Home
ဆောင်းပါး
ရာသီဥတု ပြောင်းလဲလာမှုနှင့် ကမ္ဘာတဝန်း ပြင်းထန်အပူဒဏ် ကြုံတွေ့ရင်ဆိုင်နေရချိန်
DVB
·
May 2, 2024

မြန်မာနိုင်ငံ အပါအဝင် အရှေ့တောင်အာရှနဲ့ တောင်အာရှ ဒေသတွေင်းနိုင်ငံတွေမှာ  အခုသီတင်းပတ်အတွင်း နေ့အပူချိန်တွေဟာ ရာစုနှစ်ဝက်အတွင်း အမြင့်ဆုံး စံချိန်တင် မြင့်တက်နေပြီး  ပြင်းထန်တဲ့ အပူလှိုင်းဒဏ်ကို ပြည်သူတွေ ကြုံတွေ့ ရင်ဆိုင်နေကြရပါတယ်။

မြန်မာနိုင်ငံ အလယ်ပိုင်းဒေသ မကွေးတိုင်း ချောက်မြို့မှာ ဧပြီ ၂၈ ရက်နေ့က နှစ်ပေါင်း  ၅၆ နှစ်အတွင်း အမြင့်ဆုံးအပူချိန်အဖြစ် ၄၈ ဒသမ ၂ ဒီဂရီဆဲလ်စီးယပ်အထိ စံချိန်တင်ရောက်ရှိခဲ့ပြီး ဧပြီလအတွင်း မြန်မာနိုင်ငံမှာ အပူလှိုင်းနဲ့ ဆက်စပ်ပြီး သေဆုံးသူတွေရာနဲ့ချီ ရှိလာနေပါတယ်။ 

အိမ်နီးချင်း ထိုင်းမှာတော့ မြို့တော်ဘန်ကောက်မှာ အပူချိန်က ၄၀ ဒီဂရီကျော်လာပါတယ်။ နိုင်ငံ အလယ်ပိုင်းနဲ့ မြောက်ပိုင်း ဒေသတွေမှာ လူတွေ အပြင်ကို အကြာကြီးမထွက်ဖို့ အာဏာပိုင်တွေက သတိပေးထားပါတယ်။

ထိုင်းမြောက်ပိုင်းမြို့ လမ်ပန်းမှာ ဧပြီလ ၂၂ ရက်က အပူချိန်က ၄၄ ဒသမ ၂ အထိ ရှိခဲ့ပါတယ်။ မေလဆန်းအထိ ပြင်းထန်အပူချိန်ကို ဆက်ခံစားရဖို့ရှိတယ်လို့ခန့်မှန်းထားပါတယ်။ Heat stroke ကြောင့် လူ အယောက်  ၃၀ လောက် သေဆုံးခဲ့တယ်လို့ ထိုင်းကျန်းမာရေးဌာနက ထုတ်ပြန်ပါတယ်။

ထိုင်းအလုပ်သမား ဝီရာဝေါင် ပက်ဆီဒါက “အရမ်းပူတော့ တာပေါ်လင်စပေါ်မှာ အပူကျန်တယ်လေ။ တာပေါ်လင်စကို ရေဖြန်းပေးရင် အပူလျော့တော့ နည်းနည်းအေးတာပေါ့။ တခြားဘာမှလည်း လုပ်လို့မရဘူးလေ။ အပူက ပိုပြင်းလာတာ၊ လမ်းတွေလည်း ဒီလိုပဲ၊ ရေဖြန်းထားရင် နည်းနည်းအေးတယ်ခံစားမိတာပေါ့”လို့ပြောပါတယ်။

ကမ္ဘောဒီးယားမှာလည်း တချို့ဒေသတွေမှာ အပူချိန်ဟာ ၄၃ ဒီဂရီဆဲလ်စီးယပ် အထိ မြင့်တက်နိုင်တယ်လို့ သတိပေးထားပါတယ်။

ဗီယက်နမ်နိုင်ငံ စီးပွားရေးမြို့တော် ဟိုချီမင်းစီးတီးမှာတော့ အဲကွန်းအေးတဲ့ ရှော့ပင်းမောလ်တွေထဲမှာ လူစည်းကားနေပါတယ်။

ဗီယက်နမ်နိုင်ငံမြောက်ပိုင်းနဲ့ အလယ်ပိုင်းမှာ အပူချိန်က ၄၀ ဒသမ ၂ ကနေ ၄၄ အထိ ရှိနေပြီး မေလထဲ ဝင်လာတဲ့အထိ လျော့ကျဖို့ မရှိသေးပါဘူး။ အဲကွန်းတွေ အသုံးများတာကြောင့် ဓာတ်အားသုံးစွဲမှုကလည်း  စံချိန်တင်မြင့်တက်နေပါတယ်။ တောမီးလောင်တာ၊ ရေဓာတ်ခန်းခြောက်တာ၊ အပူရှပ်တာတွေ သတိထားကြဖို့ အာဏာပိုင်တွေက  ထုတ်ပြန်ထား ပါတယ်။

ဖိလစ်ပိုင်မှာတော့ အပူဒဏ်ကြောင့်   ကျောင်းတွေ ၂ ရက်ပိတ်လိုက်ပါတယ်။  အပူချိန်က ၃၇ ဒီဂရီဆဲလ်စီးယပ်ရှိမယ် ခန့်မှန်းတဲ့အတွက် လူပြည့်ကျပ်ပြီး အဲကွန်းမရှိတဲ့ စာသင်ခန်း အများစုမှာ ကလေးတွေ အဆင်မပြေမှာစိုးလို့ အစိုးရက ကျောင်းပိတ်ပေးတာဖြစ်ပါတယ်။ ခန္ဓာကိုယ်က တကယ်ခံစားရတဲ့ အပူချိန်ဟာ စံချိန်တင်အဖြစ် ၄၅ ဒီဂရီဆဲလ်စီးယပ်အထိ ရှိမယ်လို့လည်း ခန့်မှန်းထားပါတယ်။

ဖိလစ်ပိုင်ဘေးတွဲမောင်းသမား ရေနာတို ဆာဗန်တက်စ်က “မနေ့က ညနေက နော်တာဒိမ်း ကျောင်းကအတန်းတွေနားမယ်လို့ ကြေညာတယ်လေ။ ကျနော်တို့အတွက် သက်ရောက်မှုက ကြီးပါတယ်။ ပြီးခဲ့တဲ့အပတ်တုန်းကလည်း ကျောင်းတော်တော်များများ ပိတ်ထားကြတော့၊ မိသားစုအတွက် အခက်အခဲရှိတာပေါ့။ ကျောင်းသားတွေများရင် တနေ့ကို ပီဆို ၁၀၀၀ (၁၇ ဒေါ်လာ) လောက်ရတယ်။ အတန်းတွေမရှိတော့ကျတော့ ၃၀၀ နဲ့ ၅၀၀ (၅ ဒေါ်လာ ကနေ ၈ ဒေါ်လာ) ကြားပဲရတယ်”လို့ပြောပါတယ်။

မလေးရှားမှာလည်း ဒေသ ၁၆ ခုမှာ  အပူချိန် ၃၅ ကနေ ၄၀ ဒီဂရီဆဲလ်စီးယပ်ကြား ရှိနေမယ်လို့ သတိပေးထားသလို စင်ကာပူမှာလည်း မနှစ်က စံချိန်တင် အပူချိန်ထက်ကို ဒီနှစ်ပိုပူမယ်လို့ ကြေညာထားပါတယ်။

လူဦးရေအများဆုံးအင်ဒိုနီးရှားမှာတော့ သွေးလွန်တုပ်ကွေးဖြစ်ပွားမှုနှုန်း ရုတ်တရက် မြင့်တက်လာပါတယ်။ အယ်လ်နီညို ရာသီဥတုကြောင့်  ဒီနှစ်ခြောက်သွေ့ရာသီ ရှည်ကြာနိုင်ပြီး ပူနွေးတဲ့ရာသီဥတုဟာ ခြင်တွေရဲ့ သက်တမ်းကို ပိုရှည်စေနိုင်ပါတယ်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာလည်း အပူလှိုင်းကြောင့် စာသင်ကျောင်းတွေယာယီပိတ်ထားခဲ့ရပြီး  လမ်းမတွေပေါ်မှာ အလုပ်လုပ်ကြရတဲ့ ဆိုက်ကားသမားတွေဟာ သီတင်းပတ် တပတ်ကျော် ကြာနေပြီဖြစ်တဲ့ အပူလှိုင်းဒဏ်ကြောင့် ရုန်းကန်နေရပါတယ်။

အိန္ဒိယနိုင်ငံမှာတော့ အပူဒဏ်ကြောင့် ရွေးကောက်ပွဲလုပ်ငန်းတွေ နှောင့်နှေးထိခိုက်ခဲ့ရသလို အိန္ဒိယနိုင်ငံတောင်ပိုင်း ကဲရာလာပြည်နယ်မှာ အပူဒဏ်ကြောင့် သံသယရှိသူ ၂ ဦးထက်မနည်း သေဆုံးခဲ့တယ်လို့ ဒေသဆိုင်ရာ မီဒီယာတွေက ဖော်ပြပါတယ်။

ဥရောပမှာတော့ ပြင်းထန် အပူဖိစီးမှု အားကောင်းလာပြီး လူ့ခန္ဓာကိုယ်က ခံနိုင်ရည်စွမ်း မရှိနိုင်လောက်အောင် ပြင်းထန်တဲ့အပူချိန်နဲ့ ရင်ဆိုင်ရနိုင်တယ်လို့ ဥရောပသမဂ္ဂရဲ့  ကော်ပါးနီးကပ်စ် ရာသီဥတုပြောင်းလဲမှု စောင့်ကြည့်ရေးဌာနနဲ့ ကမ္ဘာ့မိုးလေဝသနဲ့ ဇလဗေဒအဖွဲ့ကြီး (WMO) က ထုတ်ပြန်ပါတယ်။

ရာသီဥတုပြောင်းလဲလာမှုနဲ့အတူ အပူချိန်မြင့်တက်လာတာကြောင့် ဥရောပတိုက်မှာ လူ့ခန္ဓာကိုယ်က ခံနိုင်ရည်စွမ်း မရှိနိုင်လောက်အောင် ပြင်းထန်တဲ့အပူချိန်နဲ့ ရင်ဆိုင်ရချိန် မြင့်မားလာတယ်လို့ ကော်ပါးနီးကပ်စ်ဌာနနဲ့ WMO ရဲ့ ဥရောပရာသီဥတုနဲ့ ပတ်သက်တဲ့ အစီရင်ခံစာတစောင်မှာ ပြီးခဲ့တဲ့နှစ် ဇူလိုင်လက ဥရောပတောင်ပိုင်းဒေသ ၄၁ ရာခိုင်နှုန်းမှာ အားကောင်း၊ အလွန်အားကောင်း ဒါမှမဟုတ် အလွန်အမင်း ပြင်းထန်တဲ့ အပူဖိစီးမှု (heat stress) တွေ ဖြစ်စေတဲ့ အပူလှိုင်း အပါအဝင် မနှစ်က ရာသီဥတု ဆိုးရွားပြင်းထန်မှုနဲ့ ပတ်သက်ပြီး သုံးသပ်ထားပါတယ်။

ရာသီဥတုပြောင်းလဲမှုဆိုင်ရာဌာန ဒါရိုက်တာ ကာလိုဗျူန်တမ်ပိုက “၂၀၂၃ ခုနှစ်က တကမ္ဘာလုံးခြုံကြည့်ရင် လုံးဝပုံမှန်မဟုတ်ဘူး။ အထူးသဖြင့် လွန်ခဲ့တဲ့ ဆယ်စုနှစ်၊ ရာစုနှစ် ဒါမှမဟုတ် ထောင်စုနှစ် ရာသီဥတုနဲ့ ယှဉ်ကြည့်ရင်ပေါ့။ ဒါကြောင့် ၂၀၂၃ တုန်းက တချို့ဖြစ်စဉ်တွေက အရမ်းပြင်းထန်တာရယ်၊ ဖြစ်စဉ်ရဲ့ မြန်ဆန်မှုရယ်၊ အတိုင်းအတာရယ်၊ ကြာချိန်ရယ်ကြောင့် သိပ္ပံအသိုင်းအဝိုင်းက အံ့အားသင့်ခဲ့ရပါတယ်” လို့ ပြောပါတယ်။

အလွန်အမင်း ပူပြင်းမှုဟာ ပြင်ပမှာ အလုပ်လုပ်ရသူတွေ၊ သက်ကြီးရွယ်အိုတွေ၊ နှလုံးသွေးကြောရောဂါနဲ့ ဆီးချိုရောဂါလို ရောဂါအခံရှိသူတွေအတွက် အထူးစိုးရိမ်ရစေပါတယ်။

အီတလီနိုင်ငံ နေရာတချို့မှာ ပြီးခဲ့တဲ့နှစ် ဇူလိုင်လက ပုံမှန်ထက်သေဆုံးမှု ၇ ရာခိုင်နှုန်းကျော် ပိုများခဲ့ပါတယ်။ အဲဒီထဲမှာ နိုင်ငံမြောက်ပိုင်း လိုဒီမြို့မှာ လမ်းအမှတ်သားတွေ ဆေးခြယ်တဲ့ အသက် ၄၄ နှစ်အရွယ် အမျိုးသားတဦး ရုတ်တရက်လဲကျ သေဆုံးမှုလည်း ပါဝင်ပါတယ်။

အပူဖိစီးမှုဆိုတာ အပူချိန်၊ စိုစွတ်မှုနဲ့ ခန္ဓာကိုယ်ရဲ့ တုံ့ပြန်မှုလို အကြောင်းအချက်တွေကို ပေါင်းစပ်ပြီး သဘာဝပတ်ဝန်းကျင်က လူသားခန္ဓာကိုယ်အပေါ် သက်ရောက်မှုကို တိုင်းတာတာ ဖြစ်ပါတယ်။

စပိန်၊ ပြင်သစ်၊ အီတလီနဲ့ ဂရိ နေရာအနှံ့မှာ ၂၀၂၃ ခုနှစ်အတွင်း အလွန်အမင်းပြင်းထန်တဲ့ အပူဖိစီးမှုမျိုးကို ၁၀ ရက်လောက်အထိ ခံစားခဲ့ရပါတယ်။ “အမှန်တကယ် ခံစားရတဲ့ အပူချိန်” ဟာ ၄၆ ဒီဂရီ ဆဲလ်စီးယပ်စ်ကျော်အထိ ရှိခဲ့ပါတယ်။ ဒီလောက်ပူပြင်းလာရင် ပြင်းထန်အပူလျှပ် (heat stroke) နဲ့ တခြား ကျန်းမာရေးပြဿနာတွေကို ရှောင်လွှဲနိုင်ဖို့ ချက်ချင်း လိုက်နာဆောင်ရွက်ရမှာတွေ ရှိပါတယ်။

အပူရှိန်နဲ့ ဆက်စပ်တဲ့ သေဆုံးမှုတွေဟာ ပြီးခဲ့တဲ့ နှစ် ၂၀ အတွင်း ဥရောပမှာ ၃၀ ရာခိုင်နှုန်းဝန်းကျင်အထိ တိုးလာတယ်လို့ အစီရင်ခံစာက ဖော်ပြပါတယ်။

ဒါရိုက်တာ ကာလိုဗျူန်တမ်ပိုက “၂၀၂၃ မှာ အလွန်အမင်းပြင်းထန်တဲ့ ရာသီဥတုဖြစ်စဉ်တွေ ဒဏ်ကို လူသိန်းချီ ခံစားခဲ့ရပါတယ်။ တိုက်ကြီးတွေအဆင့်အထိ အကြီးစားဆုံးရှုံးမှုတွေ ဖြစ်ပေါ်ခဲ့ပြီး အနည်းဆုံး ယူရိုဘီလီယံဆယ်ချီ ထိခိုက်မှုရှိခဲ့ပါတယ်။ စိတ်မကောင်းစရာက လာမယ့်နှစ်ကာလတွေမှာလည်း ဒီပမာဏက နည်းလာဖို့ ရှိမနေပါဘူး” လို့ ပြောပါတယ်။

အစိုးရတွေအနေနဲ့ ရာသီဥတုပြောင်းလဲလာမှုအတွက် ကျန်းမာရေးစောင့်ရှောက်မှုစနစ်တွေ ပြင်ဆင်ထားဖို့နဲ့ အဆောက်အအုံပြင်ပမှာ အလုပ်လုပ်ရတဲ့ အလုပ်သမားတွေ ပြင်းထန်အပူချိန် အန္တရာယ်က ကာကွယ်ဖို့ အီးယူ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး အေဂျင်စီက အစိုးရတွေကို ပြီးခဲ့တဲ့လက တိုက်တွန်းခဲ့ပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၃ ဟာ မှတ်တမ်းတင်သမျှ ကာလတလျှောက် ကမ္ဘာမှာ အပူဆုံးဖြစ်ခဲ့သလို ဒီနှစ်မှာလည်း အပူချိန်တွေဟာ ဆက်လက်မြင့်တက်နေဆဲဖြစ်ပါတယ်။  ဖန်လုံအိမ်ဓာတ်ငွေ့ ထုတ်လွှတ်မှုဟာ မနှစ်က စံချိန်တင်ပူနွေးမှုရဲ့ အဓိကအကြောင်းရင်း ဖြစ်တယ်လို့ အစီရင်ခံစာက ဖော်ပြပါတယ်။ အယ်လ်နီညို ရာသီဥတုပုံစံကလည်း အဓိကအခန်းကဏ္ဍက ပါဝင်ပါတယ်။

နေ့အပူချိန်တွေ တဖြည်းဖြည်း မြင့်တက်လာရာမှကနေ မိုးတိမ်တောင်တွေ ဖြစ်ထွန်းခြင်းကြောင့်လည်းကောင်း၊ လေပြင်း တိုက်ခတ်၊ မိုးကြိုးပစ်၊ လျှပ်စီးလက်၊ မိုးသီး ကြွေခြင်း မိုးထစ်ချုန်းရွာစတဲ့ မိုးလေဝသဖြစ်စဉ်တွေ ဖြစ်ပေါ် နိုင်လို့ ပြည်သူတွေ အထူးဂရုပြုနေထိုင်သွားကြဖို့  မိုးဇလဌာနက အသိပေးနှိုးဆော်ထားပါတယ်။

Source/Photo - Reuters

ဆက်စပ်သတင်း လင့်ခ်များ—

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024