ပုဒ်မ-၂၉၅(င) ဖြင့် ထမ်မံတရားစွဲကာ သင်္ကန်းချွတ်ပြီး ဖမ်းဆီးခဲ့သည့် ဇူလိုင်လ ၁၀ ရက်၊ ညနေပိုင်းတွင် ပြည်အကျဉ်းထောင်သို့ ထောင်ကြီးချုပ်အဖြစ် လွှဲပြောင်းချုပ်နှောင်ခဲ့သည်။

ပုဒ်မ-၄၂၀ မှာ အမှုဖြစ်စဉ်အတွင်း ပြစ်မှုမမြောက်သဖြင့် ကျေအေးလိုက်ပြီး မဖြစ်မနေ ဖမ်းဆီးထားရန် လိုအပ်သဖြင့် သာသနာညှိုးနွမ်းစေမှု ပုဒ်မ-၂၉၅(င) ဖြင့် ထပ်မံတရားစွဲဆိုလိုက်ခြင်းဖြစ်ကြောင်း သူရဓဇနှင့် နီးစပ်သူများက ပြောသည်။

ထိုအချိန်က အဆိုပါကိစ္စအပေါ် စစ်ကောင်စီထောက်ခံသူ တယ်လီဂရမ်ချယ်နယ်အချို့မှ အပြင်းအထန် ကန့်ကွက်ထားသော်လည်း အခြားသော စစ်တပ်ထောက်ခံသူ တယ်လီဂရမ်ချယ်နယ် အများစုမှာ သူရဓဇမှာ PDF ထောက်ပံ့နေသူဖြစ်ပြီး အသွင်ယူ အယောင်ဆောင်ထားသူဖြစ်ကာ သူနှင့်နီးစပ်သူများနှင့် ဒကာ၊ ဒကာမများကိုပါ ဆက်လက်ဖမ်းဆီးသင့်ကြောင်း လှုံ့ဆော်နေခဲ့ကြသည်။

ထို့ကြောင့် ပဲခူးတိုင်း(အနောက်) မှ သူရဓဇနှင့် နီးစပ်သူ၊ ကိုးကွယ်သူများမှာ တိမ်းရှောင်နေကြရသော်လည်း ဆက်လက်ဖမ်းဆီးမှုများ ရှိမလာသောကြောင့် အဆိုပါကိစ္စမှာ ပြီးပြတ်သွားသည်ဟု ဆိုရပေလိမ့်မည်။

သူရဓဇသည် စစ်တပ်မှ စတင်အာဏာလုယူခဲ့သည့် ဖေဖော်ဝါရီလ ၁ ရက်နေ့မှစကာ စစ်ကောင်စီဘက်မှ ရပ်တည်ခဲ့ပြီး ၎င်း၏ချယ်နယ်များမှ လှုံ့ဆော်မှုကြောင့် စစ်အာဏာရှင်ဆန့်ကျင်ရေး လှုပ်ရှားသူများ၊ ဆန္ဒပြသူများ၊ CDM များနှင့် CDM ထောက်ပံ့များ အများအပြား ဖမ်းဆီးခံခဲ့ရသလို မဟုတ်မမှန် သတင်းပေးမှုကြောင့် မတရား ဖမ်းဆီးခံရသူများလည်း ရှိသည်။

၎င်းကြောင့် ပဲခူးတိုင်း(အနောက်) တဝိုက်တွင် စစ်ကောင်စီဆန့်ကျင်ရေး အရှိန်အဟုန် အထိုက်အလျောက် အားနည်းခဲ့ရသည်မှာ အမှန်ပင်ဖြစ်ပြီး စစ်ကောင်စီ ထောက်ခံသူနှင့် ဒကစသတင်းပေး သူရိန်ဝင်း(ခ)ရာဇာ ဖမ်းဆီးခံရပြီးနောက် ပြည် ဒကစမှာ ၎င်း (သူရဓဇ) ၏ သတင်းအချက်အပေါ် မှီခိုခဲ့ရပြီး ထိုအကြောင်းကြောင့်ပင် စစ်ကောင်စီ ထောက်ခံသည့် ချယ်နယ်များမှ ၎င်းအား ဖမ်းဆီးခြင်းကို ကန့်ကွက်ခဲ့ကြခြင်းဖြစ်သည်ဟု ယူဆရသည်။

လက်ရှိ သာသနာညှိုးနွမ်းမှုဖြင့် ဖမ်းဆီးခံရသူ သူရဓဇအား ပြည်အကျဉ်းထောင်၊ တိုက်ဝင်းအတွင်း ထားရှိပြီး ၎င်းသည် စစ်တပ်ထောက်ခံသူ၊ ပြည်ဒကစ သတင်းပေးများထဲမှ လေးဦးမြောက် ပြည်အကျဉ်းထောင်၊ တိုက်ဝန်းအတွင်း ရောက်ရှိလာသူဖြစ်သည်။

စစ်တပ်ထောက်ခံသူ၊ ဒကစ သတင်းပေး ပြည်မြို့နယ်၊ ရွှေတံခါးရပ်ကွက်၊ ရပ်ကွက်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ရာအိမ်မှူး မောင်ဝင်း၊ ရဲဝန်ထမ်းဟောင်း၊ ငြိမ်းချမ်းရေးယူထားသည့် လက်နက်ကိုင်အဖွဲ့တခုမှ အဖွဲ့ဝင်ကတ်ကိုင်ဆောင်ကာ မြေသိမ်း၊ ယာသိမ်း လုပ်ဆောင်နေသည့် စစ်တပ်ထောက်ခံသူ မင်းဇော်၊ ဒကစမှ ပစ္စတိုတလက် ထုတ်ပေး ကိုင်ဆောင်ခွင့်ပြုထားပြီး စစ်ကြောရေးတွင် ကိုယ်ထိလက်ရောက် ရိုက်နှက်နေသည့် သူရိန်ဝင်း (ခ) ရာဇာတို့သည် သူရဓဇအရင် ၂၀၂၂ တည်းက ပြည်အကျဉ်းထောင်၊ တိုက်ဝန်းအတွင်း ရောက်ရှိလာသူ စစ်ကောင်စီဘက်တော်သားများ ဖြစ်သည်။

၎င်းတို့ကိုယ်တိုင် စစ်ကောင်စီကို သတင်းပေးပြီး အများပြည်သူအား ဒုက္ခပေးခဲ့သည့်အတွက် ပြည်ထောင်ရှိ နိုင်ငံရေးအကျဉ်းသား ၁၈၄ ဦး (၂၀၂၃-ဇန်နဝါရီ ၃ ရက် စာရင်းအရ (အမျိုးသမီးများ အပါအဝင်)) အပြင် အခြားအမှုများ၏ လက်တုံ့ပြန်မှု ဖြစ်လာနိုင်သည့်အတွက် ထောင်အတွင်း လုံခြုံမှုရှိသည့် တိုက်အတွင်း ထားရှိခြင်းဖြစ်သည်။

ထို့အတူ ထောင်တွင်း အထူးတရားရုံး ထုတ်ရာတွင်လည်း ၎င်းတို့အား ထောင်ပိတ်ချိန်မှသာ ထုတ်ပြီး အခြား နိုင်ငံရေးအကျဉ်းသားများနှင့် ရောနှောရုံးထုတ်ခြင်းမရှိဘဲ သီးခြားသာ တဦးချင်း ထုတ်သည်။

တိုက်တွင်လည်း ၎င်းတို့အား တိုက်ပိတ်ပြစ်ဒဏ်ပေးထားခြင်း မဟုတ်ဘဲ အခြား အဆောင်နေ အကျဉ်းသားများနည်းတူ နံနက် ၆ နာရီတွင် တိုက်ဖွင့်ကာ နံနက် ၁၀ နာရီ ၄၅ တွင် တိုက်ပိတ်သည်။ နေ့လယ် ၂ နာရီတွင် တိုက်ဖွင့်ပေးကာ ညနေ ၄ နာရီ ၄၅ တွင် တိုက်ပြန်ပိတ်သည်။ ထို့ကြောင့် အကျဉ်းသားအခွင့်အရေး ဆုံးရှုံးမှုမရှိပေ။

စစ်ကောင်စီအတွက် အလုပ်လုပ်ပေးသူများထဲမှ ပထမဆုံး ပြည်ထောင်ကို ရောက်ရှိလာသူမှာ ရွှေတံခါးရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးမှ ရာအိမ်မှူး မောင်ဝင်း ဖြစ်သည်။ မောင်ဝင်းသည် ရွှေတံခါးရပ်ကွက်အတွင်းရှိ ကြံ့ခိုင်ရေးပါတီဝင်၊ အမှုပွဲစား၊ စစ်ကောင်စီထောက်ခံသူ ထွန်းမြတ်ဆွေ (ခ) ဝကြီး အသတ်ခံရပြီးနောက် ၎င်းအစား စစ်အာဏာရှင်ဆန္ဒပြသူများကို စစ်တပ်အား သတင်းပေးပြီး ဖမ်းဆီးခိုင်းရာတွင် နာမည်ကြီးသူဖြစ်သည်။ နောက်ပိုင်းတွင် ၎င်းနှင့် အဆင်မပြေသူများကိုပါ စစ်တပ်အား ဖမ်းဆီးခိုင်းလာသည်။ မောင်ဝင်း အမျိုးသမီးမှာ ရပ်ကွက်အတွင်း ငွေတိုးချေးသူဖြစ်ရာ ငွေကြေးအရှုပ်အရှင်းများကိုပင် စစ်တပ်နှင့် ရှင်းသည်အထိ ဖြစ်လာသည်။

မောင်ဝင်းသည် ပြည် ဒကစ၏ အသုံးတော်ခံတဦးဖြစ်ကာ နိုင်ငံရေးလှုပ်ရှားသူများကို သတင်းပေးခြင်း၊ လိုက်လံဖမ်းဆီးခြင်း၊ ရာအိမ်မှူး လုပ်ပိုင်ခွင့်အောက်၌ ငွေကြေးတောင်းခံခြင်းတို့ကြောင့် နာမည်ပျက်နေသူဖြစ်ပြီး ဖမ်းဆီးခံရသူများနှင့် ဒကစကြား အမှုပွဲစားလုပ်သူတဦးလည်း ဖြစ်သည်။

၂၀၂၁ ခုနှစ်၊ နှစ်ကုန်ခါနီးတွင် ပုဒ်မ ၅၀၅-က ဖြင့် မောင်ဝင်း ပြည်ထောင်သို့ ရောက်လာသည်။ ထောင်ပုံစံ-၃၂ တွင် စစ်တပ်အကြည်ညိုပျက်စေရန် ပြောဆိုခဲ့သဖြင့် ပုဒ်မ ၅၀၅-က ဖြင့် အရေးယူခံရသည်ဟု ဖော်ပြထားသော်လည်း ဖြစ်ရပ်အမှန်မှာ ၎င်းမှ ဒေသကွပ်ကဲမှု စစ်ဌာနချုပ်အား ဘယ်လောက်ပိုင်ကြောင်း၊ ဒကစမှူးအား အိတ်ထဲထည့်ထားကြောင်း ဘီယာဆိုင်တွင် ပြောဆိုခဲ့မှုအား အဆိုပါဆိုင်တွင်ရှိနေသည့် ဒကစမှ အရာရှိတဦးက ကြားသိရာမှ ဖမ်းဆီးလိုက်ခြင်းဖြစ်သည်။

မင်းဇော်သည် ရဲဝန်ထမ်းဟောင်းတဦးဖြစ်ပြီး ငြိမ်းချမ်းရေး အမည်ခံထားသည့် လက်နက်ကိုင်အဖွဲ့နှင့် ပူးပေါင်းကာ ကိုယ်ကျိုးစီးပွားရှာနေသူ ဖြစ်သည့်အပြင် မတရားအသင်းအဖြစ် ကြေညာထားသည့် မှုခင်းသတင်းထောက်ကတ်လည်း ကိုင်ဆောင်ထားသူ ဖြစ်သည်။ မြေလွတ်မြေရိုင်းတချို့အား လက်နက်ကိုင်အဖွဲ့ အမည်ခံကာ သိမ်းယူမှုများ ပြုလုပ်နေသဖြင့် ၂၀၁၈ ၌ တောင်ကြီးမြို့တွင် ဒေသခံ လက်နက်ကိုင်တချို့နှင့် ပြဿနာများ ရှိခဲ့ဖူးသည်။

၎င်း၏ ထောင်ပုံစံ-၃၂ တွင် မောင်ဝင်းကဲ့သို့ စစ်တပ်အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅-က ဟု ဖော်ပြထားသည်။

ရာဇာ (ခ) သူရိန်ဝင်းမှာ ပြည်မြို့တဖက်ကမ်း၊ ပန်းတောင်းမြို့မှဖြစ်ကာ ၎င်းတို့နှစ်ဦးထက်ပိုပြီး အဆင့်မြင့်ပုဂ္ဂိုလ်ဟု ဆိုရပေမည်။ ပဲခူးတိုင်း(အနောက်ခြမ်း)၏ စစ်ကောင်စီထောက်ခံသူ၊ စစ်တပ်ထောက်ခံပွဲများ စီစဉ်သူ ကြံ့ခိုင်ရေးပါတီဝင်၊ အမှုပွဲစား ထွန်းမြတ်ဆွေ (ခ) ဝကြီး အသတ်ခံရပြီးနောက် ပဲခူးတိုင်း(အနောက်ခြမ်း)၏ စစ်တပ်ထောက်ခံပွဲများ ဦးဆောင်ပြုလုပ်ခဲ့သူလည်း ဖြစ်သလို ပြည်ဒကစ၏ အဓိက စစ်ကြောရေးစခန်းဖြစ်သည့် အမှတ်-၉၅၉ အလုပ်ရုံတပ်ခွဲ၊ အရာရှိအိပ်ဆောင်တွင် တာဝန်ရှိသူတဦးကဲ့သို့ အချိန်ပြည့်ရုံးထိုင်ကာ စစ်ကြောရေးလုပ်နေသူ ဖြစ်သည်။ စစ်တပ်မှ ဖမ်းဆီးပြီး စစ်ကြောရေးတွင် စစ်ဆေးခံရသူများကို ကိုယ်တိုင် စစ်ကြောရေးလုပ်သလို ဝင်ရောက်ရိုက်နှက်တတ်သူ ဖြစ်သည်။ ၎င်း၏ ရိုက်နှက်နှိပ်စက်မှုများကို ခံခဲ့ရသူများမှာ လက်ရှိအချိန်အထိ ပြည်ထောင်တွင် ရှိနေသေးသည်။

ထို့အပြင် ၎င်းသည် အမျိုးသမီးများအပေါ် လိင်အမြတ်ထုတ်မှုများကို ကျူးလွန်ခဲ့သည်။ CDM, PDF ထောက်ပံ့သူ အမျိုးသမီးများနှင့် စစ်အာဏာသိမ်းမှုဆန့်ကျင်သည့် အမျိုးသမီးအချို့အား ၎င်း၏ Facebook/Telegram များတွင် ဖော်ပြပြီး (သို့) ကာယကံရှင်အား ဆက်သွယ်ကာ စစ်တပ်၏ ဖမ်းဆီးခြင်း မခံလိုပါက ၎င်းအတူ ခေတ္တပေါင်းသင်းရန် တောင်းဆိုမှုများ ပြုလုပ်ခဲ့သည်။

ဆောင်းပါးရှင်၏ စုံစမ်းမှုအရ ၎င်း၏ခြိမ်းခြောက်မှုကြောင့် လိင်ပိုင်းဆိုင်ရာ ကျူးလွန်မှုအား လက်ခံခဲ့ရသူ ပြည်မြို့တွင် အမျိုးသမီး ၃ ဦးရှိပြီး တဦးမှာ တက္ကသိုလ်ကျောင်းသူတဦး ဖြစ်သည်။ ငြင်းပယ်ခံရသူ ၂ ဦးရှိပြီး တဦးမှာ ၅၀၅-က ဖြင့် ပြည်ထောင်တွင်ရှိနေကာ တဦးမှာ အကြမ်းဖက် ထောက်ပံ့မှု ပုဒ်မ ၅၀(ည) ဖြင့် ထောင် ၁၀ နှစ် ချမှတ်ခံထားရသည်။

အဆိုပါ ဖမ်းဆီးခံရသည့် စစ်တပ်သတင်းပေး လေးဦးလုံးမှာ ဖမ်းဆီးခံရသူ နိုင်ငံရေးအကျဉ်းသား မိသားစုများအား ဆက်သွယ်ကာ အဆိုပါမိသားစုများနှင့် ဒကစကြားတွင် အမှုပွဲစားလည်း လုပ်ကိုင်ခဲ့သည်။

ထိုအချိန်က ပဲခူးတိုင်း(အနောက်ခြမ်း)တွင် နိုင်ငံရေးအန်တုမှုများအား ပြည်ဒကစမှ တာဝန်ယူကိုင်တွယ်ပြီး အဓိက ကွပ်ကဲလုပ်ဆောင်တာဝန်ခံသူမှာ ဒု-ဒေသကွပ်ကဲရေး စစ်ဌာနချုပ်မှူး ဗိုလ်မှူးကြီးကောင်းမြတ် ဖြစ်သည်။ ကာနယ်ကြီးဟု ခေါ်ကြသူ ကောင်းမြတ်မှာ အသားဖြူဖြူ၊ ထောင်ထောင်မောင်းမောင်းနှင့် စစ်သားတဦးထက် စီးပွားရေးသမားရုပ်မျိုးရှိသူ ဖြစ်သည်။ ဒီဂရီအနည်းငယ်ပါသော မျက်မှန်တလက်ကို အမြဲတမ်းတပ်ထားကာ တခါတရံမှသာ ယူနီဖောင်းဝတ်တတ်သူ ဖြစ်သော်လည်း ဖမ်းဆီးထားသူများနှင့် အကြိုညှိနိုင်းရန် Red Label တလုံး အရင်ဆုံးပေးမှသာ ဖမ်းဆီးထားသူများ၏ မိသားစုဝင်များနှင့် ညှိနှိုင်းရန် စိတ်ပါတတ်သူ ဖြစ်သည်။ ၎င်း၏ကွပ်ကဲမှုအောက်တွင် ဖမ်းဆီးရေးနှင့် စစ်ကြောရေးအဖြစ် ဗိုလ်မှူးသန့်ဇင် (ပေါင်းတည်တွင် တိုက်ခိုက်ခံရပြီး သေဆုံး)၊ မြို့နယ်စီမံအုပ်ချုပ်ရေးကောင်စီ အတွင်းရေးမှူး ဗိုလ်မှူးစိုပြေလင်း (လက်ရှိ တပ်တွင်းမှ တပ်ကြပ်ကြီးတဦး၏ အသက်မပြည့်သေးသည့် အမျိုးသမီးငယ်အား အဓမ္မပြုကျင့်မှုဖြင့် ရှောင်တိမ်းနေ)၊ ဗိုလ်ကြီးဇော်ထက်နှင့် ဗိုလ်ကြီးချမ်းမြေ့အောင် တို့နှင့် အခြား အမည်မသိသည့် အရာရှိနှစ်ဦးမှ တာဝန်ယူထားကြသည်။

အထက်တွင်ဆိုခဲ့သည့် သူရဓဇသည် ဗိုလ်မှူးစိုပြေလင်းနှင့် အလွန်နီးစပ်သူဖြစ်ပြီး နိုင်ငံရေးနှင့် စပ်လျဉ်း၍ ဖမ်းဆီးခံရပါက ငွေသုံးနိုင်သူဆိုလျှင် သူရဓဇကို ချဉ်းကပ်ရုံနှင့် လွတ်မြောက်သွားနိုင်သည်အထိ ပေါက်ရောက်ခဲ့သူ ဖြစ်သည်။ သူရဓဇသည် ဖမ်းဆီးခံ နိုင်ငံရေးအကျဉ်းသားနှင့်ပတ်သက်ပြီး ကိုယ်တိုင်ဖမ်းဆီးခိုင်းသလို ဖမ်းဆီးခံရသူများနှင့် ပတ်သက်ပြီး ပြည် ဒကစနှင့်လည်း အမှုပွဲစားလုပ်သူ ဖြစ်သည်။

ထို့အတူ မောင်ဝင်း၊ မင်းဇော်၊ ရာဇာတို့သည်လည်း ဖမ်းဆီးခံရသူများ၏ မိသားစုဝင်များထံမှ အကြောင်းမဲ့ ငွေတောင်းခံခြင်း၊ အမှုပွဲစားလုပ်ခြင်းတို့ ပြုလုပ်နေခဲ့ပြီး နောက်ဆုံးတွင် မောင်ဝင်း၊ မင်းဇော်၊ ရာဇာတို့မှာ တောင်းခံရရှိသော ငွေများအား ပြည်ဒကစ တာဝန်ရှိသူများထံသို့ မပေးဘဲ သုံးစွဲခဲ့ခြင်းကြောင့် ပုဒ်မ-၅၀၅-က ဖြင့် ထောင်အတွင်း ရောက်ရှိလာခဲ့ခြင်း ဖြစ်သည်။

နိုင်ငံရေးအကျဉ်းသားတချို့မှာ မိသားစု စီးပွားရေးမပြေလည်သဖြင့် ထောင်ဝင်စာ မမှန်သော်လည်း အဆိုပါ စစ်ကောင်စီဒေါက်တိုင်တချို့မှာ ထောင်ဝင်စာ တရားဝင်ခွင့်ပြုသည့် တနင်္လာ၊ ဗုဒ္ဓဟူး၊ သောကြာသာမက ကြားရက်များတွင်ပါ ထောင်ဝင်စာရရှိနေသည်။

၎င်းတို့သည် ထောင်ဝင်စာများကို ပေးပို့ရသည့် အကျဉ်းသားများ၊ တိုက်စာရေး အကျဉ်းသားများအား ၎င်းတို့ စစ်တပ်ဒေါက်တိုင် လုပ်ခဲ့စဉ်က ရှာဖွေရရှိထားသည့် ပြည်သူ့မျက်ရည်များဖြင့် စားသောက်ဖွယ်ရာများ ပေးကမ်းကာ ၎င်းတို့အား တိုက်ခိုက်နှိပ်စက်မှု မရှိစေရန် ပေါင်းသင်းထားသည်။

ပြီးခဲ့သည့် ၂၀၂၃ ခုနှစ်၊ စက်တင်ဘာ ၄ ရက်တွင် စစ်ကောင်စီဒေါက်တိုင်တဦးဖြစ်ပြီး စစ်အာဏာသိမ်းပိုင်းနောက် ပြည်မြို့၊ ခေတ္တရာရပ်ကွက်၏ ပထမဆုံး ရပ်ကွက်အုပ်ချုပ်ရေးမှူး လုပ်လိုသူ ခေတ္တရာဆီစက်ပိုင်ရှင် မောင်နိုင် ဖမ်းဆီးခံခဲ့ရသည့်အတွက် ပြည်မြို့တခုတည်းတွင် စစ်ကောင်စီတပ်မှ ဖမ်းဆီးခဲ့သူ ထောက်တိုင် ၅ ဦး ရှိသွားပြီဖြစ်သည်။

ကြံ့ခိုင်ရေးပါတီဝင်တဦးဖြစ်သူ မောင်နိုင်မှာ ရပ်ကွက်အုပ်ချုပ်ရေးမှူး လိုလိုလားလား လုပ်လိုခဲ့သော်လည်း စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြပွဲများ အားကောင်းနေသည့်ကာလ ဖြစ်သဖြင့် ရပ်ကွက်အုပ်ချုပ်ရေးမှူး မလုပ်လိုက်ရသည့်အတွက် စစ်ကောင်စီဆန့်ကျင်သူများအား ကိုယ့်စရိတ်ဖြင့်ကို စုံစမ်းကာ စစ်ကောင်စီအား ဖမ်းဆီးခိုင်းသူ ဖြစ်သည်။ စစ်တပ် ထောက်ခံပွဲများအားလည်း ငွေကြေးစိုက်ထုတ်သူဖြစ်ပြီး ဖမ်းဆီးခံရပြီး မကြာမီ ပြန်လည်လွတ်မြောက်သွားခဲ့သည်။

အချုပ်ဆိုရသော် ပြည်မြို့နှင့် ပဲခူးတိုင်း(အနောက်)မှ အကြီးမားဆုံး စစ်တပ်ထောက်ခံသူ၊ စစ်တပ်ထောက်ခံပွဲများ စီစဉ်သူနှင့် ငွေကြေးထောက်ပံ့သူ၊ စစ်ကောင်စီဒေါက်တိုင် ၄ ဦးကို စစ်တပ်က ပြန်လည်ဖမ်းဆီးထားပြီး သူရဓဇမှလွဲလျှင် ထောင်ဒဏ် ၃ နှစ် ချမှတ်ထားပြီး ဖြစ်သည်။ ယခုကဲ့သို့ ဖမ်းဆီးခံရခြင်း၏ အဓိကအကြောင်းမှာလည်း ဒကစ-ပြည်မှ တာဝန်ရှိသူများ၏ အကျိုးစီးပွားနှင့် စစ်တပ်အကျိုးစီးပွား ထိခိုက်လာသည့်အတွက် ဖြစ်သလို ဒကစ ပြည်၏ လာဘ်စားမှု အပုပ်နံ့များ ထွက်လာသည့်အတွက် ၎င်းတို့အပေါ် ပုံချကာ ရှောင်ထွက်သွားခြင်း ဖြစ်ကြောင်း ၎င်းတို့ အသိုင်းအဝန်းတွင် ဆိုနေကြသည်။

မည်သို့ပင်ဖြစ်စေ စစ်တပ်သည် အသုံးလိုသည့်အချိန်တွင် စိတ်ကြိုက်အသုံးချခဲ့ပြီးနောက် စစ်တပ်မှ သိက္ခာဆယ်ရန်၊ ၎င်းတို့ ဥပဒေမဲ့ လုပ်ဆောင်ခဲ့သည့် အရာများအား ဖုံးကွယ်ရန်နှင့် အဆင့်ဆင့် အရေးယူခံခြင်းမှ ကင်းလွတ်ရန်အတွက် ၎င်းတို့အား လိုလားစွာ ကျွန်ခံခဲ့သူများအား ပြန်လည်ချနင်းခဲ့ခြင်းဖြစ်ကာ စစ်ကောင်စီဒေါက်တိုင်များ၏ ဘဝသည် ကြိတ်စက်ထဲမှ ကြံများကဲ့သို့ အရည်ကုန်အောင် ညှစ်ခံရပြီးနောက် လွှင့်ပစ်ခံရသူများပင် ဖြစ်သည်။

ဒေါင်းမြီး

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024