Home
မြန်မာသတင်း
တော်လှန်ရေးအင်အားစုများ လက်ရှိအမှားအယွင်းများကို အချိန်မီပြုပြင်ရန် ဒေါက်တာ တေဇာစန်း တိုက်တွန်း
DVB
·
May 3, 2024

တော်လှန်ရေးအင်အားစုတွေအနေနဲ့ လက်ရှိအမှားအယွင်းတွေကို အချိန်မီအတွင်း အကောင်းဆုံးဖြစ်အောင် မပြုပြင်ဘူးဆိုရင် ပြည်သူတွေဟာ တော်လှန်ရေးကို စိတ်ပျက်ကင်းကွာပြီး ရန်သူနဲ့ နီးစပ်သွားနိုင်တယ်လို့ သပိတ်ခေါင်းဆောင်တယောက်ဖြစ်တဲ့ ဒေါက်တာတေဇာစန်းက တိုက်တွန်းပြောပါတယ်။

တော်လှန်ရေးရဲဘော်တွေနဲ့ တွေ့ဆုံရာမှာ ရဲဘော်တွေမေးလာကြတဲ့ ‘တော်လှန်ရေး မြန်မလား’ ဆိုတဲ့ မေးခွန်းအပေါ် သူ့ရဲ့ ဖေ့စ်ဘွတ်ခ်ကနေ လက်ရှိ မြေပြင်အခြေအနေတွေနဲ့ သုံးသပ်ပြလာတာဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးတပ် တာဝန်ရှိသူတွေကလည်း တော်လှန်ရေးတပ်တွေမှာ အားနည်းချက်တွေ အများကြီးရှိနေတယ်လို့ ဆိုပါတယ်။

ပြည်သူ့နွေဦးတော်လှန်ရေး ဖြတ်သန်းလာတဲ့ကာလကနေ စစ်အုပ်စုအနေနဲ့ ပြည်သူ့တော်လှန်ရေးကို အနိုင်ယူဖို့ဆိုတာ ဘယ်လိုမှ မဖြစ်နိုင်ဘူးလို့ ကောက်ချက်ချနိုင်ပေမဲ့ တော်လှန်ရေး ဘယ်တော့ပြီးမလဲ၊ မြန်မလား နှေးမလားဆိုတဲ့ မေးခွန်းအတွက် အဖြေက စစ်အုပ်စုအပေါ်မှာ မူတည်နေတာ မဟုတ်တော့ဘဲ တော်လှန်ရေးအင်အားစုတွေ၊ တော်လှန်ရေးဘက်တော်သားတွေ အပေါ်မှာပဲ လုံးလုံးမူတည်နေတယ်လို့ ဒေါက်တာ တေဇာစန်းက ပြောပါတယ်။

NUG အစိုးရ၊ တိုင်းရင်းသားတော်လှန်ရေးအဖွဲ့တွေ၊ CRPH၊ NUCC အစရှိတဲ့ အဖွဲ့အစည်းတွေပေါ်မှာ အများကြီး မူတည်နေတယ်လို့ဆိုပြီး သူ့ရဲ့သုံးသပ်ချက်ကိုတော့ အညာဒေသကို အခြေခံထားတယ်လို့ ဆိုပါတယ်။

“တော်လှန်ရေးက အချိန်ကြာလာတာနဲ့အမျှ တော်လှန်ရေးအင်အားစုများရဲ့ ကျင့်ဝတ်စည်းကမ်းပိုင်း အားနည်းလျော့ရဲမှု၊ ဖောက်လွဲဖောက်ပြန်မှုတွေက ပိုပို ဆိုးဝါးလာကြတယ်ဗျာ။ အလားတူပဲ တော်လှန်ရေး အင်အားစုတွေနဲ့ အစုအဖွဲ့ ယန္တရားတွေရဲ့ အဖွဲ့အစည်းပိုင်း ပုံမကျမှုတွေ၊ ခိုင်မာတောင့်တင်းမှု မရှိမှုတွေရဲ့ နောက်ဆက်တွဲ ဆိုးကျိုးပြဿနာတွေကလည်း ပိုပိုထင်ရှား ပေါ်လွင်လာတယ်ဗျာ။ ဒီနေရာမှာ ကျနော်သုံးတဲ့ တော်လှန်ရေးအင်အားစုတွေဆိုတာက ပအဖ၊ ပကဖ၊ ပလဖ၊ PDF၊ LDFs၊ လူထုသပိတ်တိုက်ပွဲကဏ္ဍ စသဖြင့် အားလုံးအားလုံးကို လွှမ်းခြုံဆိုလိုတာပါ။ အချို့နေရာတွေမှာ Local အဖွဲ့တွေရဲ့ ပြဿနာက ပိုတောင် ဆိုးရွားပြင်းထန်ပါသေးတယ်။ ကျနော့်ရဲ့ တကိုယ်ရည် အတွေ့အကြုံအရပြောရရင် Local လက်နက်ကိုင်အဖွဲ့တွေရဲ့ အလွဲအမှားပြဿနာ ကြုံတွေ့ရမှုကလည်း NUG အောက်က အဖွဲ့တွေနဲ့ ပိန်မသာ လိမ်မသာပါပဲ” လို့ ပြောပါတယ်။

ယောဒေသ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (YPDF) ရဲ့ ဗဟိုဦးဆောင်ကော်မတီ ဥက္ကဋ္ဌ ရဲဘော်ယောလေးက “ယေဘုယျ အများအားဖြင့်တော့ လက်ခံပါတယ်ဗျ။ သူရောက်ခဲ့တဲ့နေရာနဲ့ ကျနော်တို့နေရာနဲ့ မတူကွဲပြားမှုတွေလည်း ရှိပါတယ်။ အထူးသဖြင့် လူမျိုးစု၊ မျိုးနွယ်စု၊ ဒေသ အခြေခံထားတဲ့နေရာတွေမှာ ပကဖ၊ ပအဖ၊ PDF တွေရဲ့ လုပ်ဆောင်မှုက မအလနဲ့ မခြားပါဘဲ။ ဥပမာ MoD က ထုတ်ပြန်ချက်ကို MoD အောက်က PDF တွေက မလိုက်နာတာမျိုးပေါ့။ နောက်ပြီး NUG အနေနဲ့ ပြုပြင်ပြောင်းလဲမှု လုပ်ဖို့လိုပြီ။ ခုထိ မလုပ်နိုင်သေးဘူး။ အောက်ခြေမှာ လက်သင့်ရာ စားတော်ခေါ်တုန်း။ မြေနိမ့်ရာ လှံစိုက်တုန်းပဲ ရှိသေးတယ်။ အုပ်စုဖွဲ့လို့ကောင်းတုန်းပဲ။ ကြားထဲက ပြည်သူမှာ လမ်းပျောက်တယ်။ ကျနော်တို့ ယောမှာ NUG ရဲ့ အုပ်ချုပ်ရေး၊ တရားစီရင်ရေး၊ ဘဏ္ဍာရေးကိစ္စတွေမှာ စကစထက် ဆိုးတယ်လို့တောင် ထင်ရတယ်။ ကောင်းကောင်း မလည်ပတ်နိုင်ဘူး။ Local တွေလည်း ကောင်းတယ်လို့ မဆိုလိုဘူး။ တချို့ Local တွေက သူ(ဒေါက်တာတေဇာစန်း)ရေးထားသလိုပဲ။ ဥပမာ တပ်သားသစ်စုတဲ့ကိစ္စဆို စကစနဲ့ မခြားဘူး” လို့ ပြောပါတယ်။

မုံရွာခရိုင်က NUG လက်အောက်ခံ တပ်ရင်းတခုရဲ့ ပြန်ကြားရေးတာဝန်ရှိသူက “ကြားထဲက ပ ၃ လုံး (ပအဖ၊ ပလဖ၊ ပကဖ) က ဘယ်ရွာ ဘယ်မြို့နယ်နေနေ သူတို့နဲ့အဆင်ပြေတာက ရှားတယ်။ စစ်မတိုက်ဘဲ တပ်ရင်းထောင်ပြီး ငါးမဖမ်းရအမိန့်ထုတ်တာလေ၊ ပုံ တပ်ရင်း ဘယ်လောက် ဘယ်လောက်က ပါသေး။ ဆိုတော့ တယောက်တပေါက်ကမှ တော်ဦးမယ်။ မုံရွာခရိုင်မှာ တပ်ရင်း ၂၈ ရင်းရှိတယ်။ Local PDF၊ ပကဖ၊ ပလဖ၊ ပအဖ တွက်ကြည့်လိုက်ရင် မနည်းဘူး။ ဒါပေမဲ့ အချီကြီး ဖြစ်မြောက်တာ ရှားတယ်” လို့ ပြောပါတယ်။

လက်ရှိမှာ အင်အားကြီးတဲ့ Local အဖွဲ့တချို့ကလွဲရင် တော်တော်များများဟာ ပျောက်ကွယ်သွားတာ၊ ပေါင်းစည်းသွားတာတွေရှိသလို ကျေးရွာအဆင့်၊ တိုက်နယ်အဆင့် ပကဖ/ပလဖ တွေ ဖြစ်သွားသလို PDF တပ်ရင်းတွေ၊ တပ်ခွဲတွေ ဖြစ်သွားကြတာလည်း များတယ်လို့ ဒေါက်တာ တေဇာစန်းက ဆိုပါတယ်။

အဲဒီလို အဖွဲ့တချို့ဟာ အလွဲအမှားတခုခုလုပ်လို့ ပြည်သူက အထက်အဆင့်တွေကို တိုင်ကြားတော့မယ်ဆိုရင် သူတို့ဟာ NUG အောက်က မဟုတ်ဘူးလို့ ပြောတတ်ကြကြောင်းလည်း ဆိုပါတယ်။

“အခု အညာတခွင်မှာ ဒီ တော်လှန်ရေးအဖွဲ့အစည်း ယန္တရားတွေနဲ့ သက်ဆိုင်ရာ ပြည်သူလူထု အကြားက အဆင်မပြေမှု၊ ပွတ်တိုက်မှုတွေကို ကျနော်ရောက်ဖြစ်သမျှ နေရာတိုင်းလိုလိုမှာ ကြားရ၊ မြင်ရ၊ သိရပါတယ်။ အတော်လည်း စိတ်ညစ်စရာကောင်းတယ်ဗျာ။ အဆိုးဆုံးကတော့ အချို့နေရာတွေမှာ အချို့သော ပြည်သူတွေက ‘NUG ပအဖ၊ ပကဖ တွေကလည်း မစွံပါဘူး၊ စစ်ကောင်စီနဲ့ မထူးပါဘူးကွာ’ လို့ပြောတဲ့ အသံမျိုးထိ တစွန်းတစ ကြားလာရတယ်ဗျာ။ ဒါက တော်လှန်ရေးအတွက် အတော်ကို အန္တရာယ်ကြီးတယ်ဗျို့။

ပြည်သူလူထုအနေနဲ့ကတော့ သူတို့တွေ နိစ္စဓူဝ ထိတွေ့ဆက်ဆံရတဲ့ ကျေးရွာအဆင့်၊ တိုက်နယ်အဆင့်၊ မြို့နယ်အဆင့် ပအဖ၊ ပကဖ၊ ပလဖ အဖွဲ့တွေရယ်၊ သူတို့ရှေ့မှာ မြင်တွေ့နေရတဲ့ PDF တွေ၊ ပအဖ ပကဖ ပအဖ တွေကိုပဲ ကြည့်ပြီး NUG ကို အကဲဖြတ်၊ အမှတ်ပေးကြမှာပါပဲ။ ဒါက အလွန်ပဲ သဘာဝကျပါတယ်။ ဆိုတော့ ဒေသန္တရအဆင့် အုပ်ချုပ်ရေး၊ ကာကွယ်ရေး၊ လုံခြုံရေး အဖွဲ့အစည်းတွေရဲ့ စွမ်းဆောင်ရည်နဲ့ လုပ်ဆောင်ချက်တွေက တော်လှန်ရေးအတွက်ကော NUG အစိုးရအတွက်ပါ အလွန်ပဲ အရေးကြီးလှပါတယ်” လို့ ပြောပါတယ်။

NUG အစိုးရရဲ့ အထက်အဆင့်ဆင့်သော တာဝန်ရှိသူတွေ၊ ဆုံးဖြတ်ချက်ချမှတ်နိုင်သူတွေ အနေနဲ့ မြေပြင် ဒေသန္တရအဆင့်က ပြဿနာတွေကို လျှော့မတွက်ကြစေချင်ဘဲ ကြပ်မတ်ထိန်းကြောင်းဖို့ အထူးအရေးကြီးနေပြီလို့ သူကဆိုပါတယ်။

ရဲဘော် ယောလေးက “နောက်ပြီး NUG ဝန်ကြီးတွေထဲက ခုချိန်ထိ ယောကို လူကယ်ပြန်လား ဒုဝန်ကြီးပဲ လာဖူးတယ်။ ကျန်တဲ့သူ ဘယ်နေမှန်းတောင်မသိဘူး။ စုစည်းညီညွတ်စေချင်ရင် စုစည်းညီညွတ်စေမယ့် အပြုအမူ၊ အပြောအဆို၊ အလုပ်အကိုင်တွေ လုပ်ဖို့လိုတယ်။ Local အဖြစ် ဘာကြောင့်ရပ်တည်လဲ၊ မတူကွဲပြားတဲ့ ခံယူချက်ရှိလို့ပဲ ဆိုတာကို နားလည်ရမယ်။ သူတို့လိုချင်တာ ဘာကြောင့်လဲ သိအောင်လုပ်ရမယ်။ ခုချိန်ထိ စစ်ရေး၊ နိုင်ငံရေးအရ တွေ့ဆုံဆွေးနွေးဖို့ ဖိတ်ခေါ်တာ မရှိဘူး။ ကိုယ်ကတွေ့ဖို့ပြောတာတောင် လက်မခံဘူး။ ဘယ်လိုရှေ့ဆက်မလဲ။ NLD ကိုလည်း အမတ်တွေကို ပစ်မထားဘဲ ထိန်းကြောင်းကွပ်ကဲပေးပါလို့ တိုက်တွန်းချင်တယ်။ ကျနော်တို့ဒေသမှာ အမတ်တွေချင်း မတည့်လို့ ပအဖ၊ ပကဖ နှစ်ခြမ်းကွဲတယ်။ အတော်ရှက်စရာကောင်းတယ်။ ပြောရရင်တော့ အများကြီးဗျ။ ကျနော်လည်း ခုက ရှေ့တန်းမှာဆိုတော့ အချိန်သိပ်မရတဲ့ အနေအထားဖြစ်နေလို့” လို့ ပြောပါတယ်။

ဒေါက်တာတေဇာစန်းက အထက်အဆင့်ဆင့် တာဝန်ရှိသူတွေအနေနဲ့ မိမိတို့ ဖွဲ့စည်း တာဝန်ပေးအပ်ထားတဲ့ မြေပြင်က အဖွဲ့အစည်း ယန္တရားတွေကို အကောင်းဆုံးဖြစ်အောင် ထိန်းကျောင်း၊ တည့်မတ်၊ တည်ဆောက်ဖို့ အလွန်အရေးကြီးလာပြီဖြစ်ပြီး အမိန့်ပေးကွပ်ကဲ အုပ်ချုပ်မှုစနစ် (Chain of Command) နဲ့ ကျင့်ဝတ်စည်းကမ်း (Code of Conduct) ကောင်းမွန်၊ မှန်ကန်၊ တည့်မတ်တဲ့ အဖွဲ့အစည်း၊ လူပုဂ္ဂိုလ်တွေဖြစ်အောင် တည်ဆောက်ကြဖို့လိုတယ်လို့ ဆိုပါတယ်။

စစ်တပ်အာဏာသိမ်းစကတည်းက CDM လုပ်လာသူ ဗိုလ်ကြီးတယောက်က “စစ်အောင်စေတဲ့ အချက်တွေက နိုင်ငံအလိုက် မတူကြပါဘူး။ သူ့ရေမြေ သူ့အယူအဆနဲ့ သူပေါ့။ မြန်မာပြည်မှာကတော့ ‘ရည်၊ စိတ်၊ အင်၊ တိုက်၊ လွယ်၊ လုံ၊ ငိုက်၊ တင်း၊ ပြောင်း၊ ညှိ၊ အုပ်၊ ပြည်’ ဖြစ်ပါတယ်။ အရှည်ကို စာလုံးပေါင်း အတိအကျ သေချာမမှတ်မိပါ။ ၁၀ ချက်ကျော်ကြီး။ များတယ်။ ၂ ချက်ပဲ ပြောပါဆိုရင် ‘တသွေးတသံတမိန့်ဖြစ်အောင် တည်ဆောက်’ ရယ်၊ ‘ပြည်သူကို မငြိုငြင်စေနဲ့’ ဒါပါပဲ။ ပြည်သူကို မပိုင်ဘဲနဲ့ သတင်းမရနိုင်ပါဘူး။ ပြည်သူကို ဘာရယ်ကြီး သိသိသာသာ ခြိမ်းခြောက်အနိုင်ကျင့်တာမျိုး မလုပ်ရင်တောင် အကြောင်းအမျိုးမျိုးကြောင့် ပြည်သူက နည်းနည်းလေးပဲဖြစ်ဖြစ် ကြောက်ရပြီဆိုရင် အဲဒီတပ် သွားပြီသာမှတ်ပါ။ စစ်ရေးအတွက် အလိုအပ်ဆုံးဖြစ်တဲ့ သတင်းနဲ့ အုပ်ချုပ်ထောက်ပံ့မှု အားနည်းရင် ဘယ်နည်းနဲ့မှ စစ်ရေးမအောင်နိုင်ပါဘူး။ စစ်သားသစ် အဓမ္မစုဆောင်းတဲ့ တပ်ဖွဲ့တွေအနေနဲ့ အဲဒီလိုလုပ်တာက ကျနော်ပြောတဲ့ အချက် ၂ ချက် မရှိတာ ပြနေပါတယ်။ ဆင်ခြင်ကြဖို့ ရေးပါတယ်” လို့ ပြောပါတယ်။

ဒေါက်တာ တေဇာစန်းကလည်း ပြည်သူ့တော်လှန်ရေးကြီး မြန်မလား၊ နှေးမလားသည် တော်လှန်ရေးအစိုးရနဲ့တကွ တော်လှန်ရေးအင်အားစုတွေအားလုံး ကိုယ့်ကိုယ်ကိုယ်၊ ကိုယ့်အဖွဲ့အစည်း ယန္တရားတွေကို ဘယ်လောက်ထိ အကောင်းဆုံးဖြစ်အောင် တည်ဆောက်နိုင်မလဲ ဆိုတဲ့အပေါ်မှာ အများကြီး မူတည်နေပြီဖြစ်ပြီး အချိန်မီအတွင်း အကောင်းဆုံးဖြစ်အောင် တည်ဆောက်ပြုပြင်နိုင်တယ်ဆိုရင် ဒီတော်လှန်ရေးဟာ တာလတ်အတွင်းမှာ အောင်ပွဲဆင်နိုင်ပေမဲ့ အဲဒီလိုမဟုတ်ဘဲ ဆိုးသထက် ဆိုး၊ ပျက်သထက် ပျက်သွားရင်တော့ ပြည်သူက တော်လှန်ရေးအပေါ်မှာ ပိုပြီး စိတ်ပျက်သွားပြီး တာဝေးခရီး ဖြစ်သွားပါလိမ့်မယ်လို့ ဆိုပါတယ်။

လတ်တလောမှာ ကြားကာလအုပ်ချုပ်မှုဗဟိုကော်မတီ တိုင်ကြားစာကော်မတီကို တိုင်ကြားထားတဲ့ အမှုပေါင်း ၁၀၀ ကျော်ရှိနေပြီး အဲဒီအထဲက အမှုပေါင်း ၃၀ ကျော်ကို NUG ကာကွယ်ရေးဝန်ကြီးဌာနက ဖြေရှင်းနေပါတယ်။ အမှုပေါင်း ၂၀ ကျော်ကို ပြည်ထဲရေးက ဖြေရှင်းနေရတယ်လို့ NUG ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးလွင်ကိုလတ်က ပြောပါတယ်။

စစ်ကိုင်းနဲ့ မကွေးတိုင်းမှာ ရပ်ကျေးနဲ့ မြို့နယ်အလိုက် လက်နက်ကိုင်အစုအဖွဲ့ ထောင်နဲ့ချီ ပြန့်ကျဲနေတာကို မစုစည်းနိုင်တာ၊ အစုအဖွဲ့ တခုချင်းစီက ရှင်သန်ရေးအတွက် နည်းလမ်းစုံနဲ့ ဖြေရှင်းကြတာ၊ NUG ကာကွယ်ရေးဝန်ကြီးဌာနရဲ့ စည်းကမ်းတွေကို မလိုက်နာတာတွေကြောင့် အချိန် ၂ နှစ်ကျော်တွင်းမှာ NUG တိုင်ကြားစာကော်မတီ ၃ ခုကို ရောက်လာတဲ့ NUG ဝန်ကြီးဌာန ၁၇ ခုဆီကို လိပ်မူထားတဲ့ တိုင်ကြားစာပေါင်း ၈၀၀ ကျော်အထိ ရှိခဲ့ပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024