Home
မြန်မာသတင်း
ထိုင်းဝန်ကြီးချုပ်ဟောင်းသက်ဆင်နှင့် မြန်မာတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ အချို့ တွေ့ဆုံ 
DVB
·
May 7, 2024

ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင်ရှင်နာဝပ်ဟာ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) အပါအဝင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ကိုယ်စားလှယ်တွေနဲ့ တွေ့ဆုံခဲ့တယ်လို့ မေ ၆ ရက်ထုတ် The Reporters ထိုင်းသတင်းမှာ ဖော်ပြပါတယ်။

လက်ရှိ မြန်မာနိုင်ငံရဲ့ ပဋိပက္ခနဲ့ နိုင်ငံရေးအကျပ်အတည်း ထွက်ပေါက်ရှာဖွေနိုင်ဖို့ ထိုင်းနိုင်ငံရေးမှာ အရေးပါခဲ့တဲ့ ဝန်ကြီးချုပ်ဟောင်း သက်ဆင်အနေနဲ့  ကြားကနေ ဝင်ရောက် ညှိနှိုင်းပေးချင်တာကြောင့် သူ့ရဲ့ကိုယ်စားလှယ်တွေကနေတဆင့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေကို တွေ့ဆုံဖို့ ကမ်းလှမ်းခဲ့တယ်လို့ ထိုင်းလုံခြုံရေးကောင်စီ သတင်းရင်းမြစ်ကို ကိုးကားပြီး ဖော်ပြထားပါတယ်။

အဲဒီနောက် ဝန်ကြီးချုပ်ဟောင်းနဲ့ မြန်မာတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေ ၂ ကြိမ် တွေ့ဆုံခဲ့ကြောင်း၊ ဧပြီ ၁၃ ရက်က ထိုင်းမြောက်ပိုင်း ချင်းမိုင်မှာ အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ ကရင်အမျိုးသားအစည်းအရုံး (KNU)၊ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP)၊ ကချင်အမျိုးသားအစည်းအရုံး (KNO)၊ စတဲ့ အဖွဲ့အစည်းက ကိုယ်စားလှယ်တွေနဲ့ တွေ့ဆုံခဲ့ပြီး နောက်ပိုင်းမှာတော့ ဗိုလ်ချုပ်ကြီး ရွက်စစ် ဦးဆောင်တဲ့ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ/ရှမ်းပြည်တပ်မတော် (RCSS/SSA) နဲ့လည်း တွေ့ဆုံဆွေးနွေးခဲ့တယ်လို့ ဆိုပါတယ်။

အဆိုပါတွေ့ဆုံမှုတွေမှာ မြန်မာနိုင်ငံရဲ့ လတ်တလော ပဋိပက္ခအခြေအနေ၊ အထူးသဖြင့် မဲဆောက်တဖက်ကမ်း မြဝတီဘက်က တိုက်ပွဲအခြေအနေကို ဦးတည်ဆွေးနွေးတယ်၊ မြန်မာ့အရေး ပြေလည်စေဖို့ ဝန်ကြီးချုပ်ဟောင်းအနေနဲ့ ကြားဝင်စေ့စပ်ညှိနှိုင်းပေးလိုတဲ့ ဆန္ဒရှိတယ်၊ ဒါပေမဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေချည်းနဲ့ပဲ ဆွေးနွေးလို့ ပြီးမြောက်မှာမဟုတ်ဘူး၊ SAC စစ်ကောင်စီဘက်ကပါ ပါဝင်ဖို့လိုတယ်၊ သူ့အနေနဲ့ SAC ကိုပါ ဆက်သွယ်ထားပေမဲ့ SAC ဘက်က တစုံတရာ အကြောင်းပြန်လာတာ မရှိသေးကြောင်း ဝန်ကြီးချုပ်ဟောင်းက ပြောတယ်လို့ ဆိုပါတယ်။

ဒါ့အပြင် မြဝတီ-မဲဆောက်ကြား သောင်ရင်းမြစ်ကမ်းဘေးမှာ တိုက်ပွဲတွေဖြစ်တာကို ဝန်ကြီးချုပ်ဟောင်းအနေနဲ့ လုံးဝလက်မခံနိုင်ဘူးလို့လည်း ဆိုပါတယ်။

မြန်မာ့အရေးမှာ  ထိရှလွယ်တဲ့အတွက် ထိုင်းဝန်ကြီးချုပ်ဟောင်းနဲ့ တွေ့ဆုံတဲ့အပေါ် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းတွေဘက်ကလည်း သတိကြီးစွာထားကြကြောင်း၊ နောက်ဆက်တွဲ ပြဿနာတွေလည်း ဖြစ်လာနိုင်လို့ ဒီလိုတွေ့ဆုံခဲ့တာကို မြန်မာတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေက လျှို့ဝှက်ထားခဲ့ကြတယ်လို့ ထိုင်းလုံခြုံရေးကောင်စီ သတင်းရင်းမြစ်က ဆိုပါတယ်။

ဒါပေမဲ့ ဒီတွေ့ဆုံမှုသတင်းကို Salaween Post က ဖော်ပြလိုက်တယ်၊ မြန်မာနိုင်ငံမှာ တိုက်ပွဲတွေ ပြင်းထန်နေချိန်၊ SAC ဘက်က လက်နက်ကိုင်တော်လှန်ရေးအဖွဲ့တွေရဲ့ တိုက်ခိုက်မှုကို ခက်ခဲစွာ ခုခံနေရချိန်မှာ ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင် ရှင်နာဝပ်နဲ့  KNU၊ KNLA၊ KNO၊ NUG၊ RCSS စတဲ့ လက်နက်ကိုင်တော်လှန်ရေးအဖွဲ့တွေနဲ့ တွေ့ဆုံခဲ့ပါတယ်။

ဝန်ကြီးချုပ်ဟောင်းဟာ မြန်မာစစ်တပ်ခေါင်းဆောင်တွေနဲ့ ကောင်းမွန်တဲ့ ဆက်ဆံရေးတွေ ရှိခဲ့တယ်၊ သူ့မှာ စီးပွား‌ရေး၊ နိုင်ငံရေး အတွေးအမြင်တွေရှိတယ်၊ ဒါကြောင့် သူဟာ  မြန်မာ့ပဋိပက္ခအရေး ကြားဝင်ဖြေရှင်းပေးဖို့ သင့်လျော်တဲ့သူတဦးဖြစ်တယ်၊  ထိုင်းနိုင်ငံစီးပွားရေး တိုးတက်ဖို့အတွက် ရွှေ့ပြောင်းအလုပ်သမားတွေဟာ အရေးကြီးတဲ့ လူသားရင်းမြစ်တွေ ဖြစ်တယ်လို့ သူပြောတယ်၊ နယ်စပ်က စစ်ဘေးရှောင်တွေကို ထိုင်းနိုင်ငံရဲ့ စက်ရုံ အလုပ်ရုံ၊ ရေလုပ်ငန်းတွေမှာ တရားဝင် လာရောက်လုပ်ကိုင်ခွင့်ရအောင် ဆောင်ရွက်ပေးသင့်တယ်လို့ ဝန်ကြီးချုပ်ဟောင်းက ပြောကြောင်း Salaween Post က ရေးသားထားပါတယ်။

ဒီကိစ္စနဲ့ပတ်သက်ပြီး ထိုင်းနိုင်ငံရေး၊ မြန်မာ့နိုင်ငံရေးကိစ္စတွေကို သုံးသပ်တင်ပြနေတဲ့ ထိုင်းဝါရင့်ဂျာနယ်လစ်တဦးဖြစ်တဲ့ ခွန်စူရချိုင်းယွန်ကတော့ “သက်ဆင်ရှင်နာဝပ်က မြန်မာ့အရေးမှာ ကြားဝင်စေ့စပ်ပေးချင်တယ်ဆိုတော့ ဘယ်ရာထူးအနေနဲ့ လုပ်မှာလဲ၊ သူက လောလောဆယ် ထိုင်းမှာ အမှုရင်ဆိုင်နေရတုန်းပဲ၊ ဝန်ကြီးချုပ်ဟောင်းအနေနဲ့ ဆိုရင်ကော လက်ရှိ ထိုင်းဝန်ကြီးချုပ် ဆေထာ ထဝီးဆင်နဲ့ နိုင်ငံခြားရေးဝန်ကြီး မာရစ် ဆငဲမ်ဖုန်းတို့ ဘာပြောမလဲ၊ ဘာရာထူးအနေနဲ့မှ မဟုတ်ဘဲ သာမန်လူတယောက်အနေနဲ့ ဆွေးနွေးရင်ကော လူတိုင်း အဲဒီလိုလုပ်လို့ရသလား ဆိုတဲ့ မေးခွန်းတွေရှိမယ်။ လက်ရှိ ထိုင်းနိုင်ငံရေးမှာ ဝန်ကြီးချုပ်ဟောင်း နောက်ကနေ ကြိုးကိုင်နေတယ်လို့ သံသယထားခံနေရတဲ့ကြားထဲ လိုလားချက်မတူတဲ့ တော်လှန်ရေးလက်နက်ကိုင်အဖွဲ့တွေ၊ ကျားဖြန့်၊ မူးယစ်ဆေး၊ လူကုန်ကူး စတဲ့ ပြဿနာတွေနဲ့ ရှုပ်ထွေးပွေလီလွန်းတဲ့ မြန်မာ့နိုင်ငံရေးကို ကြားဝင်စေ့စပ်ပေးမယ်ဆိုတာ အောင်မြင်နိုင်ပါ့မလား။ တရုတ်၊ အိန္ဒိယ၊ လာအို၊ ပါကစ္စတန် စတဲ့ အိမ်နီးချင်းနိုင်ငံတွေကကော ဘယ်လိုမြင်မှာလဲ” လို့ မေ ၇ ရက် မနက်က ထုတ်လွှင့်တဲ့ ဝေဖန်သုံးသပ်ရေးကဏ္ဍမှာ ပြောကြားသွားပါတယ်။

Source: The Reporters

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024