Home
မြန်မာသတင်း
ကချင်ပြည်နယ် ၃ မြို့နယ်၌ တိုက်ပွဲပြင်းထန်၊ စင်းခန်းကို KIA က ထိန်းချုပ်
DVB
·
May 7, 2024

ကချင်ပြည်နယ်ထဲက မံစီမြို့၊ မိုးမောက်မြို့နဲ့ ဗန်းမော်မြို့ စင်းခန်းရွာတွေမှာ KIA၊ KPDF၊ PDF တွေနဲ့ စစ်ကောင်စီတပ်တို့ မေ ၇ ရက် မနက် ၄ နာရီလောက်က စပြီး တိုက်ပွဲဖြစ်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

မြန်မာစံတော်ချိန် မနက် ၁၀ နာရီအထိကတော့ စင်းခန်းက ရဲစခန်းနဲ့ ကာကင်းဂိတ်တွေကို ရှင်းလင်းလိုက်ပြီးနောက် KIA ဦးဆောင်တဲ့တပ်တွေက ရွာကို ထိန်းချုပ်လိုက်ပြီလို့ ဆိုပါတယ်။

ဗန်းမော်ဒေသခံတဦးက“စင်းခန်းက သူတို့ရဲစခန်းနဲ့ စစ်တပ်စခန်း ၂ ခုရှိတယ်လေ။ အဲဒီဟာ စင်းခန်းတံတားမှာစောင့်တဲ့ ရဲကင်းစခန်းရှိတယ်။ အဲတာကျသွားတာ ပြောတယ်။ သူတို့က စင်းခန်းက မြို့ထဲမှာ ဘာမှမရှိတာကြီးကို။ အဲတာကျပြီဆိုတာနဲ့ မြို့ကျပြီလေ။ တာဝါတိုင်စခန်းက တချို့လည်း ကျပြီလို့ ပြောတယ်၊ တချို့လည်း အခြေအနေမကောင်းဘူးပြောတယ်။ မြို့ထဲမှာတွေတော့ ဝင်တာရှိတယ် လို့ အသိတယောက်က ပြောတယ်” လို့ ပြောပါတယ်။

မံစီမြို့မှာလည်း KIA ဦးဆောင်တဲ့တပ်တွေက တပ်စခန်းတွေကို ပစ်ခတ်တာကြောင့် တိုက်ပွဲဖြစ်နေပြီး မိုးမောက်မြို့ထဲမှာလည်း ထိတွေ့မှုတွေ ရှိခဲ့တယ်လို့ ဒေသခံတွေက ပြောကြပါတယ်။

ဒါအပြင် စစ်တပ်က မိုးမောက်မြို့ထဲ လေယာဉ်နဲ့ ပစ်ခတ်တာကြောင့် သတင်းရေးသားချိန် မေ ၇ ရက် မနက် ၁၁ နာရီခွဲအထိ မြို့ထဲက နေအိမ်တချို့ မီးလောင်နေတယ်လို့ ဆိုပါတယ်။

တခြားဒေသခံ သတင်းရင်းမြစ်တဦးက “မံစီနဲ့မိုးမောက်မှာ မြို့ခံတချို့ကျန်ထားသေးတယ်၊ ပိတ်မိနေပါတယ်၊ ဒီနေ့အစောကြီးကတည်းက တိုက်ပွဲဖြစ်နေတာပါ၊ လက်နက်ကြီးသံတွေ သေနတ်သံတွေဆူညံနေတဲ့ အခုထိဘဲ၊ ဗန်းမော်၊ မန္တလေးလမ်းမကြီးလည်း ပိတ်ထားပြီ၊ မနက်ကထွက်တဲ့ကားတွေ လမ်းမှာ ပိတ်မိနေတယ်” လို့ ပြောပါတယ်။

တိုက်ပွဲဖြစ်နေတဲ့နေရာတွေဟာ တပ် ၁၃ ခုလောက် ပတ်လည်ဝိုင်းထားသည့် ဗန်းမော်မြို့ ပတ်ဝန်းကျင်ကနေရာတွေဖြစ်ပြီး မိုးမောက်မြို့မှာဆိုရင် (မံပုံ) ခမရ ၄၃၇ တပ် တခုတည်းသာ ကျန်ရှိကာ မံစီမြို့မှာတော့ ခမရ ၃၁၉၊ ခမရ ၆၀၁ တပ်နဲ့ အမြောက်တပ်တို့ ရှိပါတယ်။

လက်ရှိမှာ စစ်ကောင်စီတပ်ဟာ တပ်စခန်းတွေမကျရေး အပြင်းအထန်ခုခံနေပြီး ဗန်းမော်က တပ်တွေကလည်း လက်နက်ကြီးတွေနဲ့ မနားတမ်းပစ်ခတ်နေတဲ့အပြင် တိုက်လေယာဥ် ၂ စီးနဲ့ ခေါက်တုန့်ခေါက်ပြန် ပစ်ခတ်နေတယ်လို့လည်း ရှေ့တန်းသတင်းရင်းမြစ်တွေက ပြောပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024